* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, September 11, 2010

ဝေဿန္တရာဇာတ် အပိုင်း-၁၊ ၂


ရှေးလွန်လေပြီးသောအခါ သိဝိတိုင်း၊ စေတုတ္တရာပြည်၌ သိဉ္စည်းမင်းကြီး မင်းပြု၏။ ထိုမင်း၏ မိဖုရားကြီးသည် ဖုဿတီဒေဝီ အမည်တွင်၏။ အလွန်လှပတင့်တယ်၏။ အချိန်တန်သော် ဖုဿတီဒေဝီသည် သားတော်တစ်ပါး ဖွားမြင်သည်။ ထိုသားတော်ကို ဝေဿန္တရာဟု အမည်ပေးသည်။


ဝေဿန္တရာကို ဖွားမြင်သောနေ့၌ပင် ကောင်းကင်၌ ကျက်စားသွားလာနေသော ဆင်ပျံမတစ်စီးသည် ဆင်ဖြူပေါက်ကလေးကို မင်း၏ဆင်တင်းကုပ်၌ ထားခဲ့ပြီးလျှင် မိမိနေရာသို့ ပြန်သွားလေသည်။ ထိုဆင်ဖြူတော်ကလေးအား ပစ္စယဟု အမည်ပေးသည်။

ဝေဿန္တရာမင်းသားသည် မွေးစကပင် အလှူအတန်းကို မြတ်နိုးသည်။ မင်းကြီးသည် ဝေဿန္တရာအား အဖိုးတစ်သိန်းထိုက်သော လည်ရွဲတန်ဆာကို ဆင်ပေးထားသည်။ ဝေဿန္တရာသည် အသက် ၄-၅ နှစ် ရှိသောအခါ ထိုလည်ရွဲတန်ဆာကို အထိန်းတော်တို့အား ချွတ်၍ ပေးလှူသည်။ အထိန်းတော်တို့က မယူဝံ့သဖြင့် မင်းကြီးအား ပြန်ပေးသည်။ မင်းကြီးက “ငါ့သားတော်ပေးခြင်းသည် ငါပေးသည်နှင့် အတူတူဖြစ်သည်။ ယူပါ” ဟုဆို၍ လက်ခံစေသည်။ ထို့နောက် လည်ရွဲတန်ဆာအသစ်ကို မင်းသားအား ဆင်မြန်းစေသည်။ ဝေဿန္တရာမင်းသားသည် ထိုလည်ရွဲတန်ဆာအသစ်ကိုလည်း တစ်ဖန် အထိန်းတော်တို့အား ပေးလှူပြန်သည်။ ဤသို့လျှင် ၉-ကြိမ် တိုင်အောင် အထိန်းတော်တို့အား ပေးလှူခဲ့သည်။

ဝေဿန္တရာမင်းသားသည် ၈-နှစ်အရွယ်သို့ ရောက်သောအခါ လည်ရွဲတန်ဆာစသော ပစ္စည်းများ ပေးလှူရသည်ကို ကျေနပ်အားရခြင်းမရှိ။ ‘အကယ်၍ တစ်စုံတစ်ယောက်သောသူသည် ငါ၏နှလုံးသားကို တောင်းလာအံ့။ ငါသည် ရင်ကိုခွဲ၍ နှလုံးသားကို ပေးလှူမည်။ ငါ၏မျက်စိကို တောင်းလာအံ့။ မျက်စိအစုံကို ထုတ်၍ပေးလှူမည်။ ငါ့ကိုယ်၏ အသားကို တောင်းလာအံ့။ ဓားငယ်ဖြင့် အသားကိုလှီးဖြတ် ပေးလှူမည်။ ငါ့ကို ကျွန်ပြုလုပ်လိုသည်ဟု တောင်းဆိုအံ့။ ထိုသူ၏ ကျွန်အဖြစ်ခံမည်’ ဟု အကြံဖြစ်၏။ ထိုအခါ ဤမဟာပထဝီမြေကြီးသည် ပြင်းထန်စွာ မြည်ဟည်းလျက် ငလျင်လှုပ်လေသည်။

0005052Kph0.jpg

ဝေဿန္တရာမင်းသားသည် အသက် ၁၆-နှစ်အရွယ်သို့ ရောက်သောအခါ မင်းသားတို့ တတ်အပ်သော အတတ်မျိုးစုံကို တတ်မြောက်သည်။ ထိုအခါ မင်းကြီးသည် မိဖုရားကြီးနှင့် တိုင်ပင်ကာ ဝေဿန္တရာ မင်းသားအား အလွန်လှပတင့်တယ် ယဉ်ကျေးသော မဒ္ဒီမင်းသမီးနှင့် ထိမ်းမြားပေးသည်။ ထီးနန်းကိုလည်း လွှဲအပ်သည်။ မဒ္ဒီဒေဝီကား မဒ္ဒရာဇ်မင်း၏ သမီးတော် ဖြစ်ပေသည်။

ဝေဿန္တရာမင်းသားသည် မင်းဖြစ်သည့်နေ့မှစ၍ နေ့စဉ်နေ့တိုင်းပင် ၆-သိန်း၊ ၆-သိန်းသော ဥစ္စာတို့ကို ပေးလှူလေသည်။

မကြာမီ မဒ္ဒီဒေဝီသည် သားတော်တစ်ပါးဖွားမြင်သည်။ ဇာလီဟု အမည်ပေးသည်။ ဇာလီမင်းသား မတ်တတ်ပြေးနိုင်သောအရွယ်တွင် မဒ္ဒီဒေဝီသည် သမီးတော်တစ်ပါး ဖွားမြင်ပြန်သည်။ ကဏှာဇိန်ဟု အမည်ပေးသည်။

ဝေဿန္တရာမင်းသည် နေ့စဉ် အလှူကြီးပေးရာတွင် တစ်လလျှင် ၆-ကြိမ်၊ ဆင်ဖြူတော်ပစ္စယကို စီးလျက် အလှူဇရပ် ၆-ဆောင်တို့ကို လှည့်လည်ကြည့်ရှုတော်မူလေသည်။

ထိုအချိန်တွင် ကလိင်္ဂရာဇ်ပြည်၌ မိုးခေါင်သည်။ ငတ်မွတ်ခေါင်းပါးသော ဒုဗ္ဘိက္ခန္တရကပ်ကြီး ဆိုက်ရောက်နေလေသည်။ ကလိင်္ဂရာဇ်မင်းသည် မိုးရွာစေရန် ၇-ရက်တိုင်တိုင် ဥပုသ်ဆောက်တည်သည်။ သို့သော် မိုးမရွာချေ။ ထိုအခါ အမတ်ပညာရှိတို့က “ဆင်ဖြူတော် ရောက်ရာ အရပ်၌ မိုးရွာပါသည်။ စေတုတ္တရာပြည်၊ ဝေဿန္တရာမင်းကြီး၌ ဆင်ဖြူတော် ရှိသည်။ ဝေဿန္တရာမင်းသည် အလှူပေးရာ၌ ထင်ရှားကျော်စောသည်။ ထိုမင်းထံ ဆင်ဖြူတော်ကို အလှူခံသင့်ပါသည်” ဟူ၍ အကြံပေး လျှောက်ထားကြသည်။

ကလိင်္ဂရာဇ်မင်းသည် “ကောင်းပြီ” ဟု ဆိုကာ သင့်တော်သော ပုဏ္ဏား ၈-ယောက်ကို ရွေးချယ်သည်။ “ဝေဿန္တရာမင်းထံမှ ဆင်ဖြူတော်ကို ရအောင် အလှူခံချေ” ဟူ၍ စေလွှတ်လိုက်သည်။

ပုဏ္ဏားတို့သည် ဝေဿန္တရာမင်းထံ ရောက်သော် ဆင်ဖြူတော်ကို အလှူခံသည်။ ဝေဿန္တရာမင်းလည်း ဆင်ဖြူတော်ကိုနှင့်တကွ ဆင်ဖြူတော်၌ ဆင်ယင်ထားသော အဖိုးတန် အဆင်တန်ဆာတို့ကိုပါ ပေးလှူလိုက်သည်။ ထို့ပြင် ဆင်ထိန်းနှင့်တကွ ဆင်ဖြူတော်အား ပြုစုစောင့်ရှောက်ရသူများကိုပါ ပေးလှူလိုက်သည်။ ထိုအခါ ဤ မဟာမြေကြီးသည် ပြင်းထန်စွာ တုန်ဟည်းလျက် ဒုတိယအကြိမ် ငလျင်ကြီးလှုပ်လေသည်။

(ဝေဿန္တရာဇာတ် အပိုင်း-၃ အားဆက်တင်ပါမည်)

☺ပြီးပါပြီရှင်...။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP