* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, September 11, 2010

Will Know When Being Kicked

ကန်တော့သိလိမ့်မယ်


"ဟဲ့ အဲ့ဒီကြားထဲ မသွားနဲ့။ နွားကန်လိမ့်မယ်။" အမေကအော်တယ်။ အမေ့ကို ကြည့်ရတာ စိုးရိမ်နေတဲ့ပုံ။ အမေ့ကို သနားမိသလိုလို။

ဟိုဘက်အိမ်က ဇာခြည်ဦးလေ။ ကျောင်းနေခါစ။ အသက်က ငါးနှစ် ခြောက်နှစ်လောက် ရှိသေးတာ။ ဇာခြည်ဦး ဘောလုံးလေးနဲ့ ကစားနေရင်း ဘောလုံးက နွားတွေကြား ရောက်သွားတာ။ ဆော့ပုတ်ကစားရင်း နွားတွေကြားထဲ ရောက်သွားတဲ့ ဘောလုံးကို သွားကောက်မယ်အလုပ် အမေက အော်လိုက်တော့ ဇာခြည်ဦး ငိုမဲ့မဲ့နဲ့ နောက်ဆုတ်လာတယ်။ ဇာခြည်ဦးကို စာနာမိသလိုလို။

အမေ့အော်သံကြားတော့ ဇာခြည်ဦးရဲ့အဖေ ဦးသောင်းခိုင် ထွက်လာတယ်။ ဦးသောင်းခိုင်က စကားနည်းတဲ့သူ။ ပြောမိရင်လည်း သူ့စကားတွေက ပိဿာလေးနံပေးပေါက်။ လူကလည်း လူ့ကန့်လန့်။ နွားတွေကြား ရောက်နေတဲ့ သူ့သမီးရဲ့ ဘောလုံးလေးကို ဦးသောင်းခိုင် သွားကောက်ပေးမယ် ထင်တာ။ ကောက်မပေးတဲ့အပြင် "သွားပါစေ။ ကန်တော့သိလိမ့်မယ်"ဆိုပြီး အိမ်ထဲ ပြန်ဝင်သွားတယ်။ ဦးသောင်းခိုင်ရဲ့ စကားကို သဘောကျမိသလိုလို။

နှစ် နှစ်ဆယ်ကျော် သုံးဆယ်နီးပါး ကြာခဲ့ပြီ။ ခု ပြန်စဉ်းစားမိတယ်။ ကလေးတစ်ယောက် အနေနဲ့ ဦးသောင်းခိုင်ရဲ့ စကားကို သဘောကျမိတာက သူ့စကား ကွက်ကျော်ကန့်လန့်ရဲ့ အဓိပ္ပာယ်ကို နားလည်လို့ သဘောကျတာ။ စကားအဓိပ္ပာယ် မကောင်းသလို ကလေးကို ပစ်ပစ်ခါခါ လုပ်ခဲ့တဲ့ သူ့လုပ်ရပ်ကလည်း အားကျစရာမဟုတ်။ ဒါပေမယ့် သူ့စကားကို နားလည်လို့ သဘောကျမိခဲ့ရင်း သူ့ကို အားကျမိခဲ့သလား မသိ။

ဗီဇလား။ ပတ်ဝန်းကျင်လား။ အရိပ်လား။ သြဇာလား။ ဘာလဲမသိ။ အကြင်နာမကင်းပေမယ့် တစ်ခါတစ်ခါ ဦးသောင်းခိုင်ရဲ့ စကားနဲ့ အဓိပ္ပာယ်တူတဲ့ စကားတွေ ပြောမိတတ်တယ်။ စာနာတတ်ပေမယ့် ကလေးတွေနဲ့ ပတ်သက်ရင်တောင် ဦးသောင်းခိုင်လို လုပ်မိတတ်သေးတယ်။ ဘယ်အချိန် ဘယ်လို အကန်ခံလိုက်ရမယ် မသိ။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP