နမက္ကာရဘုရားရှိခိုး ပေါ်လာပုံနှင့် ကျမ်းပြု ပုဂ္ဂိုလ်၏ အဋ္ဌုပ္ပတ္တိ
သသနာတော်နှစ် ၉၀၀-ခန့်ရောက်ရှိသော အချိန်တွင် သီဟိုဠ်ကျွန်း၌ သာသနာတော် အလွန်ထွန်းလင်းတောက်ပ စည်ပင် လျက်ရှိသည် ဖြစ်၍ ပိဋကတ်သုံးပုံပါဠိတော်နှင့် အဋ္ဌကထာများသည် မပျက်မစီး အပြည့်အစုံ သီဟိုဠ်ဘာသာအက္ခရာဖြင့် တည်ရှိလေ၏။ ဇမ္ဗူဒိပ်ကျွန်း၌မူကား အပြည့်အစုံတည်ရှိခြင်း မရှိသည်ဖြစ်၍ ပိဋကတ်သုံးပုံပါဠိတော်နှင့် အဋ္ဌကထာများကို သီဟိုဠ်ဘာသာအက္ခရာ အရေးအသားမှ မာဂဓဘာသာ အက္ခရာအရေးအသားသို့ အဘယ်သူပြန်ဆို ကူယူနိုင်စွမ်းရှိပါလတံ့
နည်းဟု ဇမ္ဗူဒိပ်ကျွန်းနေ မဟာထေရ်အများ စည်းဝေး တိုင်ပင်ကြပြီးနောက် တာဝတိံသာနတ်ပြည်သို့ ကြွရောက်တော်မူကြကာ ဃောသကအမည်ရှိသော နတ်သားကို
တွေ့မြင်သဖြင့် ဤနတ်သားကား ပိဋကတ်တော်ကို ပြန်ဆိုကူးယူနိုင်စွမ်းရှိရုံသာမက ဗုဒ္ဓမြတ်စွာသာသနာတော်ကိုလည်း အဓွန့်ရှည်စွာတည်စေနိုင်မည့်သူဟု အနာဂတံသဥာဏ်တော်ဖြင့် သိတော်မူသောကြောင့် ဃောသကအမည်ရှိသော နတ်သားအားအထက်နတ်ပြည်သို့ မတက်မူ၍ လူပြည်သို့ သက်ပြီးလျှင် သာသနာပြုရန်အလို့ငှာ သိကြားမင်းနှင့်တကွ မထေရ်တို့က တောင်းပန်ကြသဖြင့် ဃောသကနတ်သားသည် ပဋိညာဉ်မှုဝန်ခံခြင်းပြုပြီးနောက် မဟာဗောဓိပင်အနီး ဃောသကအမည်ရှိသော ပုဏ္ဏားကြီး၏ မယားကေသီမည်သော ပုဏ္ဏေးမ၏ ၀မ်းကြာတိုက်တွင် ပဋသန္ဓေ စွဲမှီတည်လေ၏။။
ဗေဒင်သုံးပုံနှင့် ပိဋကတ်သုံးပုံဆောင်နိုင်ခြင်း
တနေ့သ၌ ဃောသကရွာတွင် မင်္ဂလာအလို့ငှာ လာကြပါ ထိုင်ကြပါ စားကြပါ သောက်ကြပါ စသည်ဖြင့် ဆူညံသောအသံကိုပြု လျက် ကျွေးမွေးလှူဒါန်း ပေးကမ်းလျက်ရှိစဉ်အတွင်း ကေသီပုဏ္ဏေးမကြီးသည် ပဋိသန္ဓေကိုးလလွန်မြောက် ဆယ်လရောက်ခဲ့ သဖြင့် သားရတနာကို မီးရှူးသန့်စင်ဖွားမြင်လေ၏။ ထိုသတိုးသားငယ်ကို မင်္ဂလာကြွေးကြော်သံ ဆူညံနေစဉ်အတွင်း မွေးဖွားလာ ခြင်းကြောင့်၎င်း ဃောသကရွာကြီး၏ သားထူးသားမြတ်ဖြစ်သောကြောင့်၎င်း မင်္ဂလာသံနှင့် ရွာနာမံ ၂-ပါးကိုစွဲယူကာ ဃောသကဟူသော အမည်ကို မှည့်ခေါ်ကြလေတော့သည်။
ထိုဃောသကသူငယ်သည် ပုဏ္ဏားဖြစ်သည့်အားလျော်စွာ ဗေဒင်အတတ်ကို သင်ကြားရာ ၇-နှစ်သားအရွယ်ကပင် တဖက်ကမ်းခပ် တတ်မြောက်လေ၏။ ဃောသကသူငယ်သည် ဗေဒင်အတတ်ကို တဖက်ကမ်းခပ် တတ်မြောက်သောကြောင့် ဗေဒင်မာန် တတ်ကြွကာ အရပ်ရပ်အရွာရွာသို့ လှည့်လည်သွားရောက်လျက် အချေအတင် ဗေဒင်စကားပြောကြားဆွေနွေးလေရာ ရေ၀တအမည်ရှိသော ရဟန္တာမထေရ်တပါးနှင့် တွေ့၍ အချေအတင်ဗေဒင်စကားကို ဆွေးနွေးပြောကြားအပြီး မထေရ်မြတ်က ကုသလာဓမ္မာ- ကုသိုလ်တရားတို့ကား အဘယ်သည်တို့နည်း၊ အကုသလာဓမ္မာ- အကုသိုလ်တရားတို့ကား အဘယသည်တို့နည်း၊ အဗျာကတာဓမ္မာ- အဗျာကတ တရားတို့ကား အဘယ်သည်တို့နည်းဟု ပရမတ္တဝေဒ-မည်သော ဗုဒ္ဓမန္တာန်ကို မေးမြန်းလေ၏။
ထိုအခါသူငယ်သည် ပရမတ္တဝေဒ ဗုဒ္ဓမန္တာန်ကို သင်ကြားလို၍ ထိုရဟန္တာမထေရ်မြတ်၏ ထံတော်ပါး၌ ရှင်ရဟန်းပြုပြီးလျှင် နေ့စဉ်သင်ကြားရာ တနေ့တနေ့တွင် ပုဒ်ပေါင်း ခြောက်သောင်း နှုတ်တက်အာဂုံဆောင်နိုင် သရဇ္ဈာယ်နိုင်သည်ဖြစ်၍ တလတည်းဖြင့်ပင် ပိဋကတ်သုံးပုံ နှုတ်တက်အာဂုံဆောင်နိုင်သဖြင့် ပါရဂူရောက် တတ်မြောက်လေ၏။
သီဟိုဠ်ကျွန်းသို့ ပိဋကတ်ကူးစေလွှတ်ခြင်း
တနေ့သ၌ မြတ်စွာဘုရား ဟောကြားတော်မူအပ်သော ပိဋကတ်သုံးပုံ၌ ငါ၏အသိဥာဏ်က လွန်ကဲလေသလော ငါ့ဥပဇ္ဈာယ်ဆရာ၏ အသိဥာဏ်ပညာက လွန်ကဲလေသလောဟု အရှင်ဗုဒ္ဓဃောသ တွေးတောကြံစည်သည်ကို ဥပဇ္ဈာယ်ဆရာဖြစ်တော်မူသော အရှင်ရေ၀တ မထေရ်မြတ်သည် စေတောပရိယအဘိညာဉ်ဖြင့် သိရှိတော်မူရကား ငါ့ရှင် ဗုဒ္ဓဃောသ ပိဋကတ်စာပေမာန်တက်ကာ မသင့်တော်သည်များကို မကြံစည်လင့် ၀န်လေလှဘိသည် စသည်ဖြင့် နှိပ်ကွပ်ဆုံးမတော်မူ၏။ ထိုအခါ အရှင်ဗုဒ္ဓဃောသသည် ထိတ်လန့်ခြင်းသံဝေဂဖြစ်ပေါ်လာ၍ ဥပဇ္ဈာယ်ဆရာအား ကန်တော့ဝန်ချတောင်းပန်လေ၏။
ဥပဇ္ဈာယ်ဆရာလည်း ငါ့ရှင် ဗုဒ္ဓဃောသ သင်သည် ၀န်လေးသောအကြံအစည်ကို ကြံစည်မိလေပြီ၊ သီဟိုဠ်ကျွန်းသို့သွား၍ သီဟိုဠ်ဘာသာ အက္ခရာဖြင့် ရေးသားတင်ထားအပ်သော ပိဋကတ် သုံးပုံကို မဂဓဘာသာ အရေးအသားဖြင့် ပြန်ဆိုရေးသား လေတော့၊ ယင်းသို့ ရေးသားသော် ငါသည်းခံအံ့ဟု မိန့်တော်မူသောကြောင့် အရှင်ဗုဒ္ဓဃောသသည် သီဟိုဠ်ကျွန်းသို့ ပိဋကတ်တော် သွားရောက်ကူးယူရန် ၀န်ခံကတိပြုလေ၏။
သမုဒ္ဒရာအလယ် မထေရ်-၂ပါး ဆုံမိခြင်း
အရှင်ဗုဒ္ဓဃောသသည် သီဟိုဠ်ကျွန်းသို့ မကြွမီ ခမည်းတော်အား မိစ္ဆာဒိဋ္ဌိအယူမှ လွှတ်စေပြီလျှင် ဥပဇ္ဈာယ်ဆရာရှင်၏ စကားကို ဦးဖြင့်ခံယူကာ ပိဋကတ်တော်ရေးကူးရန် အလို့ငှာ ရွက်သင်္ဘောဖြင့် သီဟိုဠ်ကျွန်းသို့ ကူးတော်မူခဲ့၏။ သုံးရက်မြောက်သောနေ့တွင် သမုဒ္ဒရာအလယ်သို့ ရောက်လတ်သော် သီဟိုဠ်မှ ပိဋကတ်တော် ကူးယူခွင့်မရ၍ ပြန်ကြွလာသော အရှင်ဗုဒ္ဓဒတ္တမထေရ် မထေရ်က ငါ့ရှင် ဗုဒ္ဓဃောသ ငါသည် သီဟိုဠ်ကျွန်းတွင် ပိဋကတ်တော်ကို ကူးယူခွင့်ရရန်အလို့ငှာ ဇိနာလင်္ကာရကျမ်းကို ရေးသားပြုစုပြသ၏။ သီဟိုဠ်ကျွန်းသား မထေရ်များက ငါရေးသားသော ကျမ်းကို အနှစ်မဲ့ကျမ်းဟု မှတ်ထင်၍ ငါ့အား ပိဋကတ်တော် ကူးယူခွင့် မပြုကြပါ။ သင်မူကား ပိဋကတ်တော်အဖွင့် သံဝဏ္ဏနာကျမ်းတခု ပြုစုပြသ၍ ကူးယူခွင့်တောင်းပါဟု မှာထားပြောဆိုပြီးလျှင် သိကြားမင်းဆပ်ကပ်အပ်သော သျှိသျှားသီးကို၎င်း သံကညစ်တံကို၎င်း ကညစ်သွေးရန်ကျောက်ကို၎င်း အရှင်ဗုဒ္ဓဃောသ မထေရ်အား ပေးအပ်လေ၏။
ပိဋကတ်တော် ကူးယူခွင့်ပေးခြင်း
အရှင်မဟာဗုဒ္ဓဃောသမထေရ်မြတ်သည် သီဟိုဠ်ကျွန်းသို့ မဟာနာမမင်းလက်ထက် သာသနာ (၉၃၀)နှစ်တွင် ရောက်တော်မူသော အခါ ဦးစွာပထမ သံဃပါလမထေရ်ကို ဖူးမြင်၍ ပိဋကတ်တော် ကူးယူရန် လာရောက်ကြောင်း လျှောက်ထားသဖြင့် သီဟိုဠ် မထေရ်များနှင့် သံဃပါလမထေရ်မြတ်က သီလေ ပတိဋ္ဌာယ နရော စသော ဂါထာတပုဒ်ကို ပေးအပ်ကာ ဤဂါထာအနက်ကို ပိဋကတ်သုံးပုံ ချောက်ခြားစေ၍ ဖွင့်ဆိုပါဦးလောဟု တိုက်တွန်းလေ၏။ အရှင်မဟာဗုဒ္ဓဃောသမထေရ်လည်း ထိုနေ့ည နေ့ချမ်းအချိန်မှစ၍ အဆိုပါဂါထာကို အစအဦးအမှူးထားပြီး ၀ိသုဒ္ဓိမဂ်ကျမ်းကို ပြုစုရေးသားအပြီး ကျိန်းစက်တော်မူ၏။
သိကြားမင်းသည် မထေရ်မြတ်၏ ဥာဏ်ပဋိဘာန် သိလို၍ ရေးပြီးကျမ်းတဆူကို ကွယ်ထားလိုက်၏။ မထေရ်လည်းနိုးလာ၍ ကျမ်းကို မတွေ့သဖြင့် ဒုတိယအကြိမ်ပြုစု ရေးသားပြီး ကျိန်းစက်တော်မူ၏။ သိကြားမင်းလည်း ရှေးနည်းအတူ ကွယ်ထား လိုက်ပြန်၏။ မထေရ်လည်း နိုးလာ၍ ကျမ်းကိုမတွေ့သဖြင့် တတိယအကြိမ် ပြုစုရေးသားအပြီးတွင် သိကြားမင်း ရှေးကွယ်ထား သောကျမ်း ၂-ဆူကိုပြလေ၏။ နံနက်လင်းသောအခါ တညဥ့်တည်းပြုစုရေးသားသော ၀ိသုဒ္ဓိမဂ်ကျမ်းသုံးဆူကို သီဟိုဠ်မထေရ် တို့အား ဆက်ကပ်ပြသ သဖြင့် တိုက်ဆိုင်ကြည့်ကြရာ တလုံးတပါဒမျှ လွဲမှားခြင်းမရှိ တညီတညွတ်တည်းရှိသည်ကို တွေ့ကြရ၍ အလွန်နှစ်သက် သဘောကျသဖြင့် ပိဋကတ်တော် ပြန်ဆိုကူးယူခွင့်ပေးသော်လည်း ပဋကတ်တိုက်ကြီးကိုကား ဖွင့်မပေးမူ၍ သင့်အစွမ်းဖြင့် ဖွင့်၍ ကူးယူလေတော့လောဟု မိန့်ဆိုကြပြန်၏။
နမက္ကာရဘုရားရှိခိုးဖြင့် ပိဋကတ်တိုက် ဖွင့်ခြင်း
ထိုအခါ အရှင်မဟာဗုဒ္ဓဃောသမထေရ်သည် ပိဋကတ်တိုက် တံခါးဖွင့်ရန် မြတ်စွာဘုရားသခင်၏ ဂုဏ်တော် ကျေးဇူးတော် လက္ခဏာတော် တန်ခိုးတော်များနှင့်တကွ စရိယသုံးပါး စွန့်ခြင်းကြီး ငါးပါး ပါရမီတော် ဆယ်ပါး စသည်တို့ကို သုဂတံ သုဂတံ သေဋ္ဌံ စသော နမက္ကာရဘုရားရှိခိုး ဂါထာတို့ဖြင့် ဖွဲ့နွဲ့ရေးသား စီရင်ပြီးလျှင် ပိဋကတ်တိုက် တံခါးဝတွင် ထိုင်တော်မူလျက် နမက္ကာရ ဂါထာပါ အနက်အဓိပ္ပါယ်လာတိုင်း ဘုရားသခင်ကိုယ်တော်မြတ်ကြီးအား အာရုံပြု၍ နမက္ကာရဘုရားရှိခိုးဂါထာပါဌ်ကို ရွက်ဆိုလျက် ရှိခိုးရာ မဟာဗောဓိပလ္လင်တော်ဝယ် ထက်ဝယ်ဖွဲ့ခွေ နေတော်မူသော မြတ်စွာဘုရားအား မာရ်နတ်လာ၍ စစ်ထိုးသော အခါ ဆယ်ဖြာသော ပါရမီတော်ကို ဖြည့်ကျင့်ဆည်းပူးခဲ့သောကြောင့် ဤဗောဓိပင်နှင့် ပလ္လင်တော်ကို ရရှိပေသည် ဟု ပါရမီတော်ကို ညွှန်ကြားမှ မာရ်နတ်ရန် ပျက်ပြားသွားသကဲ့သို့ တဟိံ တဟိံ ပါရမိ သဉ္စယံ စယံဟူသော ပါရမီဂုဏ်ောတ် ညွှန်းသော ဂါထာတပုဒ်ကို ရွက်ဆိုမိသည်နှင့် ပိဋကတ်တော် တံခါးသည် အလိုအလျှောက် တဟိန်းဟိန်းမြည်လျက် ဟင်းလင်းပွင့် သွားပြီး ပိဋကတ်တော်ကို ကူးယူပြန်ဆိုရလေသတည်း။

0 comments:
Post a Comment