* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, February 15, 2011

In ခရေပန်းလိုလူတွေများပါစေ (၃) (သို့) Lost value and living value



လူတစ်ယောက်သေသွားရင် ဆုံးရှုံးမှုတစ်ခုဖြစ်ပါတယ်။ ဒီလိုဆုံးရှုံးမှုမျိုးဟာ အဆင့်လိုက် ရှိပါတယ်။ နံပါတ်(၁)အနေနဲ့ (Personal lost) ဆိုတဲ့ကိုယ်ပိုင်ဆုံးရှုံးမှု ဆိုတာပါပဲ။ လူတစ်ယောက်အနေနဲ့ ကိုယ်နဲ့သက်ဆိုင်တဲ့သူတစ်ယောက် သေဆုံးသွားခဲ့ရင် သက်ဆိုင်သူနဲ့ပါတ်သက်တဲ့သူသာ သူ့အတွက် ဆုံးရှုံးမှုတစ်ရပ် ဖြစ်ရပါတယ်။ ဥပမာ.. ကိုယ့်ချစ်တဲ့သူငယ်ချင်းတစ်ယောက် ဆုံးရှုံးသွားရင် ကိုယ့်အတွက်တော့ သူဟာ ကိုယ်ပိုင်ဆုံးရှုံးမှုတစ်ရပ်ပေါ့။ ကိုယ်ကသာမျက်ရည်ကျချင်ကျပေမယ့် တခြား သူနဲ့မဆိုင်တဲ့သူတွေ မသိတဲ့သူတွေကတော့ သူ့အတွက်ဘယ်လိုမှ မျက်ရည်မကျနိုင်ပါဘူး။ မျက်ရည်မကျ ကျအောင် ညှစ်ထုပ်ခိုင်းလည်း မျက်ရည်မကျနိုင်ပါဘူး။ ဘာလို့လည်းဆိုတော့ သူနဲ့မှမဆိုင် သူနဲ့မှမသိပဲကို..။ ဒီသူငယ်ချင်းရဲ့ ဆုံးရှုံးမှုဟာ ကိုယ်နဲ့သာသက်ဆိုင်ပြီး ကိုယ်နဲ့သူနဲ့ကြားမှာရှိခဲ့တဲ့ ကျေးဇူးတရားတွေ မေတ္တတရားတွေနဲ့အတူ သူငယ်ချင်းဆိုတဲ့သံယောဇဉ်တွေ ရှိခဲ့တဲ့အတွက် ကိုယ့်အနေနဲ့သာ ပူဆွေးသောကရောက်ရတာပါ။ ဒါကတော့ သက်ဆိုင်တဲ့သူတွေ တစ်ဦးတစ်ယောက်အနေနဲ့ ဆုံးရှုံးမှုဖြစ်တဲ့ (Personal lost) ဆိုတဲ့ ကိုယ်ပိုင်ဆုံးရှုံးမှု ဆိုတာပါပဲ။

နောက် နံပါတ်(၂)အနေနဲ့ကတော့ (Family lost) ဆိုတဲ့ မိသားစုတစ်ရပ်အတွက် ဆုံးရှုံးမှုပါ။ အိမ်တစ်အိမ်မှာ မိသားစုတစ်ယောက်ထဲက တစ်ယောက်ယောက်သေဆုံးသွားခဲ့ရင် မိသားစုတစ်ရပ်အနေနဲ့ ဆုံးရှုံးမှုတစ်ခု ဖြစ်ပါတယ်။ ကိုယ့်မိသားစုထဲကတစ်ယောက်ယောက်သေဆုံးသွားလို့ တခြားမိသားစုက ဘယ်သူမှ လာမငိုနိုင်ပါဘူး။ ကိုယ့်မိသားစုထဲကတစ်ယောက်သေဆုံးသွားရင် ကိုယ့်မိသားစုပဲ ငိုကြွေးကြပါတယ်။ ဒါဟာ ဘာလို့လည်းဆိုတော့ မိသားစုထဲကလူတွေဟာ ကိုယ့်မိသားစုကောင်းစားဖို့ဆိုပြီး ကိုယ့်မိသားစုကိုပဲ ပံ့ပိုးအကျိုးပြုခဲ့တဲ့အတွက် ကိုယ့်မိသားစုနဲ့သက်ဆိုင်တဲ့သူတွေဟာ မိသားစုရဲ့ဆုံးရှုံးမှုတစ်ရပ်အဖြစ် ငိုကြွေးကြပြီး ဆုံးရှုံးမှုဆိုတာကို အသိမှတ်ပြုကြမှာပါ။


နောက်တစ်ခုအနေနဲ့ကတော့ (Culture lost) ဆိုတဲ့ ယဉ်ကျေးမှုတစ်ရပ်ဆုံးရှုံးမှုပါ။ လူထုကချစ်တဲ့ ပြည်သူကချစ်တဲ့ အနုပညာရှင်တွေ ၀ါသနာရှင်တွေ ဆုံးရှုံးသွားရင် ယဉ်ကျေးမှုတစ်ရပ်ဆုံးရှုံးသွားတာနဲ့ တူပါတယ်။ ပြည်သူချစ်တဲ့ ရုပ်ရှင်သရုပ်ဆောင်တွေသေဆုံးသွားရင် သူ့ရဲ့အနုပညာကိုချစ်မြတ်နိုးတဲ့ ပြည်သူတွေအတွက်တော့ ဆုံးရှုံးမှုတစ်ရပ်ဖြစ်ရတာပါပဲ။ သူသာရှိသေးရင် ရုပ်ရှင်တွေကို ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်နေအုံးမှာ.. သူသာရှိသေးရင် သီချင်းတွေဆက်ရေးနေအုံးမှာ.. သူသာရှိသေးရင် စာအုပ်တွေဆက်ရေးနေအုံးမှာပဲဆိုတဲ့.. တမ်းတမှုတွေနဲ့ လူအများစုက သူတို့အတွက်တော့ ငိုကြွေးကြရမှာပါပဲ။ ဒါလည်း ယဉ်ကျေးမှုတစ်ရပ်အနေနဲ့ ဆုံးရှုံးမှုဖြစ်တဲ့အတွက် (Personal lost) တို့ (Family lost) တို့ထက်တော့ ပိုပြီး တန်ဖိုးရှိတဲ့ ဆုံးရှုံးမှုတစ်ရပ်ဖြစ်ပါတယ်။


ဒီဆုံးရှုံးမှုသုံးခုထက်ပိုပြီး မြင့်မြတ်တဲ့ဆုံးရှုံးမှုကတော့ (National lost) ဆိုတဲ့ အမျိုးသားတစ်ရပ်အနေနဲ့ နိုင်ငံတစ်ရပ်အနေနဲ့ ဆုံးရှုံးမှုပါ။ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက အိန္ဒိယနိုင်ငံရဲ့ မဟတ္တမဂန္ဓီရဲ့ဆုံးရှုံးမှုဟာ အိန္ဒိယနိုင်ငံအတွက်တော့ အမျိုးသားရေးတစ်ရပ် နိုင်ငံတစ်ရပ်အနေနဲ့ ဆုံးရှုံးမှုပါ။ အိန္ဒိယနိုင်ငံကလူတွေကလွဲပြီး တခြားနိုင်ငံကလူတွေအနေဖြင့် အသိမှတ်ပြုချင်မှ ၀မ်းနည်းချင်မှ ၀မ်းနည်းကြပါလိမ့်မယ်။ အိန္ဒိယနိုင်ငံမှာလိုပဲ ကျွန်တော်တို့နိုင်ငံရဲ့ လွတ်လပ်ရေးဖခင်ကြီးဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဆုံးရှုံးမှုဟာလည်း နိုင်ငံတစ်ရပ်အနေနဲ့ ဆုံးရှုံးမှုပါပဲ။ နိုင်ငံတစ်ရပ်အနေနဲ့ ဘာလို့ဆုံးရှုံးရလဲဆိုတော့.. နိုင်ငံအတွက် ကိုယ်ကျိုးစွန့်အနစ်နာခံပြီး သူ့ကျွန်ဘ၀ကလွတ်မြောက်အောင် လွတ်လပ်ရေးရအောင် စွမ်းဆောင်ပေးခဲ့တဲ့အတွက် သူ့ရဲ့ဆုံးရှုံးမှုဟာ နိုင်ငံတစ်ရပ်လုံးနဲ့ သက်ဆိုင်နေတာပါ။ ကိုယ့်အကျိုးကိုမကြည့်ပဲ အများအကျိုးကို စွမ်းစွမ်းတမံလုပ်ဆောင်ခဲ့တဲ့အတွက်.. သူသေဆုံးခဲ့တဲ့အခါမှာလည်း အများကလွမ်းဆွတ်တမ်းတနေရတာဟာ သဘာဝကျလှပါတယ်။ ဘာမှအမျိုးမတော် သွေးမတော်သားမစပ်ပဲ ငိုကျွေးရတာဟာ သူ့အကျိုးကို မကြည့်ဘဲ အများအကျိုးကိုကြည့်တဲ့ သူ့ရဲ့စိတ်ဓါတ်မြင့်မားမှုတွေကို တန်ဖိုးထားမှုတွေကြောင့်ပါပဲ..။


ဒီနေ့ဟာလည်း ဗိုလ်ချုပ်ရဲ့ မွေးနေ့ဖြစ်တဲ့ ဖေဖော်ဝါရီ(၁၄)ရက်နဲ့ တိုက်ဆိုင်နေတာမို့ ဗိုလ်ချုပ်ရဲ့ ဆုံးရှုံးမှုကို နိုင်ငံတစ်ရပ်အနေနဲ့ ဆုံးရှုံးမှုဖြစ်တယ်ဆိုတာကို ခံစားမိလို့ရပါတယ်။ ဗိုလ်ချုပ်ကို ကိုယ်တိုင်မတွေ့ဘူးခဲ့ပေမယ့်.. သူ့ရဲ့လုပ်ဆောင်ချက်တွေ သူ့ရဲ့စိတ်ထားတွေကတော့ သူသေဆုံးသွားခဲ့ပြီးတာတောင် ယနေ့တိုင် နာမည်ကတော့ ကျန်ရှိနေပါသေးတယ်။ ယနေ့တိုင်မဟုတ်ပါဘူး..။ မြန်မာဆိုတဲ့စကားလုံး ဗမာဆိုတဲ့သွေးရှိနေသ၍ ဗိုလ်ချုပ်ရဲ့နာမည်ဟာလည်း မြန်မာလူမျိုးတိုင်းရဲ့ နှလုံးသားထဲမှာ စွဲထင်နေအုံးမှာပါ..။ ဒါကတော့ အများအကျိုး နိုင်ငံအကျိုးကို ကိုယ်ကျိုးစွန့်အနစ်နဲ့ခံပြီး လုပ်ခဲ့တဲ့သူတွေရဲ့ ဆုံးရှုံးမှုဖြစ်တဲ့ (National lost) ဆိုတာပါပဲ။ နိုင်ငံတစ်ရပ်အနေဖြင့် လူမျိုးတစ်မျိုးအနေဖြင့် ဆုံးရှုံးတဲ့ ဆုံးရှုံးမှုပေါ့။


ဆုံးရှုံးမှုတွေအားလုံးရဲ့ အကြီးမားဆုံးသောဆုံးရှုံးမှုဆိုတာကတော့ (Universal lost) ဆိုတဲ့ စကြာဝဋ္ဌာတိုက်တစ်သောင်းမှာရှိတဲ့ သတ္တ၀ါအားလုံးအတွက် ဆုံးရှုံးမှုတစ်ရပ်ဖြစ်တဲ့ ဗုဒ္ဓမြတ်စွာဘုရားကို ဆုံးရှုံးရတဲ့ ဆုံးရှုံးမှုပါပဲ။ တကယ်လို့ သိဒ္ဓတ္ထမင်းသားဟာ ဘုရားမဖြစ်ခဲ့ဘူးဆိုရင် ယသောဓရာပိုင်ဖြစ်တဲ့ လင်ယောက်ျားတစ်ယောက် ဆုံးရှုံးမှုဖြစ်နိုင်သလို.. သုဒ္ဓေါနမင်းပိုင်ဖြစ်တဲ့အတွက် သားတစ်ယောက်ဆုံးရှုံး မှုသာဖြစ်နိုင်ပါတယ်။ ဒီလိုမှမဟုတ်ပဲ ဘုရင်ဖြစ်သွားမယ်ဆိုရင်တော့ သူ့နိုင်ငံကပိုင်တဲ့အတွက် နိုင်ငံတစ်ရပ်အနေနဲ့ ဆုံးရှုံးမှုတစ်ရပ်သာ ဖြစ်စေနိုင်ပါတယ်။ ဘုရားမဖြစ်ပဲ မိမိအရေး မိသားစုအရေး နိုင်ငံအရေးသားလုပ်နေမယ်ဆိုရင်ဖြင့် စကြာဝဋ္ဌာတိုက်တစ်သောင်းရဲ့ဆုံးရှုံးမှုတစ်ရပ်အဖြစ် ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။


ဒါပေမယ့် သတ္တ၀ါအားလုံးမှီခိုအားထားရာ ဘုရားရှင်ဖြစ်သွားခဲ့တဲ့အချိန်မှာတော့ ဘုရားရှင်ကိုယ်တော်မြတ်ကြီးဟာ သတ္တ၀ါအားလုံးပိုင်ဆိုင်တဲ့ ဘုရားရှင် ဖြစ်သွားပါပြီ။ သတ္တ၀ါတွေအားလုံးအတွက် (၄၅)၀ါပတ်လုံး အိုးအိမ်အတည်တကျမရှိပဲနဲ့ တရားရေအေးအမြိုက်ဆေးကို တိုက်ကျွေးပြီး ကိလေသာအပူမီးတွေကို ငြိမ်းပေးခဲ့အတွက် ဘုရားရှင်ကိုယ်တော်မြတ်ကြီးဟာ သတ္တ၀ါအားလုံးနဲ့သက်ဆိုင်တဲ့သူ ဖြစ်သွားတာပါ။ ဘုရားရှင်ကိုယ်တော်မြတ်ကြီးဟာ သတ္တ၀ါအားလုံးအပေါ်တွင် သားတော်ရာဟုလာအလား မေတ္တာတရားကို တပြေးညီထားပေးခဲ့ပြီး သတ္တ၀ါအားလုံးအတွက် ဥာဏ်မျက်စိအလင်းရောင်တွေကို ဖွင့်ပေးခဲ့သူပါ။ ကိုယ့်နိုင်ငံကိုယ့်လူမျိုးအတွက်မဟုတ်သလို ဗုဒ္ဓဘာဝင်လူဦးရေများဖို့ ဗုဒ္ဓ၀ါဒထွန်းကားဖို့ဆိုတဲ့ စိတ်တွေနဲ့မလုပ်ခဲ့ပဲ သတ္တ၀ါအားလုံး အေးချမ်းဖို့အရေးကိုသာ ရှေးရှုပြီး လုပ်ဆောင်ခဲ့အတွက်.. ဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့ဆုံးရှုံးမှုဟာ သတ္တ၀ါအားလုံးအတွက် ဆုံးရှုံးမှုဖြစ်တဲ့ (Universal lost) ဆိုတဲ့ စကြာဝဋ္ဌာတိုက်တစ်သောင်းရဲ့ ဆုံးရှုံးမှုတစ်ရပ်ပါပဲ။


လူသားတိုင်းလူသားတိုင်းအတွက်ဆုံးရှုံးမှုဟာ အထက်ဖော်ပြပါ ငါးချက်ထဲက တစ်ချက်ချက်မှာတော့ ပါဝင်နေမှာပါ။ အထက်ဖော်ပြပါငါးချက်ရဲ့ အစဉ်လိုက်ဆုံးရှုံးမှုတန်ဖိုးတွေဟာ အစဉ်လိုက်အနေဖြင့် တန်ဖိုးမြင့်မြတ်နေတာပါပဲ။ လူတစ်ယောက်ရဲ့ ဆုံးရှုံးမှုတန်ဖိုးဟာ ထိုလူနေထိုင်စဉ်အတွင်းမှာ အများအတွက် ဘယ်လိုအကျိုးများစေတဲ့အလုပ်တွေကို လုပ်ဆောင်သွားလဲဆိုတဲ့ တိုင်းတာမှုနဲ့ တိုင်းတာမှသာ နေထိုင်စဉ်တန်ဖိုးတွေဟာ သေဆုံးခဲ့သည်တိုင် တန်ဖိုးရှိနေမှာပါ။ ဒီလိုမှမဟုတ်ပဲ.. ကိုယ်က တစ်ဦးတစ်ယောက်ထဲ ကောင်းစားဖို့လုပ်ခဲ့မယ်ဆိုရင် ကိုယ်သေတဲ့အခါမှာ ကိုယ့်ရဲ့ဆုံးရှုံးမှုဟာ ကိုယ်နဲ့သက်ဆိုင်တဲ့သူတွေအတွက်ပဲ ဆုံးရှုံးမှုဖြစ်ပါလိမ့်မယ်။ ဒီလိုမှမဟုတ်ပဲ မိသားစုတစ်ရပ်အတွက် လုပ်ခဲ့မယ်ဆိုရင်တော့ မိသားစုတစ်ရပ်အတွက် ဆုံးရှုံးမှုမှတစ်ပါး အခြားမိသားစုတွေအတွက်တော့ မျက်ရည်မကျနိုင်ပါဘူး။ ဒီလိုမှမဟုတ်ပဲ ပြည်သူချစ်တဲ့ အနုပညာရှင် အတတ်ပညာရှင်တစ်ဦးဦးဖြစ်ခဲ့မယ်ဆိုရင်ဖြင့် ကိုယ့်ကိုချစ်တဲ့ပြည်သူတွေများရင်များသလို ဆုံးရှုံးမှု တန်ဖိုးထားမှုဟာလည်း အနည်းနဲ့အများတော့ ကွာသွားဦးမှာပါပဲ။ နောက်တစ်ခုအနေဖြင့် နိုင်ငံတစ်နိုင်ငံ လူမျိုးတစ်မျိုးအတွက် အကျိုးပြုလုပ်ငန်းတွေ လုပ်ခဲ့မယ်ဆိုရင်လည်း နိုင်ငံနဲ့လူမျိုးအတွက်တော့ ကိုယ့်ရဲ့ဆုံးရှုံးမှုဟာ နိုင်ငံတစ်နိုင်ငံ လူမျိုးတစ်မျိုးစာလောက်တော့ တန်ဖိုးထားမှုတွေဟာ မြင့်မြတ်နေမှာပါ။


နောက်ဆုံးအမြင့်မြတ်ဆုံး ဆုံးရှုံးမှုကတော့ သတ္တ၀ါအားလုံးအတွက် အကျိုးများစေတဲ့အလုပ်ကို စွမ်းစွမ်းတမံလုပ်ဆောင်ပေးသွားတဲ့ ဘုရားရှင် ကိုယ်တော်မြတ်ကြီးရဲ့ ဆုံးရှုံးမှုပါပဲ…။ ရှိနေစဉ်မှာလည်း အကျိုးတရားများကို တိုးပွားစေအောင် လုပ်ဆောင်သလို.. ဆုံးရှုံးသွားစဉ်မှာလည်း ရှိနေစဉ်ကကဲ့သို့ သတ္တ၀ါအားလုံးအတွက် အကျိုးစီးပွားကို ဖော်ဆောင်သွားတဲ့ ဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့ ဆုံးရှုံးမှုကတော့ (Lost value) နဲ့ (Living value) မှာအမြင့်မြတ်ဆုံး ဆုံးရှုံးမှု၊ တန်ဖိုးအရှိဆုံး ဆုံးရှုံးမှုတစ်ရပ် ဖြစ်ပါပေတယ်။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP