* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, April 15, 2009

မိုးကုတ်ဆရာတော်ဘုရားကြီး-၁၃

သက်တော်ကား ၅၆-နှစ်အတွင်းသို့ပင် ၀င်လာချေပြီ။ ဆရာတော့် အနေနှင့် ကျန်းမာရေးအတွက် အစစအရာရာတွင် ဆင်ခြင်နေရသည်။ ညနေတိုင်း လမ်းလျှောက်ထွက်သည့် အလေ့ကိုလည်း မပြတ်ပြုတော်မူသည်။ ထိုသို့ သတိထား ဆင်ခြင်နေသည့်ကြားကပင် ၁၃၁၇-ခုနှစ်အစတွင် ဆရာတော့်၌ လေငန်းရောဂါစွဲကပ်ခဲ့သည်။ တရားပင်မဟောနိုင်သဖြင့် တရားပွဲများ ရပ်ထားရသည်။ ဆရာတော်၏ လေငန်းရောဂါအတွက် မန္တလေးမှ နာမည်ကျော် ဆရာဝန်များ လာရောက်ကုသပေးကြသည်၊ သို့သော် ဒကာဆရာဝန်များအနေနှင့် အမရပူရသို့ တကူးတက လာရောက်ကုသပေးရခြင်းဖြစ်ရာ ဆေးရုံတာဝန်တစ်ဖက်နှင့် အတော်ပင် ကသီလင်တ ဖြစ်ကြရသည်။ ထို့ကြောင့် မန္တလေး နန်းမြို့ရိုး တောင်ဘက် ရွှေလှံရပ်တွင် နေထိုင်သော ဦးချစ်ဆွေ-ဒေါ်မမတို့က ဆရာတော့်အား နေအိမ်သို့ပင့်ကြတော့သည်။ နေအိမ်အပေါ်ထပ်ကို ကျောင်းအဖြစ် သီတင်းသုံးဖို့ရန် လှူဒါန်းကြပြီး၊ ညအိပ်ချိန်တွင် ဆရာတော်ကြီးအတွက် ၀ိနည်းနှင့် မဆန့်ကျင်အောင် ဦးချစ်ဆွေ-ဒေါ်မမတို့က ခြံဝင်းဘေးတွင်ရှိသော ဂိုထောင်တန်းလျားများသို့ သွားရောက်အိပ်ပေးကြရှာသည်။ ဆရာတော်သည် ဒကာ-ဒကာမများ၏ အဖက်ဖက်က ဂရုတစိုက် ပြုစုပေးမှုတို့ကြောင့် လျင်မြန်စွာပင် ကျန်းမာလာခဲ့သည် (လပိုင်းမျှသာ ကြာမည်ဟု ယူဆပါသည်)။ ဆရာတော်ကြီးသည် အားအင်ပြည့်ဝလာသည်နှင့် တစ်ပြိုင်နက် မန္တလေးပရိတ်သတ်ကို တရားဟောပေးရန် ပြင်ဆင်တော့သည်၊ တရားဟောချိန်ကို အများစု လာရောက်နာယူနိုင်သော ည ၇-နာရီ မှ ၈-နာရီ ဟူ၍ သတ်မှတ်ပေးတော်မူသည်။ ဆရာတော့်တရားကို အရသာတွေ့သွားသော မန္တလေး တရားနာပရိတ်သတ်သည် အမရပူရ၊ မိုးကုတ်၊ ညောင်လေးပင် များတွင်ကဲ့သို့ မိမိတို့မန္တလေးကိုလည်း နောင်တွင် အချိန်တစ်ခုသတ်မှတ်၍ ဟောကြားပေးပါရန် လျှောက်ထားတောင်းပန်ကြတော့သည်။
*************************
ဒကာ-ဒကာမများ၏ လျှောက်ထားချက်အရ ဆရာတော်သည် သစ္စာတရားများ ဟောကြားပေးမည့် အချိန်ကာလကို အောက်ပါအတိုင်း ခွဲဝေသတ်မှတ်ပေးတော်မူသည်-
(က) မိုးတွင်း- ၀ါဆိုလပြည့်ကျော် ၁-ရက်နေ့မှစ၍ တန်ဆောင်မုန်းလပြည့်နေ့အထိ၊ အမရပူရတွင် ၄-လ။
(ခ) ဆောင်းတွင်း- တန်ဆောင်မုန်းလပြည့်ကျော် ၁-ရက်မှစ၍ တပေါင်းလပြည့်နေ့အထိ မန္တလေးတွင် ၄-လ။
(ဂ) နွေပိုင်း- တပေါင်းလပြည့်ကျော် ၁-ရက်မှစ၍ ၀ါဆိုလပြည့်နေ့အထိ မိုးကုတ်မြို့တွင် ၄-လ။
ဆရာတော်၏ နေ့စဉ်ဆောင်ရွက်နေပုံမှာ စက်နာရီတစ်လုံး အချိန်မှန်ကန် တိကျစွာ သွားနေသကဲ့သို့ ဖြစ်တော့သည်၊ နံနက်အာရုဏ်တက်ချိန်မှစ၍ ညအိပ်ချိန်အထိ သူ့အကွက်နှင့်သူ မှန်မှန်ဆောင်ရွက်တော်မူသည်။ နေ့စဉ်ပင် ညနေ ၄-နာရီထိုးသည်နှင့် ကျန်းမာရေးအတွက် လမ်းလျှောက်ထွက်တော့သည်၊ နောက်တော်က တစ်ယောက်စ၊နှစ်ယောက်စ လိုက်ပါလေ့ရှိလေသည်။ မိုးကုတ်မြို့တွင် ရှိစဉ် တစ်ခါတစ်ရံ မင်္ဂလာတိုက်မှ အထက်တောင်ကုန်းကို ကျော်ဖြတ်၍ ၂-မိုင်ခန့်ပင် လမ်းလျှောက်တော်မူတတ်ပါသည်။ ကျောင်းသို့ပြန်ရောက်ချိန်တိုင်း မိုးကုတ်တရားနာပရိတ်သတ်က အသင့်စောင့်မျှော်နေသည်သာဖြစ်၍၊ ခေတ္တ အမောဖြေပြီး တရားဟောရာသို့ ကြွရလေသည်။ တရားဟောရာတွင် အခက်အခဲများ ရှိသဖြင့် ဒကာဦးမြင့်-ဇနီး ဒေါ်သန်းသန်းတို့က မီးစက်ကြီးတစ်လုံးနှင့် အသံချဲ့စက်တစ်လုံး လှူဒါန်းကြသည်။
***********************
မိုးကုတ်ဆရာတော်ဘုရားကြီးသည် သက္ကရာဇ် ၁၃၁၇-ခု တပေါင်းလ (၁၉၅၆-ခု၊ မတ်လ)တွင် နောက်ဆုံးအကြိမ်အဖြစ် ညောင်လေးပင်သို့ တရားဟောကြွလေသည်။ ပြည်လုံးချမ်းသာစေတီရင်ပြင်တော်နှင့် မြို့မမီးသတ်ကွင်းထဲတွင် ၁၆-ရက်တိုင်တိုင် ၀ိပဿနာတရား၊ အလုပ်ခွင်တရားများချည်း ဟောပြတော်မူရာ ပရိတ်သတ်များ လွန်စွာ များပြားလှပါသည်။ ညောင်လေးပင်တွင် ဆရာတော်ကြီးတရားဟောခဲ့သည်မှာ စစ်မဖြစ်မီ နှစ်စဉ်ဆက်တိုက် ၉-ကြိမ်၊ စစ်ပြီးခေတ်တွင် ၂-ကြိမ် ဖြစ်သည်။ ဆရာတော်နှင့် ညောင်လေးပင် ပရိတ်သတ်မှာ လွန်စွာ သံယောဇဉ်ကြီးပါသည်၊ သို့သော် ညောင်လေးပင်တွင် ၁၁-ကြိမ်တိုင်အောင် ဆရာတော် တရားဟောပေးခဲ့သော်လည်း တရားအသံတော်များကို ဖမ်းယူထားခြင်းမရှိသည့်အတွက် နှမြောဖွယ်ကောင်းစွာ တရားတိပ်ခွေ တစ်ခွေမျှပင် မရလိုက်ကြပေ။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP