* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, December 9, 2011

ဆောင်းပါးအမှတ်စဉ် (၁၁)

ဆောင်းပါးအမှတ်စဉ် (၁၁)

ပုထုဇဉ်များ နှင့် ဖြစ်နိုင်သော စိတ်များ

(၃) ဒွိဟိတ်ပုဂ္ဂိုလ်

သု၊ဒွိ ပုဂ္ဂလော စိတ်ရဟောကား၊ အသောဘန သုံးဆယ်မှလျှင်၊ ဟသိကြဉ်မှု၊ မဟာကုရှစ်၊ ၀ိပါက်စစ်တွေး၊ ဥာဝိပ်လေး၊ မှတ်ရေးလေးဆယ့်လေးပါးတည်း။

ဟေတုကို ဟိတ်ဟုမြန်မာတို့က ဘာသာပြန်ကြပေသည်။ဟေတုဟူသည် အကြောင်းဖြစ်ပေသည်။ထို အကြောင်းသည်ပင်မူလ(အရင်းအမြစ်)ဖြစ်ပေသည်။ အကြောင်းရှိမှ အကျိုးဖြစ်သည်။ အမြစ်ရှိမှ အ ပင်ပေါက်သည်။အကြောင်းဟူသည်စေတနာကံပင်ဖြစ်ပေသည်။စေတနာဟံ ဘိက္ခဝေ ကမ္မံ ၀ဒါမိ ဟုဟောတော်မူ ထားပေသည်။ ထိုကံကို ဗုဒ္ဓဘာသာက ယုံကြည်ရလေသည်။ဟေတုဟူသည် ၀စနာဝယ၀ ကိုဖေါ်ပြသောဟေတု၊ ကာရဏကိုဖေါ်ပြသောဟေတု၊ မူလကိုဖေါ်ပြသောဟေတုဟု အနက်သုံးမျိုး ရှိပေသည်။ ဤနေရာတွင် မူလ (အရင်းအမြစ်ကိုဟောလေသည်) အနည်းဆုံးအနေနှင့် ကမ္မဿကတာ သမ္မာဒိဋ္ဌိဥာဏ် ရှိရပေသည်။ ထိုဥာဏ်ရှိမှသာလျှင် အဟေတုကဒိဋ္ဌိ (အကြောင်းကံမဲ့ လူဖြစ်လာရခြင်း၊ ဖန် ဆင်းရှင်ဝါဒဖြစ်သည်။)၊အကိရိယဒိဋ္ဌိ (ပြုလုပ် သမျှအရာများနှင့်စေတနာများ၏ အကျိုးသက်ရောက် မှုကိုငြင်းဆိုခြင်း)၊ နတ္ထိကဒိဋ္ဌိ (ကျေးဇူးစား၊ကျေးဇူးခံမရှိခြင်း၊ မိဘ၊ ဆရာသမား၊ သားသမီးများ၏ အရေးပါ မှုကို အသိအမှတ်မပြုခြင်း) ဟူသော အယူမှားတို့မှလွတ်ပေမည်။

ဤနေရာတွင် မကောင်းမှုကို ပြုလုပ်ဆောင်ရွက်သော်လည်း ပြုလုပ်ဆောင်ရွက်သည်မမည်။ သူ့အသက်ကို သတ်သော်လည်း အပြစ်မရှိဟု ယူဆသူသည် (ကရောတော နကရီယတီတိ ပါပံ) ကံကိုငြင်းဆိုသူဖြစ်လေ သည်။ ပုရာဏကဿပ၏ ၀ါဒနှင့် တူလေသည်။ ယခုဘ၀သေပြီးသော်နောင်တမလွန်ဘ၀မရှိဟု ယူဆသူသည် (ကာယဿဘေဒါ ဥဇ္ဇိဿတိ) အကျိုးတရားကိုငြင်းဆိုသူ ဖြစ်လေသည်။ အဇိကေသကမ္ဗလ၏ ၀ါဒနှင့် တူလေသည်။ အမှန်ဆိုရလျှင်မူ ကံကို ငြင်းပယ်သူသည် အကျိုးကိုလည်း ငြင်းပယ်သူ ဖြစ်လေသည်။ အကျိုးကိုငြင်းပယ်သူသည်လည်း အကြောင်းကံကိုငြင်းပယ်သူသာဖြစ်လေသည်။ ထို့ကြောင့် ဤခေတ်ရှိဝါဒ များကို စိစစ်သော် အဟေတုက၊ အကိရိယနှင့်နတ္ထိက ဒိဋ္ဌိအယူတို့သို့ သက်ဝင်နိုင်ကြပေသည်။ ထိုသူတို့သည် မိမိဝါဒအပေါ် နေ့နေ့ညည သက်ဝင်မှု၊ နှစ်မြုပ်မှုကိုပြုပြီး ပြင်းပြင်းထန်ထန် အားစိုက်ကြလေမူ ပထမဇော၊ ဒုတိယဇော စသည်စောရာ အခါကာလတွင်မူ ပြဿနာမရှိနိုင်သော်လည်း သတ္တမဇော စောရာကာလတွင်မူ ဘုရားသည်ပင်ချေချွတ်၍ အကျွတ်တရား မရနိုင်သူများအဖြစ်သို့ရောက်ကြလေသည်။ တသ္မာ အကလျာ ဏဇနံ၊ အာသီဝိသ မိဝေါရဂံ၊ အာရကာ ပရိဝဇ္ဖေယျ၊ ဘူတိကာမော ၀ိစက္ခဏောဟု ထိုအယူရှိသူများကို ဆင်ခြင်သတိဖြင့် အဆိပ်ရှိသည့်မြွေဆိုးပမာရှောင်ကြဉ်ထိုက်သည်ဟု သီလက္ခန်အဋ္ဌကထာ၊ သာမ ညဖလ သုတ်အဖွင့် နှာ၊(၁၄၉) တွင် သတိပေးထားပေသည်။

ယေဓမ္မာဟေတုပ္ပဘ၀ါ ၊တေသံဟေတုံ တထာဂတော အာဟ၊တေသဉ္စယနိရောဓောဧ၀ံဝါဒီမဟာသမဏော ၊တရားဟူသမျှ အကြောင်းရှိသည်။ အကြောင်းသည် အကျိုးကိုဖြစ်စေသည်။ ထိုတရားနှစ်ပါး၏ ချုပ်ငြိမ်းရာ လည်းရှိပေသည်ဟု အရှင်သာရိပုတ္တရာလောင်းလျာ ဥပတိဿအား အရှင်အဿဇိ မထေရ်ငယ်ကဟောပြ ခဲ့ပေရာ အသိဥာဏ်ရှင်းလင်းပြီး လက်တွေ့ပင် တရားသိမြင်ခဲ့လေသည်။ ယင်းအဋ္ဌကထာ နှာ၊ (၂၅၅) တွင်မူ အကြောင်းတရားဟူသည် ခန္ဓာငါးပါးကို ဆိုလိုပြီး ဒုက္ခသစ္စာကို ရည်ညွှန်းသည်။ အကျိုးတရားဟူသည် ထိုခန္ဓာငါးပါးအပေါ်တွင် စွဲလမ်းသာယာ၊ တပ်မက်နေသော သမုဒယသစ္စာကို ဆိုလိုသည် ။တေသဉ္စ စသည်ဖြင့် နိရောဓသစ္စာကိုပြဆိုပေသည်။ မဂ္ဂသစ္စာကိုမူ တိုက်ရိုက်မဖေါ်ပြသော်လည်း နိရောဓကိုဆို သဖြင့်မဂ္ဂသစ္စာကို ဖေါ်ပြပြီးသားဟုပင် ဆိုရပေမည်ဟု ဆိုထားပေသည်။ တစ်နည်းလည်း တေသဉ္စစသဖြင့် နိရောဓနှင့် မဂ္ဂသစ္စာနှစ်မျိုးကိုပင် ယူပါဟုညွှန်းဆိုပြလေသည်။ ဤနေရာတွင်ဟေတုသည် (ကာရဏ အကြောင်းကို ဟောလေသည်)

ယနေ့ခေတ်တွင် မိုးကုတ်စက်ဝိုင်းဟူသည် အကြောင်းအကျိုးကို သိမြင်အောင် စနစ်တကျ ရှင်းပြသော တ ရားသင်တန်း၏ အထောက်အကူပြုဖေါ်မြူလာတစ်ခုဖြစ်ပေသည်။ စက်ဝိုင်းကို ပထမအဆင့်အနေဖြင့် နားလည်အောင်သင်ယူတတ်ရပေမည်။ ယင်းသည်တရားသိမြင်ခြင်းမဟုတ်၊သီအိုရီကိုနားလည်အောင်လေ့ လာခြင်းမျှသာဖြစ်ပေသည်။ ယင်းမှတစ်ဆင့်တက်ပြီး တစ်ဦးချင်း စီမှသည် မိသားစု၊ ရပ်ကွက်၊ မြို့နယ်၊ပြည် ရွာကမ္ဘာအထိ သာယာဝပြောစေရန် လက်တွေ့ ကျကျဆောင်ရွက်တတ်မှ သာလျှင် တရားဖြင့်ပြု မူသူတို့ဖြစ်ပေမည်။ဆေးညွှန်းဖတ်ရုံမျှဖြင့်ရောဂါ မပျောက်သည်ကို နားလည်ကြသူများပေမည်။ စက်ဝိုင်း ကြီးသည် ဆေးညွှန်းကောင်းသဖွယ် ဖြစ်ပေသည်။

ပဋ္ဌာန်းပါဠိတော်တွင်ဟေတုပစ္စယောတိဟေတူဟေတုသမ္ပယုတ္တကာနံ ဓမ္မာနံ ဟုဟောတော်မူထားသည်မှာ အကြောင်းတရားများ (ရေသောက်မြစ်များ) ကိုဖေါ်ပြလိုရင်းဖြစ်ပေသည်။ ဟိတ်သည်လောဘ၊ဒေါသ ၊မောဟဟူ၍ အကုသိုလ်ဘက်မှ သုံးမျိုးနှင့် အလောဘ၊ အဒေါသ၊ အမောဟဟူ၍ ကုသိုလ်ဘက်မှ သုံးမျိုး၊ ၀ိပါက်၊ကြိယာဘက်တွင်လည်း သုံးမျိုးစီရှိကြသည်။ အနှစ်ချုပ်လိုက်သော် ဟိတ်ခြောက်မျိုး ရှိပေသသည်။ သုံးမျိုးဖြစ်ပါက ယင်းကို ပါဠိဘာသာဖြင့် တိဟေတုက (တိဟိတ်) ဟုခေါ်ပေသည်။နှစ်ပါးဖြစ်ပါက ဒွိဟေတုက (ဒွိဟိတ်) ဟု ခေါ်ရသည်။ တစ်ပါးဖြစ်ပါက ဧကဟေတု (ဧကဟိတ်) ဟု ခေါ်ရပေသည်။

ဤနေရာတွင် ဒွိဟေုတက (ဒွိဟိတ်) အကြောင်းဖေါ်ပြရပေမည်။ ဤနေရာ၌ ဒွိဟိတ်ဟူသည် အကုသိုလ် ဘက်ကလောဘ၊ဒေါသဟူသော အကြောင်းတရားနှစ်ပါး ဒွိဟိတ်ကိုပြောလိုသည် မဟုတ်သလို ကုသိုလ်ဘက် ကလောဘ၊ဒေါသဟူသော အကြောင်းတရားနှစ်ပါး ဒွိဟိတ်ကိုပြောလို သည်လည်း မဟုတ်ပေ။ ဤနေရာ တွင်ဖေါ်ပြနေသည်မှာ ပဋိသန္ဓေနေသည်နှင့်စပ်ပြီး ပုဂ္ဂိုလ်များ အကြောင်းကိုဖေါ်ပြနေသဖြင့် မဟာဝိ ပါက်စိတ်ရှစ်ပါးမှ (အကုန်အစင်မဟုတ်) ဥာဏ၀ိပ္ပယုတ်စိတ်လေးပါးတွင်ရှိသော အလောဘ၊ အဒေါသ ဟူသောဟိတ်နှစ်ပါးကို ဒွိဟိတ်ဟုဆိုလိုပေသည်။ ဤစိတ်လေးပါးဖြင့် ပဋိသန္ဓေနေကြသူများကို ဒွိဟိတ် ဟုခေါ်ရပေသည်။ဤပုဂ္ဂိုလ်များသည်လည်း သုဂတိ အဟိတ် ပုဂ္ဂိုလ်များကဲ့သို့ပင် ဤဘ၀တွင် မဂ်ဖိုလ်နိဗ္ဗာန် မရနိုင်ကြပေ။ သု၊ဒွိပုဂ္ဂလော စိတ်ရဟောကား၊ အသောဘန သုံးဆယ်မှလျှင်၊ ဟသိကြဉ်မှု၊ မဟာကုရှစ်၊ ၀ိပါက်စစ်တွေး၊ဥာဝိပ်လေး၊ မှတ်ရေးလေးဆယ့်လေးပါးတည်း။ ဒွိဟိတ်ပုဂ္ဂိုလ်ဖြစ်နိုင်၊ ရနိုင်ခွင့် ရှိသော စိတ်များမှာ သုဂတိအဟိတ်ပုဂ္ဂိုလ်နှင့် အရေအတွက် အတူတူသာလျှင်ဖြစ်ပေသည်။ အရည်အချင်းမှာမူ ဒွိဟိတ်သည်ပဋိသန္ဓေတွင်းတွင် အပြစ်အနာအဆာမရှိမွေးဖွားလာသူပင်ဖြစ်သည်။ ခန္ဓာကိုယ် အစိတ်အပိုင်း ချို့တဲ့မှု မရှိသော်လည်း တရားထူးကို သိနိုင်သည့် ဥာဏ်ရည်မရှိသူဖြစ်ပေသည်။ ဥာဏ်ရည်ရှိသော်လည်း တရားမထိုင်သဖြင့်ဖြစ်စေ၊ထိုင်ရန်စိတ်မ၀င်စားသဖြင့်ဖြစ်စေ၊ ဘာသာမဲ့သူ၊ ဘာသာခြားသူဖြစ်နေသဖြင့် ဖြစ်စေအကြောင်းအမျိုးမျိုးကြောင့် တိဟိတ်ဖြစ်သော်လည်း တရားထူးမရသေးသူများကို ဒွိဟိတ်ဟု မခေါ် ရပေ။

ဤဘ၀တွင် တရာထူးမရနိုင်ဘဲ ကောင်းသောတရားများကို ဆောင်ရွက်နေသော ထိုဒွိဟိတ်တို့အတွက် အထူးမျှော်လင့်ချက်ရှိပါ သလောဟုမေးပါက ရှိသည်ဟုပင်ဖြေဆိုရပေမည်။ မစ္ဇျိမနိကာယ၊ ဥပရိပဏ္ဏာသ ၊သေ၀ိတာေ၀၀ိတဗ္ဗသုတ်အဖွင့်၊ နှာ၊(၆၈) တွင် အဘယ်သူတို့သည် ဘုရားတရားတော်ကို နားလည် ကြသနည်း၊ မည်သူများအနေနှင့်မူ ဘုရားစကားတော်ကို နားမလည်နိုင်သနည်း ဟုမေးခွန်း ထုတ်ထားပေ သည်။ ဤတွင်ဖြေဆိုပြသည်မှာကောင်းသည်ကိုဆောင်ရွက်နေသော်လည်း ဘုရားတရားတော်များကို မလေ့ လာ၊မလိုက်စား၊ မတွေးတတ်သူများ၊ (ဥာဏ်မမှီသူများ၊ ဒွိဟိတ်များလည်း ဤတွင်ပါဝင်သည်ဟု ဆိုလိုပေ သည်။) ကျင့်ကြံအားထုတ်မှုမပြုလုပ်သူများသည် မသိသူများဖြစ်သည်ဟု ဆိုထားပါသည်။ သိသူများကိုမူ တရားကိုလေ့လာသူ၊ ကျင့်ကြံ၍ သိတတ်သူများဖြစ်သည်ဟုဆိုထားပေသည်။ ထိုသူများတွင်နောင်တစ်ဖန် ပဋိသန္ဓေနေရဦးမည့် ထိုမသိသူများအနေဖြင့်လည်း (ဒွိဟိတ်လည်းပါဝင် သည်)ကောင်း သည်ကိုဆောင် ရွက်နေသည့်အတွက် ကောင်းကျိုးများကို ရနိုင်ပေသည်။ ကမ္ဘာပေါင်းတစ်သိန်းကျော်ပါက ထိုဒွိဟိတ်များ လည်းဒုက္ခကုန်ရာနိဗ္ဗာန်သို့ ရောက်နိုင်ပေသည်ဟု ရှင်းပြသည်ကို လေ့လာရပေသည်။

ဤနေရာတွင် ဒွိဟိတ်လား၊ တိဟိတ်လား အငြင်းပွါးတတ်ကြပေမည်။ တစ်ချို့ တိဟိတ်ပင် ဖြစ်သော်လည်း အကုသိုလ်တွေများနေသဖြင့် တိဟိတ်ဟုထင်စရာ မကောင်းပေ။ ဥပမာ အရှင်အင်္ဂုလိမာလဖြစ်ပေသည်။ တိဟိတ် (ပစ္ဆမဘ၀ိကသား)ဖြစ်သော်လည်း ဘုရားစကားတော်ကို အခိုက်အတန့်ကာလအကြား မသိမမြင်ဘဲ လူသတ်မှုတွေများနေသော (လူပေါင်း (၉၉၉) ဟုသင်္ချာဖြင့်ဆိုပေသည်။) အရှင်အင်္ဂုလိမာလ၏ ခန္ဓာကိုယ်သည်အဗျာဗဇ္ဈအတ္တဘာဝ မည်ပေသည်။ ၀ိပဿနာဖြင့် ကိလေသာကိုပယ်သတ်နိုင်သဖြင့် ဤ ဘ၀တွင်ပင် ရဟန္တာဖြစ်ခဲ့ရပေသည်။ အချို့တိဟိတ်ဟု ယူဆစရာဖြစ်သော တရားထူးမရသော ဒွိဟိတ် ပုဂ္ဂိုလ်များလည်းရှိပေသည်။ ဥပမာ ကောသလဘုရင်ဖြစ်ပေသည်။ ဤသို့ဆိုရခြင်းမှာ သူသည် ဘုရားရှင်နှင့် အနီးဆုံးလူသားဖြစ်သော်လည်း တရားထူးကိုရခဲ့သူ မဟုတ်ပေ။ ဘုရားတရားတော်များကို အကြိမ်များစွာ နာယူခဲ့သူဖြစ်ပေသည်။ အဘယ့်ကြောင်သူ့ကို ဒွိဟိတ်ဟု စွပ်စွဲရလေသနည်းဟုမေးသော် သူ့ကိုသူ၏မိဘု ရားခေါင်မလ္လိကာဒေ၀ီက အန္ဓဗာလဟု အသုံးရှိခြင်း၊ မန္ဒပညောဟူသော ဥာဏ်အလွန် ထိုင်းသူဟူသော စ ကားလုံးများကိုတွေ့ရခြင်း၊ အစားကျူးသဖြင့် သတိမေ့လွယ်သူဟူသော အသုံးများကိုတွေ့ရကြောင့် ဒွိဟိတ် ဟုဆိုလိုက်ရပေသည်။

အကိုးသာဓကများ

၁။ ဒီဃနိကာယ၊ သီလက္ခန်အဋ္ဌကထာ၊ သာမညဖလသုတ်

၂။ ခုဒ္ဒကနိကာယ၊ မဟာဝဂ္ဂပါဠိတော်၊ မဟာခန္ဓက၊

၃။ ခုဒ္ဒကနိကာယ၊ ပဋ္ဌာန်းပါဠိတော် နှင့် အဋ္ဌကထာ၊

၎။ မစ္ဇျိမနိကာယ၊ ဥပရိပဏ္ဏာသ၊ သေ၀ိတာေ၀၀ိတဗ္ဗသုတ်၊

ဒေါက်တာအရှင်နန္ဒက-တောင်ကိုရီးယားနိုင်ငံ

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP