* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, April 15, 2009

နှစ်သစ်မှာ စိတ်ဓာတ်အသစ်ကို ပြုပြင်ပြောင်းပါ့မယ်

မွေးဖွားခြင်းဟူသည် ရုပ်နာမ်သင်္ခါရဓမ္မတို့၏ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ သေခြင်းဟူသည် အခိုက်အတံ့မျှဖြစ်သော သင်္ခါရဓမ္မတို့၏ အခိုက်အတံ့မျှ ချုပ်ပျောက်သွားခြင်းသာ ဖြစ်သည်။

ရုပ်နာမ်သဘာဝတစ်ခု ဖြစ်ပေါ်ခြင်း၌ ဖြစ်ပေါ်ပြီးသဘာဝတစ်ခုက ယင်း၏ အကြောင်းတရားအနေဖြင့် ဖြစ်ရ သကဲ့သို့ပင် ရုပ်နာမ်သဘာဝဓမ္မတို့၏ ထင်ရှားဖြစ်ပေါ်လာမှုသည် ရှေ့တွင် ယင်း(ရုပ်နာမ်သဘာဝဓမ္မ)၏ ပြန်လည်ဖြစ်ပေါ်မှုအတွက် အကြောင်းတရားဖြစ်သည်။[၁]

ဂဏန်းသင်္ချာဖြင့် ဥပမာပြလိုသည်။ (၁ - ၁) ၌ ၁ နှင့် ၁ အား ဆက်စပ်သည့်သဘောဖြင့် ပေါင်းစပ်ပေးလိုက်သော် (၁+၁) အဖြစ်ဖြင့် (၂) ရလာဒ် ထွက်လာသည်။ ထို့ကြောင့် ၁+၁=၂ ဟု ဆိုမည်။ ရှေ့(၁) နှင့် နောက်(၁) ကင်းလျင် နောက် (၂) ဖြစ်လာရန် အကြောင်းမရှိချေ။ သို့သော် ၂ သည် ရှေ့(၁)လည်း မဟုတ်၊ အလယ်ပေါင်းခြင်း(+)လည်းမဟုတ်၊ နောက်(၁)လည်း မဟုတ်ပေ။ ထို့ကြောင့် ၂ ဟာ ၁ + ၁ ပဲလို့ ဆိုလျင် ထိုအဆိုမှာ မှားနေပေသည်။ ၂ သည် ရှေ့(၁) နှင့် နောက် (၁) ၏ ဆက်စပ်ကျေးဇူးပြုခြင်းကို ခံရသော ရလာဒ်တန်ဖိုးတစ်ခုဖြစ်သည်။

ဤဥပမာ၌ ရှေ့(၁)သည် ရုပ်နာမ်ခန္ဓာ မွေးဖွားခြင်းကို ပမာပြုလိုသည်။ နောက်(၁)သည် သေခြင်းကို ပမာပြုလိုသည်။ (၂) သည် နောက်ထပ် ရုပ်နာမ်ခန္ဓာမွေးဖွားခြင်းနှင့် သေခြင်းတစ်စုံကို ပမာပြုလိုသည်။ အပေါ်ဥပမာအရ ရုပ်နာမ်ခန္ဓာ ဆက်စပ်နေမှု၌ နောက်ရုပ်နာမ်ခန္ဓာသည် ရှေ့ရုပ်နာမ်ခန္ဓာကင်း၍ ဖြစ်ခွင့်မရှိချေ။ သို့သော် ရှေ့ရုပ်နာမ်ခန္ဓာ (၁+၁) သည် နောက်ရုပ်နာမ်ခန္ဓာ(၂)လည်း မဟုတ်ပေ။ နောက်ရုပ်နာမ်ခန္ဓာ(၂)သည် ရှေ့ရုပ်နာမ်ခန္ဓာ(၁+၁)၏ ကျေးဇူးပြုခြင်းသတ္တိကြောင့်ဖြစ်ပေါ်လာသော ရုပ်နာမ်ခန္ဓာ ဖြစ်သည်။

ထို ရုပ်နာမ်ခန္ဓာ ကို မောင်မောင်ဟု ခေါ်ဆိုသမုတ်လျင် ရှေ့ရုပ်နာမ်ခန္ဓာ နှင့် နောက်ရုပ်နာမ်ခန္ဓာ ဆက်စပ်ဖြစ်သွားသည်ကိုပင်လျင် မောင်မောင်ဟု ”အပေါ်ယံမျက်စိ” ဖြင့် မြင်နိုင်သည်။ ”ဉာဏ်မျက်စိ”ဖြင့်ကြည့်လျင် ”ရုပ်နာမ်ခန္ဓာ၏ ပင်ကိုယ်သဘာဝကား ဖြစ်ခြင်းပျက်ခြင်းသဘာဝ” ၊ ” ဆက်စပ်၍ ဆက်တိုက်ဖြစ်နေခြင်းကား ရှေ့နောက် ကြောင်းကျိုးအားဖြင့် ကျေးဇူးပြုနေခြင်းသဘော ” သည်သာတည်း။

အပေါ်စာပိုဒ်ရှိ နောက်ရုပ်နာမ်ခန္ဓာ(၂)သည် ရှေ့ရုပ်နာမ်ခန္ဓာ(၁+၁)၏ ကျေးဇူးပြုခြင်းသတ္တိကြောင့်ဖြစ်ပေါ်လာသော

ရုပ်နာမ်ခန္ဓာ ဖြစ်သည်ဟု ဆိုရာ၌ ရုပ်နာမ်ခန္ဓာစဉ် ဆက်တိုက်ဖြစ်နေခြင်း၏ အဓိကလက်သည်မှာ ”ကျေးဇူးပြုခြင်းသတ္တိကြောင့်” ဖြစ်သည်။ ကျေးဇူးပြုခြင်းသတ္တိ ပိုင်ရှင်မှာ ကမ္မဟူသော တရားဖြစ်သည်။ ထို့ကြောင့် ထိုကျေးဇူးပြုခြင်းသတ္တိကို ကမ္မသတ္တိဟု ခေါ်သည်။ ထိုကမ္မသတ္တိသည် မပြောင်းလဲဘဲ ကိန်းသေသဘောဖြင့် တည်သောအရာမဟုတ်၊ အခြေအနေအလိုက် ပြောင်းလဲနေသော သတ္တိဓာတ်ဖြစ်သည်။ အဘယ်သို့သော အခြေအနေဟုဆိုလျင် စိတ် အခြေအနေအလိုက်ဟု ဆိုရမည်။ ထို့ကြောင့် ထိုသတ္တိ၏ အကြီးအမှူးသည် စိတ် ဖြစ်သည်။ အကြီးအမှူးဆိုရာ၌ စိတ်နှင့်ကံသည် သီခြားရပ်တည်နေသော တရားမဟုတ်ချေ။ မီးနှင့်အလင်း၏ ဖြစ်ခြင်းသဘောအရ အတူတကွဖြစ်ပေါ်ကျေးဇူးပြုနေသော တရားဖြစ်သည်။ စိတ်ဟူသော အကြီးအမှူးပေါ်လာလျင် အကြီးအမှူးကို စီစစ်ဝေဖန်ရတော့မည်။ စိတ်ဟူသော တရားသည်လည်း စေတသိက်ဟူသော တရားနှင့် ယှဉ်တွဲဖြစ်ရသော တရားဖြစ်သည်။ မြင်သာအောင် ပြောရလျင် ”စိတ်ဓာတ်” ဟူသော ဝေါဟာရကို ဆွဲထုတ်ပြလိုသည်။ စိတ်ကို စိတ်ဟု ပမာပြု ဆိုလိုသည်။ ဓာတ်ကို စေတသိက်ဟု ပမာပြု ဆိုလိုသည်။

စိတ်ဓာတ် ဟူသော ဝေါဟာရကို ဆွဲထုတ်ပြခြင်းမှာ စိတ်သည် ဓာတ်ပေါ်လိုက်၍ ပြောင်းလဲနေသည်။ ဓာတ်ကောင်းလျင် စိတ်ကောင်းသည်။ ဓာတ်ဆိုးလျင် စိတ်ဆိုးသည်။ ထို့ကြောင့် စိတ်သည်ပင်လျင် ဓာတ်၏ ချယ်လှယ်ခြင်းကို ခံရ၍ စိတ်နှင့်ဓာတ်တွင် ဓာတ်က အကြီးအမှူးသဖွယ် ရပ်တည်သည်။ ထို ဓာတ်ကို ကောင်းအောင် ပြုပြင်လျင် ဓာတ်ကောင်း၍ စိတ်ဓာတ်ကောင်းသွားမည်။ ထိုဓာတ်ကို ဆိုးအောင် ပြုပြင်လျင် ဓာတ်ဆိုး၍ စိတ်ဆိုး စိတ်ယုတ်ဖြစ်သွားမည်။ သူတို့မှ ဆက်စပ်၍ ကျေးဇူးပြုဖြစ်ပေါ်သွားရမည့် သဘောကို ပြဆိုရလျင် စိတ်ဆိုးစိတ်ယုတ်ဖြစ်လျင် ကံဆိုးကံယုတ်ဖြစ်သွားမည်။ ကံဆိုးကံယုတ်ဖြစ်လျင် ကျေးဇူးပြုခြင်းသတ္တိဆိုး(ယုတ်) ဖြစ်သွားမည်။ သို့ဖြစ်လျင် နောက်ရုပ်နာမ်ခန္ဓာသည် အဆိုးအယုတ်အားဖြင့် (ကမ္မဇရုပ်)သဏ္ဍာန်ပေါ်လာမည်။ ထို့ကြောင့် လှရာမှ ဆိုးခြင်း၊ လူ့သဏ္ဍာန်မှ ခွေးသဏ္ဍာန်ဖြစ်ခြင်းအားဖြင့် ပြောင်းသွားကြသည်သာတည်း။

ထိုသို့ ဓာတ်ပေါ်လိုက်၍ စိတ်ပြောင်းရခြင်း၌ ဓာတ်ကို မည်သို့ ကောင်းအောင်ပြုလုပ်ရမည်နည်း၊ မည်သို့အကြောင်းကြောင့် ဆိုးသွားရသနည်းဟု အမေးထွက်ပေါ်လာသည်။

အမေး၌ အဖြေကား ထိုဓာတ်သည် ဆက်ဆံရသော အာရုံပေါ်မူတည်၍ အကောင်း၊ အဆိုးအားဖြင့် ဖောက်ပြန်သည့် သဘောရှိသည်။ ဥပမာအားဖြင့် ပြရလျင် - သတ္တာဝါများ၏ ဘေးရန် အန္တာရယ်ကင်းလွတ်၍ ကိုယ်စိတ်နှလုံး ချမ်းသာခြင်းမြင်ကွင်းသည် ကောင်းသော မြင်ကွင်း၊ ကောင်းသော သဘော ဖြစ်သည့်အလျောက် ထိုမြင်ကွင်း၊ ထိုသဘောအား သတိရအောက်မေ့သောအခါ ကောင်းသော ဓမ္မာရုံ(အာရုံ)အဖြစ် ကျေးဇူးပြုသည်။ ထိုအာရုံနှင့်ဆက်ဆံသော ဓာတ်သည် အဒေါသဟု ဆိုသော ကောင်းသောဓာတ်ဖြစ်ပေါ်၍ ထိုဓာတ်နှင့် မေတ္တာစိတ် ဖြစ်သည်။ နောက်ဥပမာတစ်ခုမှာ - လှည့်စားခံရသည့် ကိစ္စတစ်ခုကို စဉ်းစားအောက်မေ့သည့်အခါတွင် လှည့်စားခံရသည့်ကိစ္စအကြောင်းအရာသည် မကောင်းသော အာရုံအားဖြင့် လှည့်စားခံရစဉ်၌ ကျေးဇူးပြုပြီးသားဖြစ်သည်။ အခုတစ်ခါ ခွင့်မလွှတ်နိုင်၍ မမေ့ပျောက်သောအားဖြင့် ထပ်မံပေါ်ခြင်း၌လည်း မကောင်းသော ဓမ္မာရုံ(အာရုံ)ကိုသာ ဖြစ်စေသည်။ ထို့ကြောင့် ထိုအာရုံနှင့် ဆက်ဆံသော ဓာတ်သည် ဒေါသဓာတ်ဟု ဆိုသော မကောင်းသောဓာတ်ဖြစ်ပေါ်၍ ထိုဓာတ်နှင့် ဒေါသစိတ် ဖြစ်သည်။

အထက်ပါ ဥပမာအရ ကောင်းသောအာရုံ- ကောင်းသောဓာတ်နှင့် မကောင်းသောအာရုံ- မကောင်းသောဓာတ် အားဖြင့် သဘာဝဓမ္မကိုက်ညီစွာဖြင့် ဖြစ်စဉ်သဘောအားဖြင့် ကျေးဇူးပြုလျက်ရှိသည်ကို တွေ့ရသည်။ ထပ်မံ၍ အနှစ်ချုပ် အနှစ်သာရအားဖြင့် ” ဖြစ်စဉ်သဘောအရ ဖြစ်ပေါ်ရခြင်း” နှင့် ” ဖြစ်စဉ်သဘောအရ မဖြစ်ပေါ်ရခြင်း ” ဟူသော နှစ်မျိုးကို ထပ်မံဆွဲထုတ်ပြလိုသည်။

ဖြစ်စဉ်သဘောအရ ဖြစ်ပေါ်ရခြင်းမှာ ဆက်ဆံရသော အာရုံ၏ သဘော သဘာဝကို စီစစ်ဝေဖန် ဆင်ခြင်သုံးသပ်မှု မရှိဘဲခံယူသောဓာတ်သည် ကောင်းသောအာရုံနှင့် ကောင်းသောဓာတ်ကို ဖြစ်စေ၍ ဆိုးသော အာရုံနှင့် ဆိုးသောဓာတ်ကို ဖြစ်စေ၏။ ထိုသို့ စီစစ်ဝေဖန်ဆင်ခြင်သုံးသပ်မှုမရှိသောဓာတ်ကို မောဟဓာတ်ဟု ခေါ်သည်။

ဖြစ်စဉ်သဘောအရ မဖြစ်ပေါ်ရခြင်းမှာ ဆက်ဆံရသော အာရုံ၏ သဘော သဘာဝကို စီစစ်ဝေဖန် ဆင်ခြင်သုံးသပ်မှုဖြင့် ခံယူသောဓာတ်သည် အာရုံ၏ ဖောက်ပြန်ပျက်စီးခြင်းသဘော သဘာဝအမှန်ကို အလေ့အထ၊ အလေ့အကျင့်အားဖြင့် ဟုတ်တိုင်းမှန်စွာသိ၍ ကောင်းသောအာရုံနှင့် ဆက်ဆံရလျင်လည်း ကောင်းသောစိတ်မဖြစ်၊ ဆိုးသောအာရုံနှင့် ဆက်ဆံရလျင်လည်း ဆိုးသောစိတ်မဖြစ်ဘဲ ဤသို့ နှစ်ဖက်အစွန်းမှလွတ်လျက် အလယ်အလတ်အားဖြင့် ရပ်တည်သည်။ ထိုသို့ စီစစ်ဝေဖန်ဆင်ခြင်သုံးသပ်မှုရှိသော ဓာတ်ကို အမောဟ ဓာတ်ဟု ခေါ်သည်။

ထိုသို့ခွဲခြားပြီးနောက် အနှစ်ထုတ်လိုသည်မှာ မောဟ ဟု ဆိုအပ်သော အဝိဇ္ဇာ တရား၏ အကျိုးပေးသတ္တိသည် သံသရာလည်ပတ်ခြင်းကို ကျေးဇူးပြု၍၊ အမောဟ ဟု ဆိုအပ်သော ဝိဇ္ဇာ တရား၏ အကျိုးပေးသတ္တိသည် အဝိဇ္ဇာကို ချေဖျက်ခြင်းအားဖြင့် ကျေးဇူးပြု၍ သံသရာအသွားပြတ်ခြင်းသို့ အကျိုးဖြစ်ပေါ်သည်မှာ ပဋိစ္စသမုပ္ပာဒ်ဒေသနာတော်အရ အထင်အရှားဖြစ်သည်။

ထို့ကြောင့် ပထမစာပိုဒ်၌ ပြဆိုခဲ့သော မွေးသေ သံသရာဆင်းရဲအား ဘေးဟု ရှုမြင်သောပုဂ္ဂိုလ်သည် မောဟ ဓာတ်အား မြတ်ဗုဒ္ဓဟောကြား မဇ္ဈိမပဋိပဒါဟုဆိုအပ်သော အလယ်အလတ်ကျင့်စဉ်(မဂ္ဂင်ရှစ်ပါးအကျင့်)ကို ဆောင်ယူ၍ အမောဟဓာတ်(ပညာဉာဏ်ဓာတ်)သို့ ပြုပြင်ပြောင်းလဲ၏။ မြတ်ဗုဒ္ဓသာသနာအလင်းကလေးနှင့် ကြုံတုံးအခိုက်ကလေးမှာ ဝဋ်သံသရာအမိုက်တွင်းက ရုံးရမှတော်မည်ဟု သံဝေဂဉာဏ်နှိုးဆောင်ပြု၍ နှစ်သစ်မှာ အကောင်းထဲက အကောင်းဆုံးသောဓာတ်သို့ မြတ်ဗုဒ္ဓအဆုံးအမဖြင့် ပြုပြင်ပြောင်းလဲ၍ စိတ်ဓာတ်ပြုပြင်ပြောင်းလိုက်ရင်ဖြင့် ဤလူ့ဘဝ အရတော်လေစွတကားဟု ဥဒါန်းကျူးရင့်နိုင်လေမည်။

နှစ်သစ်မှာ စိတ်ဓာတ်ပြုပြင်ပြောင်းလဲ၍ အနှစ်အားဖြင့်တည်နေသော ဆင်းရဲတရားများ ချုပ်ပျောက်၍ အသစ်အားဖြင့် မျက်မှောက်မပြုအပ်ရသေးသော ချမ်းသာသုခ တရားများပိုင်ဆိုင်နိုင်ကြပါစေ…ဟု နှစ်သစ်မှာ ဆုမွန်ကောင်းတောင်း၍ ဤစာဖြင့် စာဖတ်သူများအား လက်ဆောင်ပေးပါရစေ ခင်ဗျား…

လေးစားစွာဖြင့်

ဝင်းမြင့်

အကိုးအကားစာအုပ်

၁။ “ Buddhism in a Nutshell “by Ashin Narada Thera - အား အရှင် ကေလာသ မှ မြန်မာပြန်ဆိုသည့် ”ဗုဒ္ဓဓမ္မအနှစ်ချုပ်”။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP