* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, July 26, 2011

လူ့ဘဝကို စောကြောကြည့်သည့် ဂန္ထဝင် မေးခွန်းများ

ဂရိဒဿန သမိုင်းတွင် ဆိုကရေးတီး (၄၆၉ - ၃၉၉ ဘီစီ)က “စီစစ်မှု မရှိသော ဘဝသည် အချည်းနှီးသော အသက်ရှင်ခြင်းပင်” (The unexamined life is not worth living) ဟု ဆိုကာ ဘဝကို စီစစ်သင့်ကြောင်း အကြံပြု ဟောပြောခဲ့သည်။ ထို့ပြင် သူက “မိမိကိုယ်ကို သိအောင် လုပ်ပါ” (Know thyself ) ဟုလည်း တိုက်တွန်းခဲ့ပြန်သည်။

သို့သော် အရစ္စတိုတယ်လ်မှ စကာ ၁၉ ရာစု ကုန်လွန်ခါနီး အချိန် အထိ ပေါ်ထွန်းခဲ့သော ဒဿနဆရာ အားလုံးလိုလိုသည် လူ့အကြောင်း တွေးတော စဉ်းစားခြင်းမှ သွေဖည်ကာ စကြာဝဠာ အကြောင်း၊ သဘာဝ နိယာမ အကြောင်းကိုသာ အဓိကထား လေ့လာခဲ့ကြသည်။ ဆင်ခြင်ခဲ့ကြသည်။ တွေးတောခဲ့ကြသည်။ ဆိုဖီများနှင့် ဆိုကရေးတီးစ်တို့ မတိုင်မီ ခေတ်က ဒဿန ဆရာကြီးတို့၏ လမ်းစဉ်သို့ ပြန်ရောက်သွားသည်ဟု ဆိုနိုင်သည်။ ဘဝကို တွေးခေါ်ရာတွင် ဆိုဖီ ဆရာကြီးများမှာ အတ္တကို ရှေ့တန်းတင် တွေးခေါ်ကြသဖြင့် ဆိုကရေးတီးနှင့် အတွေးအခေါ် မတူကြစေကာမူ ဘဝကို အဓိကထား တွေးကြသည့် အချက်တော့ဖြင့် တူပါသည်။

သို့သော် (၂၀) ရာစု အလယ်ပိုင်းလောက်တွင်တော့ လူ့ဘဝ အကြောင်း တွေးခေါ်သူတွေ များလာပြန်သည်။ သူတို့၏ လူ့ဘဝနှင့် ပတ်သက်သည့် ပြောဆိုသံတွေက ပိုလို့ ပိုလို့ ညံလာသည်။ ၄င်းတို့ကို “ဖြစ်တည်မှု ပဓာန ဝါဒီ တွေးခေါ်ရှင်” များဟု ခေါ်ဆိုကြသည်။ ထို ဘဝဖြစ်တည်မှု ပဓာန ဝါဒီများတွင်လည်း နှစ်အုပ်စု ဖြစ်နေပြန်သည်။ တအုပ်စုက ထာဝရဘုရား (ဂေါ့ဒ်) ရှိသည်ကို လက်ခံသည့် အုပ်စု ဖြစ်ပြီး နောက်တအုပ်စုကတော့ ထာဝရဘုရား (ဂေါ့ဒ်) ရှိသည်ကို လက်မခံသည့် အုပ်စု ဖြစ်သည်။ ဘုရားရှိ ဖြစ်တည်မှု ပဓာနဝါဒီ အုပ်စုနှင့် ဘုရားမဲ့ ဖြစ်တည်မှု ပဓာနဝါဒီ အုပ်စုဟု ဆိုရမည်။ မည်သည့် အုပ်စုဝင် ဖြစ်စေ၊ ဤ အတွေးအခေါ် ပညာရှင်များသည် လူ့ဘဝ ဖြစ်တည်မှုကို အဓိကအားဖြင့် တွေးခေါ်ကြသည်။ ဆွေးနွေးကြသည်။ တင်ပြကြသည်။

တကယ်တော့ လူ့ဘဝနှင့် ပတ်သက်သည်တို့ကို သမိုင်း တလျှောက် (ကြိုကြား ကြိုကြား) တွေးခေါ်လာခဲ့ကြသည်ကတော့ အမှန်ပင်။ ထို့ကြောင့်လည်း လူ့ဘဝနှင့် ပတ်သက်သည့် ဂန္ထဝင် မေးခွန်းများ တင်ကျန်နေခဲ့ခြင်း ဖြစ်ပေမည်။ ယင်း ဂန္ထဝင်မြောက် မေးခွန်း အချို့မှာ အောက်ပါ အတိုင်း ဖြစ်သည်။

၁။ သတ္တဝါသည် သေဆုံးပြီးနောက် တည်ရှိပါသေးသလော။
၂။ သတ္တဝါသည် သေဆုံးပြီးနောက် မတည်ရှိတော့ပါသလော။
၃။ သတ္တဝါသည် သေဆုံးပြီးနောက် (တစ်ချိန်တည်းမှာပင်) တည်ရှိ၊ မတည်ရှိပါသလော။
၎။ သတ္တဝါသည် သေဆုံးပြီးနောက် (တစ်ချိန်တည်းမှာပင်) တည်ရှိသည်လည်း မဟုတ်၊ မတည်ရှိသည်လည်း မဟုတ်ပါသလော။

၎င်းအပြင် ဘဝနှင့် ပတ်သက်၍ အခြားသော မေးခွန်း နှစ်ခုကိုလည်း မေးတတ်ကြသေးသည်။ ယင်းတို့မှာ
၁။ ဘယ်က လာခဲ့ပါသနည်း။
၂။ ဘယ်ကို သွားနေပါသနည်း။

ဘဝ တည်ရှိမှုနှင့် ပတ်သက်သည့် ဤမေးခွန်းများကို ပိဋကတ်တော်တွင် တွေ့နိုင်သည်။ တကယ်တော့ အထက်ပါ မေးခွန်းများကို လူ့သမိုင်း တလျှောက်လုံး လိုလို စိတ်ဝင်စားစွာ မေးလာခဲ့ကြဟန်တူပါသည်။ ထို မေးခွန်းများနှင့် ပတ်သက်၍ စတီဗင် ဟော့ကင်းက သူ၏ “အချိန်၏ သမိုင်း အကျဉ်း” စာအုပ်တွင် “ကျွန်ုတို့ အဘယ့်ကြောင့် ဤ ကမ္ဘာလောကတွင် ရောက်ရှိနေကြပါသနည်း” ဆိုသည့် အချက်နှင့် “ကျွန်န်ုပ်တို့ ဘယ်က လာကြပါသနည်း” ဆိုသော မေးခွန်းများကို ယနေ့ သိချင်နေကြဆဲ ဖြစ်ကြောင်း ရေးသားထားသည်။

ကမ္ဘာ့ဘာသာကြီး လေးခု အနက် အစောဆုံး ပေါက်ပေါက်သည့် ဘာသာ ဖြစ်သည့် ဟိန္ဒူဘာသာကတော့ “ဘဝ တစ်ခုမှသည် တစ်ခုသို့ ကူးပြောင်းနေသည့် အတ္တ သို့မဟုတ် ဝိဉာဉ်မှ စတင် ပေါ်ထွက်လာသည့် လျှို့ဝှက်ပြီး ထူးခြားဆန်းပြားသည့် ပရမာတမ (Paramatma)မှ စတင်သည်ဟု ဘဝကို ခြေရာခံလိုက်သည်။ ခရစ်ယန်ဘာသာကလည်း ဘဝ၏ မူလအစကို လက်ခံကာ အရာရာသည် အနန္တ တန်ခိုးတော်ရှင် ထာဝရဘုရား သခင်မှ စတင်သည်။ ထာဝရ ဘုရားက ဖန်ဆင်းသည်ဟု ဆိုသည်။ အစ္စလမ် ဘာသာသည်လည်း အလ္လာအရှင်မြတ်က လူ အပါအဝင် အရာရာကို ဖန်ဆင်းသည်ဟု ဆိုသည်။

ထိုဘာသာကြီး သုံခု အလိုအရ လူသည် အနန္တ တန်းခိုးတော်ရှင်က ဖန်ဆင်းလိုက်သည့် အရာ တစ်မျိုး ဖြစ်ရကား လူ့ဘဝ၏ အစသည် ဖန်ဆင်းရှင် ဖြစ်သည်။ (ဤ ဖန်ဆင်းရှင် ဝါဒနှင့် ပတ်သက်၍ အနောက်တိုင်းတွင် အတော် ဝေဖန်လာကြသည့် အကြောင်းကို နောင် အလျှဉ်းသင့်လျှင် ရေးပါမည်။) လူသည် အပြဌာန်းခံ သတ္တဝါ တစ်မျိုး ဖြစ်သည်ဟု ဆိုရပါမည်။

ဗုဒ္ဓနှင့် ခေတ်ပြိုင် သို့မဟုတ် မရှေး မနှောင်း ပေါ်ပေါက်ခဲ့သည့် ဘာသာရေး ဆရာကြီးများကလည်း အမျိုးအမျိုး အဖုံဖုံ ဆိုကြပြန်သည်။ တစ်ချို့က “ဘဝ၏ မူလအစမှာ ကံကြမ္မာတရား ဖြစ်သည်။ ကံကြမ္မာတရားကြောင့် ဘဝဖြစ်လာသည်”ဟု ဆိုသည်။ တချို့သော ဘာသာရေး ဆရာကြီးများကတော့ အကြောင်းမရှိပဲ (သူ့အလိုလို) ဘဝ ဖြစ်ပေါ်လာသည်ဟု ဆိုပြန်သည်။ အချို့ဆရာကြီးများကမူ အနန္တ တန်ခိုးတော်ရှင် (မဟာ ဗြဟ္မာ)၏ ဖန်ဆင်းမှုကြောင့် လူဖြစ်လာရသည်ဟု မိန့်ကြပြန်သည်။ ဤ အယူအဆများကို ဒီကနိကာယ်၊ ဗြဟ္မဇာလသုတ်တော်တွင် တွေ့နိုင်သည်။

ကမ္ဘာ့ဘာသာကြီး လေးခုအနက် ဒုတိယမြောက် ပေါ်ပေါက်လာသည့် ဗုဒ္ဓဘာသာက ဘဝ၏ အစကို မည်သို့ ယူဆပါသနည်း ဆိုသည့် မေးခွန်းမှာ လွန်စွာ စိတ်ဝင်စားဖွယ် မေးခွန်းတစ်ခု ဖြစ်သည်။

ဆက်ပါဦးမည်။

ပုံကို http://www.daydaypaint.com/abstract-c-97.html မှ ယူပါသည်။

ဘုန်းဉာဏ်

0 comments:

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP