* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, June 26, 2011

မောဟ၏ သဘော (၂)...

မောဟသည် မသိမသာ ဒုက္ခပေးနေသည် ဟု ဆိုလျှင်လည်း မမှားနိုင်ချေ။ အဘယ်ကြောင့် ဆိုသော် မသိလို့ မသာ (သေခြင်း) ဖြစ်နေကြသည်မှာ ငြင်းနိုင်ဖွယ် မရှိ။ မသိခြင်းသည် မောဟ။ မသာ ဖြစ်ခြင်းသည် ဆင်းရဲဒုက္ခ။ တစ်နည်း ဆိုရသော် အ၀ိဇ္ဇာကြောင့် သံသရာမှာ မိမိတို့၏ အသွေးအသား ခန္ဓာအသုဘများ တောင်လို ပုံနေခဲ့ပေသည်။ ထိုကြောင့် မသိလျှင် မသာ ဖြစ်သည် ဆိုသည့် စကားသည် အမှန်တရားကို ထုတ်ဖော် ပြောကြားထားပေသည်။
သတိ မရှိသော သူသည် သေနေသောသူနှင့် တူပေသည်။ အထူး သတိထားဖို့ ကောင်းလေစွ။ သေခြင်းတရားကင်းရာ လွတ်မြောက်ရာ လမ်းကို မသိသေးသ၍၊ ကျင့်ကြံအားထုတ်မှု မရှိသေးသ၍ သေခြင်းနှင့် ရင်ဆိုင်နေရဦးမည်သာ။
မိမိ၏ စိတ်သန္တာန်တွင် မောဟ မ၀င်ရောက်လာ နိုင်စေရန် ပြုလုပ်ရမည့် နည်းလမ်းမှာ
သတိကို အားကောင်းအောင် ပြုလုပ်ခြင်းပင်ဖြစ်သည်။ သတိစိတ် ဖြစ်နေခိုက်တွင် မောဟစိတ် မဖြစ်ပေ။ သတိသည် အကုသိုလ်စိတ် မ၀င်ရောက်နိုင်အောင် တားဆီးပေးသည်။ ကာကွယ်ပေးသည်။
သို့အတွက်ကြောင့် ဗုဒ္ဓမြတ်စွာဘုရား ဟောကြားထားသည့် သတိပဋ္ဌာန်တရား လေးပါးဖြစ်သော ကာယာနုပဿနာ သတိပဋ္ဌာန်၊ ဝေဒနာနုပဿနာ သတိပဋ္ဌာန်၊ စိတ္တာနုပဿနာ သတိပဋ္ဌာန်၊ ဓမ္မာနုပဿနာ သတိပဋ္ဌာန် စသည့် တရားများသည် မောဟစိတ်ကို မဖြစ်စေရန် ကျင့်ကြံရမည့် နည်းလမ်းများ ဖြစ်သည်။ အချိန်တိုင်း သတိကပ်ထားနိုင်လျှင် မောဟစိတ်အတွက် နေရာလွတ် ရှိမည် မဟုတ်။ မောဟစိတ် အတွက် နေရာမရှိတော့လျှင် ကုသိုလ်စိတ်များသာ နေရာယူနိုင်ပေတော့မည်။
သံသရာ အစသည်လည်း မသိမှု မောဟ အ၀ိဇ္ဇာပင် စခဲ့ရသည်။ ထိုကြောင့် ဆရာတော်ကြီးများ မိန့်ကြားကြသည်မှာ -
သံသရာ ဘယ်ကစ၊ မသိတာက စ။
သံသရာ ဘယ်မှာဆုံး သိတစ်လုံးမှာ ဆုံး။
တရားအားထုတ်ကြရာတွင် သတိကို ခိုင်မြဲအောင် ကျင့်ကြံအားထုတ်ရပေသည်။ သတိသည် အလင်းရောင် ဖြစ်သည်။ သတိ အလင်းရောင် ရှိနေလျှင် မောဟ အမှောင် မ၀င်ရောက်နိုင်ပေ။ တရားအားထုတ်သူသည် နေ့အချိန်ဖြစ်ဖြစ်၊ ညအချိန်ဖြစ်ဖြစ် သတိအလင်းနှင့် ရှိနေသည်။ ညအချိန် အမှောင်ထုသည် လောကကြီးကို ကြီးစိုးထားသော်လည်း သတိနှင့် တရား အားထုတ်နေသော သူအတွက် သတိ အလင်းရောင်သည် အမြဲ ရှိနေသည်။ ထိုအလင်းရောင်သည် နိဗ္ဗာန်အတွက် လမ်းပြဖြစ်သည်။
ဗုဒ္ဓမြတ်စွာဘုရား ပရိနိဗ္ဗာန် မပြုခင် နောက်ဆုံး မိန့်မှာခဲ့သည်မှာ သတိတရားဖြင့် နေကြရန် ဖြစ်သည်။ ဗုဒ္ဓမြတ်စွာဘုရား၏ ကျေးဇူးတော်ကား ကြီးမားလှပါဘိ။
မောဟ၏ ဆန့်ကျင်ဘက်သည် အမောဟ ဖြစ်သည်။ အမောဟသည် ပညာဖြစ်သည်။ ထိုပညာသည် လောကီပညာရပ်များကို ဆိုလိုခြင်းမဟုတ်။ လောကုတ္တရာ ပညာကိုသာ ဆိုလိုခြင်းဖြစ်သည်။ ရုပ်နာမ် ဓမ္မ သင်္ခါရတို့ကို ပညာဖြင့် ပိုင်းခြား သိမြင်နေခြင်းဖြစ်သည်။ လောကီပညာသည် တစ်ဘ၀အတွက် အထောက်အကူ ရနိုင်သည်။ သို့သော် လောကုတ္တရာ ပညာကား သံသရာ တစ်လျှောက်လုံး အတွက် အထောက်အပံ့ ရရှိပြီး နိဗ္ဗာန်တိုင်အောင် ပို့ဆောင်ပေးနိုင်သည့် စွမ်းအားရှိသည်။
ယေဘုယျအားဖြင့် ပုထုဇဉ် လူအမျိုးစား နှစ်မျိုးကို တွေ့ရသည်။ အန္ဓပုထုဇဉ်နှင့် ကလျာဏ ပုထုဇဉ် ဟူ၍ ဖြစ်သည်။ အန္ဓပုထုဇဉ် ဆိုသည်မှာ ပညာမျက်စိ ကန်းနေသည့် ပုထုဇဉ်ကို ခေါ်သည်။ ပညာမျက်စိ ကန်းနေသော သူသည် အမှန်ကို မမြင်။ လောကကြီး၏ မာယာကို မမြင်။ ထိုပုထုဇဉ်သည် မောဟ အမှောင်တိုက်များ ကြီးစိုးနေ၍ အကုသိုလ်များကို အချိန်မရွေး ကျူးလွန်နေကြသူများ ဖြစ်သည်။
ကလျာဏပုထုဇဉ်သည် ပညာမျက်စိ ရှိနေသူ ဖြစ်သည်။ ထိုသူသည် အရိယာနယ်သို့ မရောက်သေးသော်လည်း ရောက်ရှိရန် အခွင့်အလမ်းများ တွေ့ရှိထားသူဖြစ်သည်။ မောဟ အမှောင်ထုကို သတိ ပညာဉာဏ်ဖြင့် အတော်အတန် ဖြိုခွင်းနိုင်သူများ ဖြစ်သည်။ အရိယာမဂ် လမ်းပေါ်ကိုလည်း ပညာက ဦးတည် ခေါ်ဆောင်နေသည်။
မောဟ ဦးဆောင်သော လမ်းသည် အပါယ်လမ်း ဖြစ်ပြီး အမောဟ ပညာ ဦးဆောင်သော လမ်းသည် နိဗ္ဗာန် လမ်း ဖြစ်သည်။ ဤလမ်း နှစ်သွယ်သည် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေသည်။ ထိုကြောင့် မောဟ၏ သဘော၊ သဘာဝများကို သိရှိထားလျှင် မိမိတို့ထံသို့ မောဟ မ၀င်ရောက်နိုင်အောင် တားဆီးထားနိုင်ပြီး ပညာဦးစီးသော ကုသိုလ်များကိုသာ ၀င်ရောက်ခွင့် ပေးနိုင်လာပေလိမ့်မည်။ ထိုသို့သာ ကျင့်ကြံပွားများ အားထုတ်လာနိုင်လျှင် အချိန်ပမာဏ တစ်ခု အတောအတွင်း တရားထူး၊ တရားမြတ်များကို ပိုင်ဆိုင်လာမည် ဟု ဆိုလျှင် မည်သူ ငြင်းနိုင်ပါအံ့နည်း……

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP