* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, September 25, 2010

သီတဂူဆရာတော်၏ lecture

ဆရာတော်သည် သီတဂူဗုဒ္ဓတက္ကသိုလ်၌ တပည့်ရဟန်းတော်များကို ဝိသုဒ္ဓိမဂ်၊ မဟာသတိပဋ္ဌာန သုတ်၊ နိကာယ် ကျမ်းကြီးများမှ စင်္ကီ, ရဋ္ဌပါလစသော သင့်လျော်ရာရာ သုတ်များကို ပို့ချ၏။


သုတ်တစ်သုတ်၏ ဆိုလိုရင်းအနှစ်ချုပ်, အဓိပ္ပါယ်, ဝါဒန္တရ, အာစရိယဝါဒများကို အဋ္ဌကထာ, ဋီကာအဖွင့်များ နှင့် ရောနှောမွှေနှောက်၍ ပို့ချလေ၏။ တခါတရံ ရာဇဝင်, သာသနာဝင်တို့နှင့် ပတ်သက်သော သမိုင်းဖြစ်စဉ်များကို လည်း ဗုဒ္ဓသာသနိက ပထဝီ(မြေပုံ)ကို ထောက်ပြ၍ ပို့ချ ၏။

ထိုကဲ့သို့ အနှစ်အသားပါလှသော, အာဂမယုတ္တိ သဘာဝယုတ္တိရှိလှသော ''စာပေအယူအဆ'' များကို သိရှိရ သောအခါ ''သြော် ဆရာတော်ဟာ အဟောကောင်းရုံ အပြောကောင်းရုံ သက်သက်မျှသာ ဖြစ်သော ဓမ္မကထိက မဟုတ်၊ တကယ့် နိကာယ်ကျမ်းကြီးများကိုလည်း ကျွမ်းကျင်တတ်မြောက်သည့် စာဆိုတော် ဓမ္မကထိကပါလား''ဟု စိတ်ထဲမှာ အလိုလို မှတ်ချက်ချမိသည်။

အချို့ဓမ္မကထိကသည် အသံကောင်း၍ အောင်မြင်၏။ အသံတော်ကား နားဝင်ချိုလှရကား ကြားရသူ လူအများ ကြက်သီးမွေးညင်းများပင် ထကြသတတ်။ သူ့ပါရမီနှင့်သူပင်တည်း။ သို့သော်အဆွဲအငင် များလွန်းသည့် အသံကို တော့ ပညာရှိသူတော်ကောင်းများ နှစ်ခြိုက်တော်မမူကြ။

အချို့ကား အပြောကောင်း၍ကျော်ကြား၏။ ဇာတ် နိပါတ်များလာ ဖြစ်စဉ်များကို အလွမ်း, အဆွေးတို့ဖြင့် တန်ဆာဆင်ပြီး ဟောလိုက်ရာ တရားနာသူပရိသတ်များသည် မျက်ရည်များတောင် ယိုစီးကြသတတ်။ သူ့စန်းနှင့်သူပင်တည်း။ သို့သော် အပိုအဆာ များလွန်းလျှင်ကား လူကြီးလူကောင်းများ နားရှက်တော်မူကြ သည်။

မည်သို့ဖြစ်စေ၊ ဓမ္မကထိကများ သတိထားရမှာကား သီတဂူဆရာတော်ကဲ့သို့ စာပေနှံ့စပ်အောင် ကြိုးစားပြီး ''စာဆိုတော်ဓမ္မကထိက'' ဖြစ်အောင် ကြိုးစားဖို့ပင်တည်း။ သို့မဟုတ်ပါက မင်းပွဲစိုးပွဲများ, နိုင်ငံတကာ ဗုဒ္ဓဘာသာ အစည်းအဝေးပွဲများ၌ ဟောပြောရသည့်အခါ ''အိုးနင်းခွက်နင်း'' ဖြစ်တတ်ပေသည်။

ဆရာတော်သည် ပြည်ပရောက်သည့်အခါမှာလည်း တက္ကသိုလ်ကောလိပ် မြောက်မြားစွာတို့၌ ဆရာများနှင့် ကျောင်းသူ, ကျောင်းသားများကို lecture ပို့ချပေးလေ့ရှိပါသည်။ အိန္ဒိယရောက်ခဲ့စဉ်က နာလန္ဒာတက္ကသိုလ်၌ ပါမောက္ခများနှင့် ကျောင်းသား, ကျောင်းသူများ ကိုလည်း သီးသန့် lecture တစ်ခု ပို့ချခဲ့သည်။ ပါမောက္ခများနှင့် ကျောင်းသား, ကျောင်းသူများ အထူးနှစ်ခြိုက်သည်ကို တွေ့ရပါသည်။

ဗာရာဏသီမြို့ B. H. U တက္ကသိုလ်ကလည်း ဆရာတော်ကို lecture တစ်ခု ပို့ချပေးဖို့ လျှောက်သေး ၏။ သို့သော် အချိန်မရသဖြင့် ဆရာတော် မပို့ချခဲ့ရပေ။ ယနေ့အိန္ဒိယပြည်ကြီး၌ အထူးကျော်ကြားပြီး နာမည်ကြီးလျက်ရှိသော ပုနေးတက္ကသိုလ်မှ ပါမောက္ခကြီး ဆရာကြီးတစ်ယောက်ကလည်း ဆရာတော်ကို တက္ကသိုလ်မှာ lecture တစ်ခု ပို့ချပေးဖို့ ကမ်းလှမ်းခဲ့သေး၏။ ထိုလျှောက်ထားချက်ကိုလည်း “နောင်တစ်ခေါက် အဆင်ပြေမည့်အချိန်ကြမှ ပို့ချပေးမည်”ဟု အကြောင်းပြန်ခဲ့ ရပါသည်။

မည်သည့်နေရာရောက်ရောက် ဆရာတော်ကိုပင့် ဖိတ်ချင်သူများကို မြောက်မြားစွာ တွေ့ရပါသည်။ ထို့ ကြောင့် ဆရာတော်က ''အိန္ဒိယနိုင်ငံရှိ တက္ကသိုလ်ပေါင်း များစွာကို lecture ပေးဖို့အတွက် အိန္ဒိယကို တစ်ခေါက် လောက် သီးသန့် လာဦးမယ်ကွာ'' ဟု မိမိကို မိန့်မြွက်တော် မူ၏။

''ပညာရှိများဟာ မည်သည့်နေရာ ရောက်ရောက် အပူဇော်ခံရတယ်''ဟူသော နီတိဆရာများ၏ အဆိုအမိန့် သည် ပြည်တန်ပတ္တမြားကဲ့သို့ တန်ဖိုးဖြတ်၍ မရနိုင်ပါ တကား။

ရေးသားသူ- အရှင်ဒေ၀ိန္ဒာဘိဝံသ(သီတဂူ)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP