အာရှမှာ အောင်မြင်နေတဲ့ အွန်လိုင်း အဆင့်မြင့် ပညာရေး

အိန္ဒိယပင်လယ်ရှိ မောလ်ဒိုက်စ် ကျွန်းနိုင်ငံလေးက ကျွန်းသေးသေးတစ်ခုမှာ နေထိုင်တဲ့ အဒူလာ ရာစ်ဟိဒ် အာမဒ် အတွက် နိုင်ငံရပ်ခြား PhD ဒေါက်တာဘွဲ့ ရယူနိုင်ဖို့ဆိုတာ လွယ်ကူတဲ့
အခြေအနေမျိုး မဟုတ်ပါ။
အနီးဆုံး တက္ကသိုလ်ကို သွားဖို့ဆိုရင်တောင် သူ့ကျွန်းကနေ တစ်နာရီကျော် လေယာဉ်စီးသွားရမည်။ အဲဒီ တက္ကသိုလ်ကလည်း ကျောင်းအုပ် အာမဒ် လိုချင်တဲ့ ပညာရေး ဒေါက်တာဘွဲ့အတွက် နေစားစရိတ် ပညာသင်စရိတ် အစအစ သူ့ကို တာဝန်ယူမပေးနိုင်ပါ။
ဆရာ အာမဒ် က မလေးရှားကနေ ပညာရေး ဘွဲ့နဲ့ မာစတာဘွဲ့ ရရှိခဲ့သူ။ မိသားစုတာဝန် လုပ်ငန်းတာဝန်တွေ ရှိနေတဲ့ကြားက ဒေါက်တာဘွဲ့ကို လိုချင်တာ တပိုင်းသေနေသည်။ ဒီတော့ အိုးမကွာအိမ်မကွာ အလုပ်လုပ်ရင်း၊ ကွာလာလမ်ပူမြို့ အာရှ အီး-တက္ကသိုလ်တစ်ခုမှ အွန်လိုင်း ပို့ချမှုတွေကို သင်ယူဖို့ စာရင်းပေးခဲ့သည်။
မစ္စတာ အာမဒ်က “အလုပ်လုပ်နေတဲ့ သူတွေနဲ့ အွန်လိုင်းသင်ယူမှုဟာ အလွန့်ကို သင့်တော်ပါတယ်။ ဘယ်အချိန်၊ ဘယ်နေရာ၊ ဘယ်ဒေသကဖြစ်ဖြစ် လေ့လာနိုင်လို့ပါ” နယူးယော့ခ်တိုင်းမ် သတင်းထောက်ကို ပြောပြသည်။
ယခု ကမ္ဘာ့တက္ကသိုလ် အများစုက အွန်လိုင်း ပညာရေးကို အထူးပြု လုပ်လာကြသည်။ အာရှ တက္ကသိုလ်တွေကလည်း နာမည်ကြီး တက္ကသိုလ်များနှင့် ပူးပေါင်းပြီး အွန်လိုင်းပညာရေး ပို့ချလာကြသည်။ အင်တာနက် ဆက်သွယ်မှု အားကောင်းလာတာနဲ့အမျှ မစ္စတာ အာမဒ်လို ကျောင်းသားများအတွက် ပထ၀ီ နယ်နမိတ်က လိုချင်တဲ့ဘွဲ့ယူဖို့ အကန့်အသတ် မဖြစ်တော့။ အွန်လိုင်း ပညာရေးက ရေကြောမြေကြောကို ရှုံ့ပစ်လိုက်သည်။ လေ့လာစရာ သင်ခန်းစာတွေ၊ စာအုပ်တွေ တပုံတပင် အီးမေးလ်ကနေ ကျောင်းသားများ ရရှိနေကြသည်။ မိုးပေါ်က ပညာတွေကို လူတိုင်း ရယူဖို့ လွယ်လာသည်။
တစ်ကမ္ဘာလုံးရှိ နာမည်ကြီး တက္ကသိုလ်များက ယခု e-learning စနစ်ဖြင့် ထိုက်ထိုက်တန်တန် ဘွဲ့များ အပ်နှင်းလာသည်။ သင်ရိုးအတွက် စာအုပ်များ၊ အဆိုင်းမင့်များ၊ ပါမောက္ခများနဲ့ ဆွေးနွေးနိုင်မှုများ စီစဉ်ပေးနေသည်။
သို့သော် အွန်လိုင်းပညာရေးက ပုံမှန် တက္ကသိုလ်ပညာရေး နေရာ အစားထိုးနိုင်ဦးမည် မဟုတ်ဟုလည်း ပညာရေးကျွမ်းကျင်သူအချို့က သုံးသပ်ကြသည်။ အထူးသဖြင့် အင်တာနက် ၀န်ဆောင်မှု ညံ့ဖျင်းသည့် အာရှ ကျေးလက်ဒေသများမှ ကျောင်းသားများအတွက် အခက်အခဲ ရှိနေဦးမည်ဟု ဆိုသည်။ ၄င်းအပြင် အွန်လိုင်းဘွဲ့က တက္ကသိုလ်ပရ၀ဏ်မှာ ကျင်လည်ရတဲ့ ဘွဲ့နဲ့ ယှဉ်ပြိုင်ရဖို့ ရှိနေသည်။ အွန်လိုင်းကျောင်းသားတွေအပေါ် တက္ကသိုလ်များရဲ့ အရည်အချင်း အကဲဖြတ်မှု၊ အမှတ်ပေးမှုတွေမှာလည်း ပြဿနာတွေ ရှိနေသေးသည်ဟု ဆိုသည်။
ပသို့ဆိုစေ၊ မလေးရှား Wawasan Open University ကျောင်းအုပ်နဲ့ Asia Open Universities များရဲ့ ဥက္ကဌ ဝေါင် တတ်မန်းဂ် ကတော့ “ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာ တရုတ် အိန္ဒိယတို့မှာ အွန်လိုင်း အဆင့်မြင့် ပညာရေး တက်ရောက်သူ အရေအတွက် အရမ်းကို များလာပါတယ်။ အင်တာနက်ကြောင့် အဝေးသင် အွန်လိုင်းကို တက်သူ အရေအတွက် ခုန်တက်လာတယ်။ အထူးသဖြင့် တောင်ကိုရီးယား၊ ဂျပန်၊ ဟောင်ကောင်၊ စင်္ကာပူတို့မှာပါ” လို့ နယူးယော့ခ်တိုင်းမ်ကို ပြောသည်။
မစ္စတာ ဝေါင် က “တိုးတက်တဲ့ အာရှနိုင်ငံတွေထဲမှာ တောင်ကိုရီးယားက e-learning မှာ အအောင်မြင်ဆုံးနိုင်ငံ ဖြစ်နေပါတယ်။ တရုတ်မှာလည်း အွန်လိုင်း ကောလိပ် ၆၈ ခု ရှိပြီး ဘာသာရပ် ပေါင်းစုံ ပို့ချပေးနေပါတယ်။ အဲဒီနိုင်ငံတွေမှာ အွန်လိုင်းဘွဲ့ယူသူ များလာတဲ့ အကြောင်းက သူတို့ မြို့ကြီးတွေမှာ အင်တာနက် စပိ ကောင်းလာလို့ပါ” ပြောသည်။

“နောက် အလုပ်လုပ်နေတဲ့ လူငယ်တွေကလည်း တက္ကသိုလ်တွေ ပုံမှန်တက်ဖို့ဆိုတာ ခက်တယ်။ အစိုးရကလည်း တိုးများလာတဲ့ ကျောင်းသားတွေ အတွက် စာသင်ဆောင်နဲ့ အဆောက်အဦတွေ မြန်မြန်ဆောက်မပေးနိုင်ဘူး။ knowledge economy နဲ့လိုက်အောင် ဖြည့်ဆည်း မပေးနိုင်သေးဘူး။ ဒါကြောင့် အွန်လိုင်း ပညာရေး ၀ယ်လိုအား ကောင်းလာပြီး၊ သင်ကြားမှု အရည်အသွေးတွေ တက်လာတာပါ” ဟု ဆိုသည်။
အာရှသားများရဲ့ ပညာရေးငတ်မွတ်မှုကို အဆင့်မြင့်မြင့် ဖြည့်ဆည်းပေးနေသည့် တက္ကသိုလ်မှာ Asia e University ဖြစ်သည်။ ၄င်းကို အာရှ နိုင်ငံ ၃၁ နိုင်ငံစုပေါင်း ဖွဲ့စည်းပြီး အဆင့်မြင့် ပညာရေးကို ကျောင်းသား အရေအတွက်များစွာအား ပေးနိုင်ဖို့ ၂၀၀၈ ခုနှစ်တွင် ထူထောင်ထားခြင်း ဖြစ်သည်။
မလေးရှား အစိုးရက ငွေကြေးစိုက်ထုတ်ပြီး၊ တက္ကသိုလ်အဆောက်အဦကို ကွာလာလမ်ပူတွင် တည်ဆောက်ထားသည်။ ဘာသာရပ် အမျိုးမျိုးသင်ကြားလိုတဲ့ နိုင်ငံခြားတက္ကသိုလ်များ၊ အစိုးရ၊ ပုဂ္ဂလိကအဖွဲ့များစွာနှင့် ချိတ်ဆက်ပြီး ငွေကြေးအကူအညီ ရယူသည်။ တက္ကသိုလ်ရဲ့ ဆောင်ပုဒ်က “အာရှသားများအတွက် အာရှသားများကသာ” ဟူ၍။
(မောက္ခ ပညာရေးသတင်း)

0 comments:
Post a Comment