ဆရာကြီး ရွှေဥဒေါင်း၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် (၃၃)
သေခြင်းတရားကို မမြင်
သတ္တ၀ါသည် သေရမည်ကို အလွန်ကြောက်၏။ လူလည်း ကြောက်၏။ တိရစ္ဆာန်များလည်း ကြောက်၏။ နွားတစ်ကောင်ကို သားသတ်ရုံသို့ ဆွဲသွင်းသည့်အခါ၊ တတ်နိုင်သမျှ ရုန်းကန်ရှာ၍ မျက်ရည်များ တွေတွေကျစီးခြင်းကို မြင်ရဖူး၏။ သို့ဆိုလျှင် သေခြင်းတရားကို မြင်သည်ဟု ဆိုရမည်လော။ လွန်ခဲ့သော ကမ္ဘာစစ်ကြီးအတွင်း၌ ဗုံးကြဲလေယာဉ်များ ပျံသန်းလာရာတွင် လူများသည် ဗုံးကျင်းများသို့ ပြေးဆင်းကာ ပုန်းအောင်းကြ၏။ အချို့ က မိမိတို့သည် သေခြင်းတရားကို ခဏခဏ သတင်းရ၍ နှလုံးသွင်းပြီး ဖြစ်တော့သည်ဟုပင် ပြော၏။ ဟုတ်ပါ၏လော။ သေမည့်ဘေးကိုလန့်၍ ထွက်ပြေးခြင်းသည် သေခြင်းသဘောတရားကို သိခြင်း ဟုတ်ပါ၏လော။ ခိုကိုးရာ ရှာကြခြင်းသည် သေခြင်းသဘောတရားကို နှလုံးသွင်းခြင်း မည်ပါ၏လော။ “နဂါးသည် မြေကိုမမြင်၊ ငှက်သည် လေကို မမြင်၊ သတ္တ၀ါသည် သေခြင်းသဘောတရားကို မမြင်” ဟူသော စကားအဓိပ္ပါယ်ကို မည်သို့ ကောက်ယူပါမည်နည်း။
အဖိုးတန်သော နှလုံးသွင်းတရား
စင်စစ်သော်ကား သတ္တ၀ါသည် သေခြင်းသဘောတရားကို မမြင်ဟူသော စကားသည် မှန်ကန်၏။ သေဘေးကို ကြောက်သောကြောင့် တိမ်းရှောင်ထွက်ပြေးခြင်းသည် သေခြင်းသဘောတရားကို မြင်သောကြောင့် ဖြစ်သည်ဟူသော စကားမူကား မမှန်ကန်ချေ။ တစ်နေ့နေ့၌ သေရမည်ဆိုခြင်းကို ဘယ်သူမှ မငြင်းသော်လည်း ဤနည်းဖြင့် သေခြင်းသဘောတရားကို မြင်သည်ဟု မဆိုနိုင်ချေ။ တစ်နေ့နေ့၌ သေရမည်ဆိုခြင်းကို မငြင်းသော်လည်း ဘယ်တော့မှ မသေရတော့မည်ကဲ့သို့ ပြုမူကျင့်ကြံလျက် ရှိကြသည်ကို တွေ့မြင်ကြရသည် မဟုတ်ပါလော။ လောဘမီး၊ ဒေါသမီး တောက်လောင်ကြရခြင်းများသည် အချိန်မရွေး သေနိုင်သည်ဟူသော မရဏသဘာဝကို မမြင်ကြသောကြောင့် မဟုတ်ပါလော။ နက်ဖြန်တွင် ကြိုးစင်တက်ရမည်ဟု အမိန့်ချထားသော တရားခံသည် ဤအရာ ထိုအရာများကို လိုချင်သည်၊ ပစ္စည်းဥစ္စာစုဆောင်းချင်သည် ဟူသော စိတ်မျိုး ဖြစ်နိုင်ပါမည်လော။ မရဏသဘာဝကိုသိ၍ အချိန်မရွေးသေနိုင်သည်ဟု သတိပြုသောသူသည် အထက်ပါတရားခံကဲ့သို့ ပစ္စည်းဥစ္စာ လိုချင်တောင့်တမှုမျိုး ယုတ်လျော့ရမည် မဟုတ်ပါလော။ ဤသို့ဆိုခြင်းဖြင့် တရားခံသည် မရဏသဘာဝကို သိမြင်သည်ဟု ဆိုလိုခြင်းမဟုတ်။ မိမိသေရတော့မည့်အရေးကို တွေး၍ပူပန်ခြင်းသာ ဖြစ်သောကြောင့် တန်ဖိုးမရှိချေ။ တန်ဖိုးရှိသော နှလုံးသွင်းတရားမှာ ကျန်းကျန်းမာမာ ရှိစဉ်အခိုက်၌ပင် အချိန်မရွေး သေတတ်ခြင်းတည်းဟူသော သဘာဝကို သတိပြုတတ်ခြင်းပင် ဖြစ်လေသည်။
လောဘနည်းစေသော တရား
အချို့ က သေခြင်းတရားကို မစဉ်းစားလေနှင့်၊ စိတ်ပူတတ်သည်၊ မေ့မေ့ပျောက်ပျောက် နေခြင်းဖြင့်သာလျှင် ပျော်ပျော်ရွှင်ရွှင် ဖြစ်နိုင်သည်ဟု ပြောတတ်ကြသည်။ ထိုလူမျိုးကား ဗုဒ္ဓ၏သြ၀ါဒကို ကျောခိုင်းသော လူမျိုးဖြစ်ရုံသာမက အလွန်မွန်မြတ်သော ‘သန္တိသုခ’ အကြောင်းကို အလျဉ်းနားမလည်သူများသာ ဖြစ်ကြလေသည်။ လောက၌ လိုချင်စရာတွေ အလွန်ပေါများ၍ လိုချင်သောအရာကို ရပါမှ ပျော်စရာကောင်းသည်။ စိတ်ချမ်းသာသည်ဟု ယူဆသော လူများအဖို့မှာ လိုချင်တတ်သော လောဘတရား ခေါင်းပါးလျော့နည်းသွားမည်ကို
ဗုဒ္ဓ၏ အာမခံချက်
သတ္တ၀ါသည် သေခြင်းတရားကို မြင်နိုင်ခဲသောကြောင့် သိလျှင်ကိစ္စပြီးသည်ဆိုသော ‘တရားသမား’များသည် တစ်နေ့နေ့တွင် သေရမည်ဟု ‘သိ’သည်ဆို၍ တင်းတိမ်ရောင့်ရဲနေကြကာမူ၊ တန်ဖိုးရှိသော အသိဉာဏ်မျိုးမဟုတ်။ သူလိုငါလို သိပုံသိနည်းမျှသာဖြစ်၍ တကယ့်ဘေးနှင့် တွေ့ကြုံသည့်အခါ မျက်လုံးဝိုင်းကြပေလိမ့်မည်။ သေခြင်း၏ အခြင်းအရာကို အထပ်ထပ် အဖန်ဖန် ဆင်ခြင်သုံးသပ်၍ မရဏသဘာဝကို အဟုတ်တကယ် သိမြင်ထားသော ယောဂီအဖို့မူကား (အာသဝေါကင်းပြီးသော ရဟန္တာပုဂ္ဂိုလ်ကဲ့သို့ ထိတ်လန့်တုန်လှုပ်ခြင်း လုံးဝမရှိဟု မဆိုနိုင်စေကာမူ) သူလိုငါလို လူများထက် သက်သာရာရနိုင်သည် ဆိုခြင်းမှာ ဗုဒ္ဓ၏ အာမခံချက် ဖြစ်လေသည်။
မြင်သင့်ပါလျက် မမြင်ကြလျှင်
ဤနေရာ၌ လှမ်းလိုက်သောခြေထောက်သည် ချလိုက်သောအခါ၌ မရှိတော့၊ ပျောက်ပျက် ကုန်ဆုံးသွားခဲ့လေပြီဟူသော နှလုံးသွင်းတရားမျိုး အကြောင်းနှင့်ပတ်သက်၍ တဖန် ပြန်ကောက်ရပေဦးမည်။
စင်စစ်အားဖြင့် သေခြင်းသဘောတရားသည် အတော်ထင်ရှားသော သဘောတရားကြီးဖြစ်၏။ ဘိုးဘေးဘီဘင်များ သေဆုံးကုန်ကြခြင်းကိုလည်း သိကြပြီးဖြစ်၏။ ညီအစ်ကို မောင်နှမနှင့် မိဘများ သေဆုံးခြင်းကို မျက်စိအောက်တွင် တွေ့မြင်ကြသူများလည်း ရှိကြ၏။ စစ်ကြီးအတွင်း၌ ဤပြည်၊ ထိုပြည်များမှ အမြောက်အမြား သေကြေပျက်စီးကြခြင်းအကြောင်းလည်
(ဆရာကြီးရွှေဥဒေါင်း ၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် တင်ပြီးသမျှ အတွဲ (၁) မှ ယခုအထိ ဖတ်လိုလျင်)

0 comments:
Post a Comment