* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, February 15, 2011

ဆိုးတေခဲ့ပေမဲ့


ရှင်အရဟံနဲ့ အနော်ရထာ ဆရာဒကာလက်တွဲညီညီ သာသနာပြုပြီးတဲ့နောက်
သာသနာစည်ပင်ပြန့်ပွါးလာတယ်။
ပု၊ ပင်း၊ အင်း၊ တောင်၊ ညောင်၊ ကုန်းဘောင်လို့ခေါ်တဲ့
ပုဂံ၊ ပင်းယ၊ အင်းဝ၊ တောင်ငူ၊ ညောင်ရမ်း၊ ကုန်းဘောင်ခေတ်အဆက်ဆက် သာသနာဆက်လက်တည်တံ့လာတယ်။

သမိုင်းခေတ်တလျှောက် ဗုဒ္ဓသာသနာအတက်အကျရှိခဲ့ပေမဲ့လို့
ဆရာတော်သံဃာတော်အရှင်သူမြတ်တွေရဲ့ ကျေးဇူးကြောင့်
မြန်မာ့မြေပေါ်မှာ ဆက်လက်ရှင်သန်ခွင့်ရခဲ့တယ်။
ခေတ်အဆက်ဆက်မှာ ဆရာတော်သံဃာတော်အရှင်သူမြတ်တွေ
နည်းမျိုးစုံနဲ့ သာသနာတည်တန့်ခိုင်မြဲပြန့်ပွါးဘို့အရေး
ကြိုးပမ်းအားထုတ်ခဲ့တာကို လေ့လာသိရှိရတယ်။

အချို့ခေတ်က အချို့ဆရာတော်ကြီးများ ဗုဒ္ဓစာပေတွေကို
ကဗျာ၊ ရတု၊ တေးတပ်၊ ပျို့စတဲ့ ကိုယ်အားသန်တဲ့အရေးအသားမျိုးတွေရေးသားပြီး
ဗုဒ္ဓစာပေ ဗုဒ္ဓအဆုံးအမကို ထိန်းသိမ်းစောင့်ရှောက်ခဲ့တယ်။

အချို့ကြတော့ နိဿျလို့ခေါ်တဲ့ ပါဠိတစ်ပုဒ် မြန်မာတစ်ပုဒ် ဘာသာပြန်နည်းစနစ်နဲ့
ဗုဒ္ဓပါဠိစာပေတွေကိုရေးသားကာ ဗုဒ္ဓစာပေ ဗုဒ္ဓအဆုံးအမကို
ထိန်းသိမ်းစောင့်ရှောက်ခဲ့တယ်။

အချို့ဆရာတော်တွေက ဗုဒ္ဓပါဠိစာပေတွေကို
သာမန်အရပ်သားလူတန်းစားထဲကို ရောက်စေဖို့ သာမန်လူတန်းစားဖတ်နိုင်ဖို့
ရည်ရွယ်ချက်နဲ့ စကားပြေအရေးအသားတွေနဲ့ ရေးသားကာ
ဗုဒ္ဓစာပေ ဗုဒ္ဓအဆုံးအမကို ထိန်းသိမ်းစောင့်ရှောက်ခဲ့တယ်။

အချို့ဆရာတော်ကြီးများဆို ပါဠိဘာသာကျမ်းစာအုပ်ကြီးများ၊
ဋီကာကျမ်းများရေးသားကာ သာသနာပြုခဲ့ကြပါတယ်။
သာသနာကို ထိန်းသိမ်းစောင့်ရှောက်နိုင်ခဲ့ပါတယ်။

ဒီလိုနဲ့ ကုန်ဘောင်မင်းဆက်ထဲက မင်းတုန်းမင်းလက်ထက်ရောက်လာပါတယ်။
မင်းတုန်းမင်းဆိုတာက မန္တလေး ရတနာပုံမြို့သစ်ကို တည်ထောင်ခဲ့တဲ့မင်းပါ။
သူ တချို့ကိစ္စတွေမှာ ဆိုးတေခဲ့ပေမဲ့
သာသနာကိုတော့ အတော်ထောက်ပံ့ခဲ့ပါတယ်။

မြို့တော်သစ်မှာ ကောင်းမှုတော် လောကမာရဇိန်၊ ကျောက်တော်ကြီးဘုရား အတုမရှိကျောင်းတော်ကြီးတွေဟာ
(သူကြီးဘုရား ရွာသားကောင်းမှုလို့ပဲ ပြောပြော)
သူဦးစီးတည်ထားခဲ့တာတွေပါ။
ရန်ကုန်မြို့ရှိရွှေတိဂုံစေတီတော်ကြီးကိုတောင် သူ ထီးတော်အသစ် တင်လှုခဲ့ပါသေးတယ်။

ဒါ့အပြင် မင်းတုန်းမင်းကြီးဟာ
ပိဋကတ်သုံးပုံပါဠိတော်တို့ကို ပေထက်အက္ခရာတင်ခဲ့ပါတယ်။
ပေထက်အက္ခရာတင်တာနဲ့တင် အားမရပဲ
ပိဋကတ်တော်များ အရှည်တည်တံ့ရေးအတွက်
ပိဋကတ်တော်တွေကို ကျောက်ထက်အက္ခရာတင်ဘို့ ဆန္ဒရှိလာပြန်လို့
စကျင်တောင်မှ ကျောက်ပြားများကိုမှာယူပြီး
ကျောက်ထက်အက္ခရာတင်လုပ်ငန်းကို ဆောင်ရွက်ခဲ့ပါတယ်။

မင်းတုန်းမင်းလက်ထက် ပိဋကတ်ကျောက်စာမူကို
မန္တလေးတောင်ခြေရှိ ကုသိုလ်တော်ဘုရားအတွင်းမှာ လေ့လာနိုင်ပါတယ်။
အုတ်တံတိုင်းသုံးကန့် ကန့်ထားပြီး ၀ိနည်း၊ သုတ္တန်၊ အဘိဓမ္မာဆိုတဲ့ပိဋကတ်သုံးပုံကို
သူ့အကန့်နဲ့သူ စနစ်တကျ ထားရှိထားခဲ့တဲ့ မင်းတုန်းမင်းရဲ့ စီမံမှုကို
မချီးကျူးလို့ မဖြစ်ပါဘူး။
ပိဋကတ်တော်တို့ကို ကျောက်စာအဖြစ်မှတ်တမ်းတင်ရာမှာ
၁။ ၀ိနည်းငါးကျမ်းပါဠိတော် (၁၁၁) ချပ်
၂။ အဘိဓမ္မာပါဠိတော် (၂၀၈) ချပ်
၃။ သုတ္တန်ပါဠိတော် (၄၁၀) ချပ်
စုစုပေါင်းကျောက်ချပ်ရေ (၇၂၉) ချပ်ရှိပါတယ်။

မင်းတုန်းမင်းကြီးဟာ ရှေးရှေးသောမင်းများဖြစ်တဲ့
အဇာတသတ်၊ ကာလာသောက၊ သီရိဓမ္မာသောက၊ ၀ဋ္ဓဂါမဏိမင်းတို့လို
ပိဋကတ်တော်ကို နှုတ်ဖြင့်ရွတ်ဆိုသော
သံဂါယနာတင်ပွဲ ပြုလုပ်လိုသောဆန္ဒ ဖြစ်ပေါ်လာပြန်ပါတယ်။

ဒါ့ကြောင့် မြန်မာသက္ကရာဇ် ၁၂၃၃၊ သာသနာနှစ် ၂၄၁၅၊ ခရစ်နှစ် ၁၈၇၁ မှာ
မင်းတုန်းမင်း အုပ်စိုးစဉ် ပဉ္စမသံဂါယနာတင်ပွဲကို ကျင်းပဖြစ်ခဲ့ပါတယ်။
ဒီသံဂါယနာတင်ပွဲမှာ ပိဋကတ်တော်များကို နှုတ်ဖြင့် ရွတ်ဆိုကြရာ
၅-လနှင့် ၃-ရက်ကြာမှ ပြီးမြောက်ခဲ့တယ်လို့ မှတ်တမ်းများက ဆိုပါတယ်။

photo: http://kokomaunguk.blogspot.com/2010_03_01_archive.html


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP