*ဆရာအောင်သင်း၏ အတွေးစကားများ*
2/23/2011
တောသားလေး , Posted in လူငယ်ဆိုင်ရာ ,
0 Comments
ကျွန်တော် ဒီပိုစ်လေးကို ဆရာအောင်သင်း၏ အတွေးစကားများ စာအုပ်မှ ကောက်နုက်ပြီး ပြန်လည် ဖော်ပြလိုက်ခြင်း ဖြစ်ပါတယ်။ အားလုံးသော လူငယ် လူရွယ်များအတွက် အသုံးဝင်လိမ့်မယ်လို့ ထင်ပါတယ်။
အိမ်ထောင်ပြုခြင်း
ယောင်္ကျားတစ်ယောက် အိမ်ထောင်ပြုလိုက်ခြင်းဟာ လုပ်ဆောင်ဖွယ် ကိစ္စတော်တော်များများထဲက အရေးကြီးတဲ့ ကိစ္စတစ်ခုကို ပြုလိုက်တာပဲ။
(မြန်မာတို့ရဲ့ လူ့အဖွဲ့အစည်း ပြဠာန်းချက်အရ) မိန်းမတစ်ယောက် အိမ်ထောင်ပြုလိုက်တာဟာ အရေးကြီးဆုံး ကိစ္စတစ်ခုကို ဆောင်ရွက်လိုက်ရတာ ဖြစ်နေတယ်။
သင့်ဘ၀၊ ဇန်န၀ါရီ၊ ၉၄
အသိပညာနှင့် ထိန်းကွပ်သောအလှ
မိန်းခလေးတစ်ယောက်ဟာ မွေးသည်ကစပြီး သေသည်အထိ သုံးစွဲသွားနိုင်တာဟာ ရုပ်ရည်မဟုတ်ဘူး။
အသိပညာသာလျှင် ဖြစ်တယ်ဆိုတာကိုလည်း သိတယ်။
လှပတဲ့ ရုပ်ရည်ကို ပညာနဲ့ကွပ်ပေးလိုက်တဲ့အခါမှာ အလှဟာပိုပြီး တောက်ပြောင် လာတယ်ဆိုတာကိုလည်း သိတယ်။
ဒါကြောင့် အပေါင်းအသင်း ပတ်ဝန်းကျင်ကစပြီး သတိကြီးစွာနဲ့ ဆင်ခြင်နေထိုင်တယ်။
အဲဒီမိန်းခလေးမျိုးဟာ ရှားတာတော့ အမှန်ပဲ။
ချစ်ခြင်းခံရတာကတော့ အဲဒီမိန်းခလေးမျိုးတွေသာလျှင် ဖြစ်ပါတယ်။
မျိုးဆက်သစ်
အချစ်ကို အချိုသတ်ထားပါ
ပညာသင်နေတဲ့အခါမှာ အိမ်ထောင်ကျမသွားအောင်
အချစ်ကို အချိုသတ်ထားပါ။
အမွေ
ရည်းစားနဲ့ထဘီ
(နင်တို့မိန်းကလေးတွေဟာ) တစ်သက်လုံးပေါင်းရမယ့် လင်လောင်းလျာ ရည်းစားထားတာကျတော့ ထဘီရွေးသလောက်မှ အပင်ပန်းခံပြီး ရွေးပါရဲ့လားလို့ အောက်မေ့မိတယ်။
ထဘီကျတော့ ကိုယ်နဲ့လိုက်ရဲ့လား၊ အိမ်မှာရှိတဲ့ အင်္ကျီတွေ၊ လက်ကိုင်အိတ်တွေနဲ့ လိုက်ပါ့မလားဆိုတာ စဉ်းစားကြတယ်။
ရည်းစားထားလိုက်တော့ ငါ့စိတ်နေစရိုက်နဲ့ သင့်ပါ့မလား၊ ငါ့မိဘဆွေမျိုးဝန်းကျင်နဲ့ သူနဲ့ အဆင်ပြေပါ့မလား ဆိုတာမျိုး စဉ်းစားကြပါရဲ့လားလို့ တွေးမိတယ်။
ထဘီသင်ခန်းစာ
(တစ်ခါတုန်းကတပည့်တွေ) ရုပ်ရှင်ကြေးမုံ
မိခင်တွေ အသိပညာမြင့်မှ
နပိုလီယန်နှင့် မဒမ်ကင်ပန်ဆိုသော အမျိုးသမီးကြီးတို့၏ အမေးအဖြေကို သွားပြီး သတိရလိုက်မိသည်။
“ပြင်သစ်လူငယ်တွေကို မြှင့်တင်ဖို့ အလိုအပ်ဆုံးဟာ ဘာဖြစ်မယ်ထင်ပါသလဲ”
“မိခင်ကောင်းတွေပါပဲရှင်”
“အောင်မလေး၊ စကားတစ်လုံးတည်းနဲ့ စနစ်ကြီးတစ်ခုပြီး သွားတာပါပဲလား ကရို့”
မှန်ပါသည်။ မိခင်တွေ (အမျိုးသမီးတွေ) အသိပညာမြင့်မလာဘဲ မျိုးဆက်သစ်လူငယ်တွေ မြင့်မလာနိုင်ပါ။
သို့မှသာ “အမေ့သားကောင်းများ” မြောက်မြားစွာ ပေါ်ထွက်လာမည်ဟု ကျွန်တော် ယုံကြည်ပါသည်။
အမေ့သား
မိမိကိုယ်သာ ကိုးကွယ်ရာ
လူငယ်ဘ၀တွင်ဖြစ်စေ၊
လူကြီးဘ၀ရောက်သောအခါတွင်ဖြစ်စေ၊
မိသားစုတစ်ခု အနေဖြင့် ဖြစ်စေ၊
နိုင်ငံတစ်နိုင်ငံ အနေဖြင့် ဖြစ်စေ၊
နိဗ္ဗာန်မဂ်ဖိုလ် ရရာရကြောင်း၌ ဖြစ်စေ၊
“မိမိကိုယ်သာ ကိုးကွယ်ရာ” ဟု သေသေချချာ နှလုံးပိုက်ရတော့မည်ဖြစ်ပါသည်။
စာစီစာကုံး
ကြီးပွားမှုနှင့် ဗေဒင်
ကိုယ်ဖတ်ဖူးတဲ့ အတ္တုပ္ပတ္တိတွေကို မှတ်မိသလောက်ပြန်ပြီး စဉ်းစားကြည့်လိုက်တော့ ဗေဒင်လက္ခဏာက ဟောလိုက်တဲ့ အတိုင်းဆောင်ရွက်လို့ ကြီးပွားလာခဲ့ရတယ်ဆိုတာမျိုး တစ်ခါမျှ မတွေ့ဖူးပါဘူး။ စိတ်ဆန္ဒပြင်းပြလွန်းလို့ အောင်မြင်ကြီးပွားသွားတယ်ဆိုတာမျိုးကိုပဲ တွေ့ရတတ်လေ့ရှိပါတယ်။
ဗေဒင်နှင့် ဘ၀ရည်မှန်းချက်
သင့်ဘ၀၊ ဇူလိုင်၊ ၉၄
သိသူမသိသူ
၁။ အကြင်သူသည် မသိ။ မိမိမသိကြောင်းကိုလည်း မသိ။ ထိုသူကား လူမိုက်တည်း။ ရှောင်ပါ။
၂။ အကြင်သူသည် မသိ။ မိမိမသိကြောင်းကိုကား သိ၏။ ထိုသူကား လူရိုးတည်း။ ကူညီလိုက်ပါ။
၃။ အကြင်သူသည် သိ၏။ မိမိသိကြောင်းကိုကား မသိ။ ထိုသူကား အိပ်ပျော်နေသူတည်း။ နှိုးလိုက်ပါ။
၎။ အကြင်သူသည် သိ၏။ မိမိသိကြောင်းကိုလည်း သိ၏။ ထိုသူကား ပညာရှိတည်း။ ဆည်းကပ်ပါ။
(တရုတ်စကားပုံ)
အမွေ
စာဖတ် ၀ါသနာ
စာဖတ်ဝါသနာကို ပျိုးထောင်လိုက်မိခြင်းသည် လူငယ်တစ်ယောက်၏ ဘ၀ကို တိုးတက် သွားစေနိုင်သည်သာမက ပျက်စီးခြင်းဘေးမှလည်း ကာကွယ်လိုက်နိုင်ပါသည်။
စာစီစာကုံး
အလိုလို ကုသိုလ်ရနေသူများ
သီးခြား အထူးကုသိုလ်ပြုနေစရာ မလိုဘဲ မိမိဝတ္တရားကို (ကောင်းမွန်စွာ) ဆောင်ရွက် လုပ်ကိုင်နေရုံနှင့် ကုသိုလ်ရနေသူ သုံးဦးရှိသည်တဲ့။ ထိုသူများကတော့ ရဟန်းတော်၊ ပြည့်ရှင်မင်းနှင့် အိမ်ရှင်မ (ဇနီး) တို့ဖြစ်ကြသည်။
စောင့်စည်းမှု
သင့်ဘ၀၊ ဇွန်၊ ၉၅
တက္ကသိုလ် ဆိုတာ
တက္ကသိုလ်ဆိုတာ စာတင် သင်တာမဟုတ်ဘူး၊ စဉ်းစားနည်းကို ပဓာနထားပြီးသင်တာ၊ စာသာတက်ပြီး စဉ်းစားနည်ကို မတတ်ခဲ့ရင် ဘာဘွဲ့ကြီးကိုပဲ ရနေနေ အဓိပ္ပာယ်မရှိဘူး။ စဉ်းစားနည်းကိုသာရခဲ့ရင် ဘယ်ဘာသာယူပြီး ဘာဘွဲ့ကိုပဲရရ အဓိပ္ပာယ်ရှိတယ်။ သူများဖြစ်ရင် (တစ်ခါတုန်းက တပည့်တွေ) ကိုယ်ပိုင် ဥာဏ်ဖံြွ့ဖိုးမှု၊ ကိုယ်ပိုင်ဆင်ခြင်ဥာဏ် ဖံြွ့ဖိုးအောင် ကြိုးပမ်းခြင်းမှာ ပညာရေးတကာတို့၏ ဦးတည်ချက် ဖြစ်ပါသည်။ ထိုဥာဏ်မျိုးကိုမပေးနိုင်လျှင် ဟိုလူပြောဟုတ်နိုး၊ ဒီလူပြောဟုတ်နိုး စကားလုံးပြောင်တာကို အကောင်းထင်၊ အလင်္ကာကို အဟုတ်မှတ်၊ ဆင်ခြင်မှုကင်းမဲ့ပြီး တစ်မျိုးသားလုံး အောက်တန်းကျ သွားနိုင်သည်။
ဝေဖန် ချင့်ချိန်၍
ပေဖူးလွှာ၊ မေ။
သူရသတ္တိရှင်
ရှေးခေတ်ကဆိုရင် “ယောင်္ကျားဖောင်စီး၊ မိန်းမ မီးနေ” တဲ့။ မျိုးဆက်သစ် အသက်ကလေး တစ်ချောင်းကို မျိုးဆက်ဟောင်း မိခင်က အသက်စွန့်ပြီး မွေးလိုက်ရတာလို့ဆိုသင့်တယ်။ မိခင်တစ်ယောက်ရဲ့ တခြားကျေးဇူးတွေကို ဘေးဖယ်ထားလိုက်ဦး ။ ကလေးမွေးဝံ့တဲ့ “သူရသတ္တိရှင်” တစ်ဦးအဖြစ်လောက်နဲ့ကိုပဲ ဘယ်လောက် အံ့သြကြည်ညိုစရာ ကောင်းနေပြီလဲ။
မျိုးဆက်သစ်
လူရာဝင်ချင်ရင် အသုံးကျအောင်လုပ် ပညာတက်ချင်တက်မယ်၊ ဘွဲ့ရချင်ရမယ်၊ အသုံးမကျရင် လူရာမ၀င်ဘူး။
ပတ်ဝန်းကျင်အတွက် မင်းဟာအမြဲတမ်း အသုံးဝင်နေအောင်လုပ်ပါ။
တချို့ ဆိုရင် ပညာမတက်ဘူး၊ ဒါပေမယ့် ရပ်ကွက်ထဲမှာ သူ့နည်းနဲ့သူ အသုံးဝင်အောင်လုပ်တယ်။
အဲဒါကြောင့် လူရာဝင်တယ်ဆိုတာ ကိုယ့်ကိုကိုယ် အသုံးဝင်အောင်လုပ်နေတာ။
ဘာမှအသုံးမ၀င်ရင် အသုံးမကျတဲ့ကောင်ဖြစ်သွားမှာပေါ့။
စာပေထဲကလူငယ့်သမိုင်း
မန်း-ဓမ္မသာလာဟောပြောပွဲ
ရိုးဖြောင့်မှု အရင်းအနှီး
အခြားအခြားသော အရင်းအနှီးများကို တန်းတူညီမျှ လူတိုင်းမရနိုင်စေကာမူ ရိုးဖြောင့်မှု အရင်းအနှီးကိုတော့ဖြင့် မည်သူမဆို လိုချင်လျှင်ရနိုင်ပါသည်။
ရိုးဖြောင့်မှု အရင်းအနှီး
ရိုးဖြောင့်မှု ဂုဏ်
လူငယ်များအနေနှင့် အတက်ပညာ၊ အသိပညာ၊ ကျွမ်းကျင်မှုစွမ်းရည်တို့တွင် တစ်ယောက်နှင့် တစ်ယောက် မတူနိုင်ကြပါ၊ အကန့်အသတ်ရှိနိုင်ကြပါသည်၊ သို့သော် ရိုးဖြောင့်မှုတွင်ကား မည်သူမဆို အစွမ်းကုန်ရိုးသားနိုင်ခွင့် ရှိကြပါသည်။ ထိုရိုးဖြောင့်မှုဂုဏ်ကို ရအောင် ကြိုးပမ်းလျက် အရင်းအနှီး ထူထောင်နိုင်ပါလျင် ကြာလေ အမြတ်ထွက်လေ ဖြစ်လာလိမ့်မည်။
ရိုးဖြောင့်မှု အရင်းအနှီး
အပေါင်းအသင်း သန့်ရှင်းမှု
ပတ်ဝန်းကျင် သန့်ရှင်းမှုသည် ကျန်းမာရေးအတွက် အလွန်အရေးကြီးသကဲ့သို့ အပေါင်းအသင်း ပတ်ဝန်းကျင် သန့်ရှင်းမှုသည်လည်း စာရိတ္တ ကျန်းမာရေးအတွက် အလွန်အရေးကြီးလေသည်။
စာစီစာကုံး
လောကကို စောင့်ရှောက်သော အရာ
လောကကြီးကို ပြိုကွဲပျောက်ပျက် မသွားရလေအောင် ထိန်ကွပ်ပေးထားသည့်အရာမှာ ကိုယ်ကျင့်တရားပင် ဖြစ်ပါသည်။ ထိုကိုယ်ကျင့်တရားကို ခိုင်မာစွာ ချမှတ်ပေးထားသည်မှာလည်း ဘာသာရေးပင်ဖြစ်သည်။
မြန်မာနှင့် သံဃာ ( ရွှေတိဂုံ ရေကြည်တော်အသင်း မဂ္ဂဇင်း )
ဓမ္မမိတ်ဆွေ သူငယ်ချင်းများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။
တောသားလေး

0 comments:
Post a Comment