* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, February 25, 2011

ရေ၀တီ

ရေ၀တီဆိုတဲ့နာမည်လေးက တော်တော်လေးလှတာပါ။ နာမည်ကြားရုံနဲ့တင် သူ့အကြောင်း သိချင်နေတာပါ။ ပြီးတော့နာမည်လေးက လှသလို သူ့ရဲ့ဘဝသမိုင်းလေကလည်း လှမှာပဲဆိုပြီး တကူးတကကို ရှာဖတ်ကြည် ဖြစ်ပါတယ်။

ဖတ်ကြည့်မှအထင်နဲ့အမြင် တက်တက်စင်အောင် လွဲတော့တာပါ။ ရေဝတီရဲ့ဇာတ်လမ်းလေးကဒီလိုပါ။

တစ်ခါတုန်းက နန္ဒိယဆိုတဲ့ အမျိုးသားကောင်းလေးတစ်ယောက်ရှိပါတယ်။ သူ့ရဲ့ထုးခြားချက်ကတော့ ဒါနပြုတာသိပ်ဝါသနာပါတာပါ။ အိမ်ရှေ့မှာ ဆွမ်းစားဇရပ်ဆောက်ပြီး ရဟန်းသံဃာတော်တွေကိုဆွမ်းလောင်း ဆွမ်းကပ်ရုံတင်မကပဲ မရှိဆင်းရဲသားတွေကိုလည်း နေ့စဉ် ထမင်းပေးလှူတာပါ။ ဒါနကို စေတနာပါပါနဲ့ နေ့စဉ်ပြုနေတော့ စီးပွားရေးကလည်းဆထက်ထမ်းပိုး ပိုပိုအဆင်ပြေလာပါတယ်။ ဒါနရဲ့အကျိုးကို လက်တွေ့ခံစားနေရတော့ နန္ဒိယက သူ့ရဲ့အလှူဒါနကို လျော့မသွားစေဘဲ တိုးတိုးပဲ လှူနေပါတော့တယ်။

နန္ဒိယရဲ့အိမ်ရှေ့မှာ ရေဝတီဆိုတဲ့အမျိုးသမီးလေးရှိပါတယ်။ နန္ဒိယနဲ့ မောင်နှမတစ်ဝမ်းကွဲ တော်ပါတယ်။ နန္ဒိယအမေနဲ့ ရေဝတီအဖေက မောင်နှမအရင်းပါ။

နန္ဒိယအမေက သူ့သားနန္ဒိယကို တူမရေဝတီနဲ့ နေရာချပေးချင်ပါတယ်။ ဒါပေမယ့် နန္ဒိယက ငြင်းပါတယ်။ နန္ဒိယငြင်းရတဲ့အကြောင်းရင်းကတော့ ရေဝတီဟာ ဘာသာရေး စိတ်ဝင်စားမှုနည်းလို့ပါတဲ့။

ဒီတော့ နန္ဒိယရဲ့အမေက သူ့တူမကို အကြံသွားပေးရပါတယ်။

“တူမလေးရယ် နန္ဒိယက ဒါနပြုတာ သိပ်ဝါသနာပါတာ။ နန္ဒိယဆွမ်းလောင်းတဲ့အခါ လာကူရတယ်။ ရဟန်းသံဃာတော်တွေ ကြွလာတဲ့အခါမှာ သပိတ်ကို လှမ်းယူရတယ်။ ဆွမ်းစားပြီးတဲ့အခါလည်း သပိတ်တွေကို ဆေးပေးရတယ်။ ငါ့တူမကလည်း ညံ့လိုက်ပါဘိ”

ရေဝတီက အဒေါ်ပြောတဲ့အတိုင်း လာကူပါတယ်။ ရက်ကလေးကြာလာတော့ အမေလုပ်သူက နန္ဒိယကို”သားရယ် ဟိုမှာတွေ့လား၊ ရေဝတီက သိပ်လိမ္မာတာပဲ။ သပိတ်တွေကို ကိုယ်တိုင်ဆေးပေးနေတာ” လို့ တူမ ကောင်းကွက်ကလေးကို ပြပါတယ်။

နောက်ဆုံးတော့ နန္ဒိယနဲ့ ရေဝတီ ညားရောပဲ ဆိုပါတော့။

ညားခါစမှာတော့ ရေဝတီက ဟန်ဆောင်ပန်ဆောင် နန္ဒိယနဲ့အတူတူ လိုက်လုပ်ပါသေးတယ်။ ဒါပေမယ့် စိတ်ထဲကတော့ လုံးဝကို မပါပါဘူး။

နောက် နန္ဒိယက ဣသိပတနကျောင်းတိုက်ကြီးထဲမှာ ကျောင်းဆောင်ကြီးတစ်ဆောင် ဆောက်လုပ်လှူဒါန်းပါတယ်။

နန္ဒိယက လှူတာတောင် ရိုးရိုးရေစက်ချ မလှူပါဘူး။ မြတ်စွာဘုရားရှင်ရဲ့ လက်တော်ကို ရေလောင်းပြီးရေစက်ချ လှူတာပါ။ မြတ်စွာဘုရားရင်ကိုယ်တိုင်ကလည်း နန္ဒိယရဲ့အပြုအမူကို ကျေကျေနပ်နပ်နဲ့ခွင့်ပြုပါတယ်။

နန္ဒိယရဲ့ သဒ္ဓါတရားက သိပ်ထက်သန်နေတော့ ထူးထူးခြားခြားဘာထဖြစ်သလဲဆိုတော့ တာဝတိံသာနတ်ပြည်မှာ ကြိုဗိမာန်ပေါက်တော့တာပါပဲ။ ဗိမာန်တင် မကပါဘူး။ ပြုစုမယ့် နတ်သမီးတွေ ကလည်းအသင့်ကြိုစောင့်နေကြပါတယ်။

နန္ဒိယကသာ ဒါနတွေပြုပြီး နတ်ပြည်မှာ ကြိုဗိမာန်ပေါက်နေတာ၊ ရေဝတီကတော့ နန္ဒိယပြုလုပ်နေတာ တစ်စက်မှကို သဘောမကျပါဘူး။ သူ့စိတ်ထဲ လှူရင်ကုတ်တယ်လို့ပဲ ထင်နေတာပါ။ မပြောရဲလို့သာ အသာကြည့်နေရတာပါ။ စိတ်ထဲကတော့ လုံးဝမကြည်ဖြူပါဘူး။

ဒီလိုနဲ့ တစ်နေ့တော့ နန္ဒိယဟာ ကုန်ရောင်းကုန်ဝယ်ကိစ္စနဲ့ ခရီးထွက်ဖို့ ကြုံလာပါတယ်။ ခရီးမထွက်ခင် ရေဝတီကို”ရေဝတီရေ၊ ခရီးထွက်နေတုန်းမှာ ရဟန်းသံဃာတွေလောင်းတဲ့ ဆွမ်းဝတ်ကို ဂရုစိုက်လောင်းနော်၊ မရှိဆင်းရဲသားတွေကို ပေးလှူတဲ့ဝတ်ကိုလည်း မလျော့စေနဲ့၊ ဂရုစိုက်လုပ်ပါ” လို့မှာခဲ့ပါတယ်။

ဒါပေမယ့် ရေဝတီက နန္ဒိယ ခရီးထွက်သွားတာနဲ့ ရဟန်းသံဃာတော်တွေကို ဆန်ကွဲထမင်းနဲ့ ပုန်းရည်ဟင်းပဲ လောင်းပါတော့တယ်။ မရှိဆင်းရဲသားတွေကိုတော့ လုံးဝ မပေးလှူတော့ပါဘူး။

နန္ဒိယ ကုန်ရောင်းကုန်ဝယ်ကိစ္စပြီးလို့ သူ့မြို့ကိုပြန်လာတဲ့အခါ အိမ်မရောက်ခင် သတင်းဆိုးကို အရင်ကြားလိုက်ရပါတယ်။ ဒါကြောင့် သူ့အိမ်ကို မဝင်သေးဘဲ “ရေဝတီ အိမ်ပေါ်ကအခုဆင်း” လို့ လူတစ်ယောက်ကို လွှတ်ပြီး ဆင်းခိုင်းလိုက်ပါတယ်။ နန္ဒိယပြောတဲ့အတိုင်း ရေဝတီလည်း အိမ်ပေါ်က ဆင်းသွားရရှာပါတယ်။

နောက်တော့ သူငယ်ချင်းမိတ်ဆွေတွေက “နန္ဒိယရယ် ကျောင်းဒကာဖြစ်ပြီး ကိုယ့်ဇနီးကို အိမ်ပေါ်ကနှင်ချတာ မကောင်းပါဘူး။ ပြန်ခေါ်လိုက်ပါ” လို့ ဝိုင်းတိုက်တွန်းလို့ ပြန်ခေါ်ဖြစ်ပါတယ်။

နောက်တော့ သူငယ်ချင်းမိတ်ဆွေတွေက”နန္ဒိယရယ် ကျောင်းဒကာဖြစ်ပြီး ကိုယ့်ဇနီးကို အိမ်ပေါ်ကနှင်ချတာ မကောင်းပါဘူး။ ပြန်ခေါ်လိုက်ပါ” လို့ ဝိုင်းတိုက်တွန်းလို့ ပြန်ခေါ်ဖြစ်ပါတယ်။

ရေဝတီ အိမ်ပေါ်ရောက်ပြီး မကြာခင်ကာလမှာဘဲ နန္ဒိယလည်း ကွယ်လွန်သွားပါတယ်။ ကွယ်လွန်တော့ သူ့အတွက် ကြိုပေါက်နေတဲ့ တာဝတိံသာနတ်ဗိမာန်မှာ နတ်သားသွားဖြစ်ပါတယ်။

နန္ဒိယကွယ်လွန်တော့ ရေဝတီက သိပ်ဝမ်းသာသွားပါတယ်။ သူ့အထက်မှာ ဘယ်သူမှ မရှိတော့ပါ။

ရေဝတီ ပထမဆုံး ဖျက်ဆီးပစ်လိုက်တဲ့ဝတ်က မရှိဆင်းရဲသားတွေကို ပေးလှူတဲ့ ဒါနဝတ်ပါ။ နောက်ထပ်ပြီး ဖျက်ဆီးတာက ရဟန်းသံဃာတော်တွေကို နေ့စဉ် ဆွမ်းလောင်းလှူတဲ့ဝတ်ပါ။

ဝတ်ဖျက်ရုံတင်မကဘဲ ရဟန်းသံဃာတွေ ဆွမ်းလာခံတဲ့အခါ ရေဝတီက “ဒီကိုယ်တော်တွေကြောင့် ငါ့ရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ဆုံးရှုံးရတာ” လို့ဆိုပြီး ရေရွတ်ဆဲရေးပါသတဲ့။ သူရေရွတ်ဆဲရေးအထဲမှာ ရဟန္တာတွေလည်း ပါပါတယ်။ ရဟန္တာတွေကို ရေရွတ်ဆဲရေးလိုက်တဲ့ အကုသိုလ်ကံဟာ ရေဝတီအတွက် အကြီးမားဆုံး ဖြစ်သွားခဲ့ပါတယ်။ ပြီးတော့ အသေးစားအကုသိုလ် အခြံအရံတွေကလည်း ဝိုင်းဝိုင်းလည်နေတာဆိုတော့ နောက်ဆုံး အရှင်လတ်လတ် ငရဲကျသွားရပါတော့တယ်။

ရေဝတီရဲ့ဇာတ်သိမ်းပိုင်းလေးကိုဖတ်ပြီး “သြော်…. ရေဝတီရယ်” လို့စုပ်သပ်ရင်း ခေါင်းထဲကို တစ်ခြားဝတ္ထုလေးတွေလည်းဆင့်ကာဆင့်ကာ ဝင်လာပါတယ်။

ပထမဆုံးဝင်လာတာက ဗောဓိမင်းသားဝတ္ထုပါ။

ဗောဓိမင်းသားတို့ လင်မယားဟာ သားသမီး သိပ်လိုချင်ကြပါတယ်။ ဒါပေမယ့် မရကြပါဘူး။ နောက်ဆုံး ဘယ်လိုအကြံထုတ်သလဲဆိုတော့ မြတ်စွာဘုရားကို အိမ်ပင့်မယ်။ မြတ်စွာဘုရားကြွလာတဲ့အခါ နင်းသွားဖို့အခင်း ဖြန့်ခင်းထားမယ်။ မြတ်စွာဘုရား အခင်းပေါ်နင်းသွားတဲ့အခါ “သားသမီးရရပါလို၏“ လို့ဆိုတောင်းမယ်ပေါ့လေ။ သူ့အဓိဋ္ဌာန်နဲ့သူပါ။

မြတ်စွာဘုရားရှင်က ဗောဓိမင်းသားအိမ်ကို ကြွတော့လာပါတယ်။ ဒါပေမယ့် သူတို့တောင်းမယ့်ဆု မပြည့်နိုင်ဘူးဆိုတာသိလို့ အခင်းကိုမနင်းပါဘူး။ ဗောဓိမင်းသားကတော့ ဇွတ်နင်းခိုင်းနေပါတယ်။

နောက်ဆုံးတော့ မြတ်စွာဘုရားက သူတို့သားသမီးမရနိုင်တဲ့ အကြောင်းကိုပြောပြရပါတယ်။ သင်္ဘောပျက်တော့ ကျွန်းတစ်ကျွန်းကို ရောက်သွားပါတယ်။

အဲ့ဒီကျွန်းမှာ စားစရာမရှိတာနဲ့ ငှက်ဥလေးတွေကို ဖောက်စားကြပါသတဲ့။ နောက် ငှက်ဥကလေးတွေကုန်တော့ ငှက်ကလေးတွေကို သတ်စားကြပါသတဲ့။ အဲ့ဒီ အကုသိုလ်ကံကြောင့် သားသမီး မရတာပါတဲ့။ တကယ်လို့သာ ဇနီးမောင်နှံနှစ်ယောက်ထဲက တစ်ယောက်ယောက်ကသာ မစားခဲ့ရင် သားသမီးရမှာပါတဲ့။

နောက်ဝတ္ထုတစ်ခုက အားလုံးသိကြတဲ့ သူဆင်းရဲ မောင်ပုဏ္ဏဝတ္ထုလေးပါ။ အရှင်သာရိပုတ္တရာကို ခင်ပွန်းက ရေဒပူကပ်တယ်။ ဇနီးကခင်ပွင်းအတွက် ယူလာတဲ့ ထမင်းကို အရှင်သာရိပုတ္တရာကို ကပ်တယ်။ တစ်ယောက်နဲ့တစ်ယောက် မမြင်ကွယ်ရာမှာ ကပ်လှူကြပေမယ့် တစ်ယောက်ကုသိုလ်ကို တစ်ယောက်က ကျေနပ်သဘောတူခဲ့ကြပါတယ်။

အတွေးထဲမှာ ဝတ္ထုလေးတွေက ဆင့်ကာဆင့်ကာ ဝင်လာခဲ့ပါတယ်။

ထားပါတော့လေ၊ မျက်မှောက်လောကမှာ ခင်ပွန်းလုပ်သူကအပြင်မှာ စီးပွားထွက်ရှာနေရတယ်။ အိမ်မှာကျန်ခဲ့တဲ့ ဇနီးလုပ်သူက ခင်ပွန်းရဲ့မမြင်ကွယ်ရာမှာ ဆွမ်းလောင်းတာတို့၊ တခြားပန်းကပ်တာတို့ လုပ်နေမယ်။ ဒါကို ခင်ပွန်းလုပ်သူက မမြင်တွေ့ရပေမယ့် ကျေနပ်သဘောတူနေရင် ကုသိုလ်က ဇနီးမောင်နှံနှစ်ယောက်လုံး အတူတူဖြစ်နေတာပါ။ ကျေနပ်သဘောတူနေဖို့ပဲ အရေးကြီးပါတယ်။

တကယ်လို့ ခင်ပွန်းလုပ်သူက ကျေနပ်သဘောတူမှုမရှိခဲ့ရင်တော့ ဇနီးပြုတဲ့ ကောင်းမှုကိုသိုလ်တွေဟဟာ ဇနီးအတွက်ပဲ ဖြစ်နေမှာပါ။

ဒါက ကောင်းတဲ့ကုသိုလ်ဘက်က ပြောတာပါ။ မကောင်းတဲ့အကုသိုလ်ဘက်က ပြောမယ်ဆိုရင်လည်း ဥပမာပေါ့လေ ခင်ပွန်းလုပ်သူက မသမာတဲ့နည်းနဲ့ စီးပွားရှာနေမယ်။ ဒါမှမဟုတ် လာဘ်စားနေမယ်။ ဒီကိစ္စကို ဇနီးလုပ်သူကကျေကျေနပ်နပ်နဲ့ သဘာတူနေမယ်။ လာဘ်စားလို့ရလာတဲ့ ပစ္စည်းကို ကျေကျေနပ်နပ်နဲ့ သုံးဆောင်နေမယ်ဆိုရင် အကုသိုလ်က ဇနီးမောင်နှံ အတူတူ ဖြစ်နေမှာပါ။

တကယ်လို့ ဇနီးလုပ်သူက သဘောမတူခဲ့ရင်တော့ အကုသိုလ်က ခင်ပွန်းအတွက်ပဲဖြစ်နေမှာပါ။

အပြစ်ဆိုတာ ပြုပြီးရင် အပြစ်ရဲ့ အကျိုးကို ကာလတစ်ခုမှာတော့ခံရမှာ ဧကန်ပါ။

တကယ်စဉ်းစားကြည့်ရင် လူတစ်ယောက်ရဲ့ဘဝမှာ ငွေကအဓိကမပြဋ္ဌာန်းပါဘူး။ ငွေထက်ပြဋ္ဌာန်းတဲ့ အရာတွေအများကြီးရှိပါတယ်။

ငွေတွေ၊ တိုက်တွေ၊ ကားတွေ၊ ရာထူးဂုဏ်သိန်တွေ မရှိပေမယ့် ကိုယ်ကျင့်သီလလေး ဖြူဖြူစင်စင်ရှိမယ်။ ဂုဏ်တော်မေတ္တာပွားတဲ့ သမထကိုယ်ကျင့်သီလလေးရှိမယ်။ အချိန်ရသမျှ ဝိပဿနာတရားလေး အားထုတ်နေမယ်ဆိုရင် ဘဝကတော်တော်လေးအဓိပ္ပါယ်ရှိနေတာပါ။ ကိုယ်ကျင့်သီလမဲ့ပြီး ပစ္စည်းဥစ္စာတွေနဲ့ အသက်တစ်ရာရှည်ရတာထက် ကိုယ်ကျင့်သီလရှိပြီး တစ်ရက်ပဲအသက်ရှည်ရတာ ပိုမြတ်ပါတယ်။

ကိုယ်ကျင့်သီလကော၊ ပစ္စည်းဥစ္စာကော ပြည်စုံနေတယ်ဆိုရင်တော့ အထူးပြောစရာ မလိုတော့ပါဘူး။ ဂွတ်ရှယ်ပါပဲ။

ဇနီးမောင်နှံဆိုတာ အတိတ်ရေစက်ကြောင့် တွေ့ကြရတာပါ။ သဘောတူသင့်တာကို သဘောတူပြီး၊ သဘောမတူသင့်တာကို လုံးဝသဘောမတူ ရပါဘူး။ တားသင့်တာကို တားရပါမယ်။

ရေဝတီဟာ ခင်ပွန်းရဲ့အပြုအမူတွေကို ငြိမ်ငြိမ်လေးသာလိုက်ပြီး သဘောတူနေရင် တာဝတိံသာနတ်ပြည်မှာ နန္ဒိယနဲ့အတူစံစားနေရမှာပါ။ လူတစ်ယောက်ရဲ့ဘဝမှာ ပစ္စည်းဝတ္ထုတွေဟာ အဓိကမပြဋ္ဌာန်းဘူးဆိုတာ ရေဝတီ လူ့ပြည်မှာရှိနေတုန်း သိမသွားရှာပါဘူး။ ငရဲရောက်မှပဲ ဒီပစ္စည်းဝတ္ထုတွေကတစ်ဆင့် သူ့ကိုငရဲချလိုက်တယ်ဆိုတာ သိရတာပါ။ သိချိန်မှာ နောက်ကျသွားပါပြီ။ နောက်ကျမှ ရတဲ့အသိက အသုံးမဝင်တော့ပါဘူး။ ဒါပေမယ့် ရေဝတီက လူ့ပြည်မှာ ကျန်ခဲ့တဲ့လူသားအားလုံးကို တရားပြသွားခဲ့ပါတယ်။ အဓိကကတော့ စိတ်ပါပဲ။ ကိုယ့်စိတ်ကလေးကို သတိထားစောင့်ရှောက်လိုက်ဖို့ပါပဲ။

ဒိဆောင်းပါးလေးကို မန်လည်ဆရာတော်ဘုရားကြီးရဲ့ မဃဒေဝလင်္ကာလေးနဲ့ပဲ နိဂုံးချုပ်လိုက်ရအောင်းပါ။

အကုသိုလ်နှင့်၊ ကိုသိုလ်နှစ်ပါး၊ ကံတရားကား၊ မယားပြုရာ၊ စိတ်မပါလျှင်၊ လင်မှာမရ၊ လင်ပြုကလည်း၊ မယားအိမ်သူ၊ စိတ်မတူသော်၊ မှန်ယူ မှန်စွာ၊ မရရာဘူး၊

ကျမ်းကိုး-

၁။ဝိမာနအဋ္ဌကထာ၊စာမျက်နှာ ၂၀၄

၂။ဟောစဉ်တရားတော်များ(စတုတ္ထတွဲ) မင်းကွန်းဆရာတော်ဘုရားကြီး

Future Light မဂ္ဂဇင်း

မေ၊ ၂၀၀၅။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP