* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, September 25, 2010

လောကအကျိုးအတွက် စွမ်းဆောင်နေသူများ (၂၉ ကြိမ်မြောက် လစဉ်အလှူတော်မှတ်တမ်း)

အလှူမှတ်တမ်းများ - လစဉ်အလှူမှတ်တမ်းများ
ပစ္စည်းဥစ္စာ အရာဝတ္ထုဆိုတာ အနိမ့်ဆုံးသို့ စုစည်းလေ့ရှိကြပါတယ်။ ဥပမာ- ရေဆိုရင်လည်း နိမ့်ရာအရပ်သို့ စီးဆင်းပါတယ်။ တန်ဖိုးရှိတဲ့ ကျောက်မျက်ရတနာတွေဆိုလည်း ပင်လယ်ရေရဲ့အနက်ရှိုင်းဆုံးနေရာသို့ စုစည်းလေ့ရှိပါ တယ်။ ဒီလိုပါပဲ သူများမလုပ်ချင်တဲ့၊ လုပ်ဖို့မလွယ်တဲ့အရာကို မေတ္တာစိတ်ဖြင့် အရာရာကိုသည်းခံပြီး အောင်မြင်အောင် ကြိုးစားချင်တဲ့စိတ်ထားပြီး ကိုယ်ကျိုးမဖက် အများအတွက် လုပ်ကြသူတွေဟာ တန်ဖိုးအရှိဆုံး၊ အမြင့်မြတ်ဆုံး အနှစ်သာရတရားကို ရရှိနိုင်ကြပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ အများအတွက်ဆိုရင် ပေးလိုစိတ်လည်း မွေးရတယ်။ ပေးစရာလည်း ရှာရမယ်။ ဘာလုပ်လုပ် ပေးတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ရပါမယ်။ ပေးတယ်ဆိုရာမှာ ပစ္စည်းဝတ္ထုတင် မဟုတ်ပါဘူး။ သီလတရားတွေ ပြည့်စုံအောင် ပြုစုပေးတာ၊ လောကီအတတ်ပညာ၊ လောကုတ္တရာအတတ်ပညာတွေ ပြည့်စုံအောင် ပျိုးထောင်ပေးဖို့ စတဲ့အချက်တွေလည်း ပါဝင်နေမှာပါ။

အဲဒီလို ပေးစွမ်းတော့မယ်ဆိုရင် အပေးခံရသူဆီက ဘာကိုမှ မမျှော်လင့်နဲ့(မတောင်းတပါနဲ့)။ နှုတ်အားဖြင့်သော်မှ ကျေးဇူးတင်စကား အပြောခံရဖို့ မတောင်းတပါနဲ့။ လောကကြီးက ကောင်းတာလုပ်တိုင်း အကောင်းနဲ့ တုန့်ပြန်မှာ မဟုတ်ပါဘူး။ တုန့်ပြန်ချင်လည်း တုန့်ပြန်ပါလိမ့်မယ်။ လောကကြီးက လောကအလုပ်တိုင်း လုပ်မှာပါ။ ကိုယ်ကလည်း ပေးလိုစိတ်နဲ့ ပေးနိုင်အောင် ပေးစရာတွေကို ကြိုးစားရှာဖွေနေဖို့ပဲလိုပါတယ်။ သူတစ်ပါးတို့ ဒုက္ခဖြစ်နေတာကို ပယ်ဖျောက် ပေးမယ်ဆိုတဲ့ စိတ်ဓာတ်မျိုး လက်ကိုင်ထားဖို့ လိုအပ်ပါတယ်။ ဒါကိုပဲ ကရုဏာလို့ ခေါ်တာပါ။ ဒီလို ကရုဏာတရားတွေ ပြည့်စုံလာမယ်ဆိုရင် ဝိဟိံသူပသမော ကရုဏာ သမ္ပတ္တိ ဆိုတဲ့အတိုင်း ဝိဟိံသတရားလို့ ခေါ်တဲ့ ညှင်းဆဲနှိပ်စက်ခြင်း၊ ပင်ပန်းဆင်းရဲခြင်းတရားတွေ ချုပ်ငြိမ်းမယ်။ လူတွေကြောင့်ဖြစ်တဲ့ ဒုက္ခ၊ သဘာဝကြောင့်ဖြစ်တဲ့ ဒုက္ခတွေကနေ ကင်းလွတ်ပယ်ဖျောက်ပေးတဲ့ အကျိုးတွေ ရရှိလာမှာပါပဲ။

“အခု ရေတွင်းတူး၊ အခု ရေကြည်သောက်”ဆိုတဲ့ စကားကို လူတိုင်းကြားဖူးကြပါတယ်။ အဲဒီလိုမျိုး အခု ချက်ခြင်း တူး၊ အခုရေကြည်သောက်လို့ မရနိုင်ပါဘူး။ ရေကြည်ထွက်တဲ့အချိန်အထိ စောင့်ရပါမယ်။ စိတ်မရှည်ရင် ရေရှည်ခံတဲ့ ရေတွင်း တူးလို့မရနိုင်ပါဘူး။ တူးလို့မရရင် ရေကြည်သောက်ဖို့လည်း ဖြစ်လာမှာမဟုတ်ပါဘူး။ ရေငတ်လာပြီဆိုရင် ရေကြည်ရာ မြက်နုရာကို ရှာကြတာဟာ လူ့ဘဘာဝပါ။ ပရဟိတကျောင်းတွေ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေ၊ သီလရှင် ဆရာကြီးသင်ပညာရေးကျောင်းတွေဟာ ရေကြည်သောက်ဖို့ ရေတွင်းတူးပေးနေတဲ့ နေရာတွေပါ။ အဲဒီကျောင်း တွေမှာရှိတဲ့ ရဟန်း၊ သီလရှင်ဆရာကြီးတွေဟာ မေတ္တာစိတ်ထားပြီ်း အများအတွက် ပေးလိုစိတ်အပြည်နဲ့ ကလေးငယ် တွေကို ဗုဒ္ဓဘာသာတံဆိပ် ခတ်နှိပ်ပေးဖို့ အကောင်းဆုံးကြိုးစားပေးနေကြသူတွေပါပဲ။

“အနာဂတ်”ဆိုတဲ့ စကားလုံးလေးကို လူတိုင်းလူတိုင်း တွင်တွင်ကျယ်ကျယ်အသုံးပြုကြတယ်။ အနာဂတ် များစွာထဲက အနာဂတ်သာသနာကိုကြည့်ရင် အဓိကအကျဆုံးအခန်းကဏ္ဍက ပါဝင်တာကတော့ ကလေးငယ်တွေပါပဲ။ တစ်ချိန်မှာ သူတို့ဟာ သာသနာ့ဝန်ထမ်းတွေ၊ သာသနာကို ထောက်ပံ့သူတွေ ဖြစ်လာကြမှာ မလွဲပါပဲ။ သို့ပေမယ့် သူတို့လေးတွေကို ငယ်ငယ်ကတည်းက ဗုဒ္ဓဘာသာတံဆိပ် ခပ်နှိပ်မထားရင် ဗုဒ္ဓဘာသာအပေါ်မှာ လေးလေးနက်နက် သက်ဝင်ယုံကြည်ပြီး လောကကောင်းကျိုးအတွက်ရော၊ ဘာသာသာသနာအတွက်ရော အားကိုးရလောက်တဲ့သူတွေ ဖြစ်လာမှာမဟုတ်ပါဘူး။ ကလေးငယ်တွေဟာ ဘ၀ကံကြမ္မာ အလှည့်အပြောင်းတစ်ခုခုကြောင့် ဘ၀မုန်တိုင်းကြားမှာ လမ်းပျောက်ပြီး ဘာသာခြားဘ၀၊ ဘာသာမဲ့ဘ၀သို့ ရောက်ရှိနိုင်ပါတယ်။ ထိုသို့မဖြစ်ရအောင် အနာဂတ်မှာ ဦးဆောင်ကြ မယ့်ကလေးတွေကို ပြုစုပျိုးထောင်ပေးဖို့ လိုအပ်ပါတယ်။ ပြုစုပေးနိုင်အောင် ကြိုးစားကြရပါမယ်။

အဲဒီလိုဖြစ်လာအောင် ဆောင်ရွက်ပေးနေချိန်မှာ သူတို့ဘ၀လေးတွေ တိုးတက်ဖို့အတွက် သူတို့ရဲ့ မမြင်ရသေးတဲ့ အစွမ်းတွေကို ဆွဲထုတ်ပေးဖို့ အရေးကြီးလာပြန်ပါတယ်။ သူတို့မှာ ကောင်းတဲ့အစွမ်းတွေဖြစ်လာအောင် မြတ်စွာဘုရား ဟောကြားခဲ့တဲ့ တရားတော်နဲ့အညီ မြေတောင်မြှောက်ပေးဖို့ ဆောင်ရွက်ကြရပါမယ်။ သူတို့လေးတွေကို အစစအရာရာ အဆင်ပြေစေဖို့၊ သူတို့အနာဂတ်၊ သူတို့ဘ၀တိုးတက်ဖို့၊ သာသနာတော်အဓွန့်ရှည်ဖို့ဆိုတဲ့ များစွာသော ရည်ရွယ်ချက် တွေကို အောင်မြင်အောင် ကြိုစားဖို့ဆိုတာကလည်း ပေးလိုစိတ်တစ်ခုတည်းနဲ့လည်း မဖြစ်ပြန်ပါဘူး။ ပေးလိုစိတ်ရှိသလို ပေးစရာလည်း ရှိရပါမယ်။ လုပ်ဆောင်သမျှတွေဟာလည်း ပေးဖို့ရည်ရွယ်ချက်နဲ့သာ လုပ်ဆောင်ရပါမယ်။

အချုပ်ကို ပြန်စဉ်းစားကြည့်ရင် ပေးလိုစိတ်ဖြစ်တဲ့ အလောဘနဲ့မေတ္တာ၊ ပေးစရာကို ရှာတဲ့ ၀ီရိယ၊ ပေးချင်တဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်တဲ့ အဓိဋ္ဌာန်၊ အနာဂတ်အတွက် ကြိုတင်မျှော်တွေးနိုင်တဲ့ ပညာ၊ ကြုံလာတဲ့ လောကဓံတိုင်းကို တရားနှင့်ရင်ဆိုင်နိုင်တဲ့ ခန္တီနဲ့ ဥပေက္ခာ၊ အမြဲဆောက်တည်နေတဲ့ သီလ၊ စတဲ့ပါရမီကျင့်စဉ်တွေကို လုပ်ဆောင်နေခြင်းဟာ အင်မတန်မှ မွန်မြတ်လှပါတယ်။ အင်မတန်မှကို လေးစားဂုဏ်ယူထိုက်ပါတယ်။ ထိုကဲ့သို့ လေးစားဂုဏ်ယူစရာကောင်းတဲ့ သူတွေကတော့ လူငယ်တွေကို လောကအတွက် အချီးအနှီးဖြစ်မသွားဘဲ လောကအတွက် ကောင်းမွန်လာအောင်၊ အနာဂတ်မှာ လောကအကျိုးကိုဆောင်နိုင်အောင် ပြုစုစောင့်ရှောက်ပေးနေကြတဲ့ ပရိယတ္တိစာသင်တိုက်ကြီးတွေ၊ ပရဟိတကျောင်းတွေ၊ မိဘမဲ့ကလေးဂေဟာတွေ၊ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေ၊ သီလရှင်ရှင်သင်ပညာရေးကျောင်း တွေ၊ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းတွေမှာ ဆောင်ရွက်နေကြတဲ့ ရဟန်းတော်များ၊ သီလရှင်များ၊ လူပုဂ္ဂိုလ် စွမ်းဆောင် ရှင်များပဲ ဖြစ်ပါတယ်။

ဓမ္မမိတ်ဆွေများအနေဖြင့် တို့များလည်း ပါဝင်ကူညီကြစို့ရဲ့၊ ပါဝင်လှူဒါန်းကြစို့ရဲ့ စသဖြင့် သဒ္ဓါတရားများ ပွားများစေရန်လည်းကောင်း၊ လှူဒါန်းခဲ့ကြတဲ့ စေတနာရှင်များ၊ ပါဝင်ကူညီခဲ့ကြတဲ့ စေတနာရှင်များ အနေဖြင့်လည်း မိမိတို့အလှူသည် မည်မျှကြီးကျယ်မြင့်မြတ်လှကြောင်း၊ မွန်မြတ်လှကြောင်း ပြန်လည်ပီတိဖြစ်ကာ ကုသိုလ်တရားများ ထပ်မံတိုးပွားစေရန်လည်းကောင်း ဤဆောင်းပါးကို ဖော်ကျူးရေးသားအပ်ပါတယ်။

ဓမ္မမိတ်ဆွေများအားလုံး၊ အလှူရှင်စေတနာရှင်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာနိုင်ကြပါစေ။

အမောင်(ရေနံ့သာ)
၂၀၁၀ သြဂုတ်လ (၂၉)ကြိမ်အတွက် ကျောင်းအလိုက် ကောက်ခံရရှိသော အလှူငွေစာရင်းမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

1. MEPhI - 7100 Rubles 0 coins

2. MATI - 1150 ။ 0 ။

3. MISA - 1120 ။ 0 ။

4. BMSTU - 1910 ။ 1218 ။

5. MPEI - 1130 ။ 0 ။

6. STANGUN - 1460 ။ 780 ။

7. MSMU - 1400 ။ 0 ။

8. MIET - 1550 ။ 0 ။

Total - 16820 Rubles 1998 coins

ကောက်ခံရရှိသော အလှူငွေများအား (၁)ဒေါ်လာကို ၃၀.၀၀ရူဘယ်ဖြင့် လဲလှယ်ရရှိပါသည်။ အကြွေစေ့လဲလှယ်ငွေများ ယခုလတွင် လဲလှယ်မှုအဆင်ပြေသောကြောင့် အကြွေစေ့မှ ရူဘယ်အဖြစ်သို့ လဲလှယ်ရရှိငွေ (၁၅၈၀၀)ရူဘယ်အား အလှူငွေထဲသို့ ထပ်ပေါင်းထည့်ဝင်၍ လှူဒါန်းထားပါသည်။
ကျွန်တော်တို့ ထေရ၀ါဒဗုဒ္ဓဘာသာလူငယ်များအသင်းမှ ဦးဆောင်၍ (၂၉)ကြိမ်မြောက်အဖြစ် အောက်ပါနေရာအား လှူဒါန်းခဲ့ပါသည်။
  • ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ကုန်းတလဘောင် ရွှေစေတီနားတွင် တည်ရှိသော ဇလွန်သီလရှင်သင် ပညာရေးကျောင်းရှိ သီလရှင် အပါး(၄၀)နှင့် ကျောင်းသား (၃၀၀)ခန့်သည် တစ်နေရာထဲမှာပင် စာသင်ခြင်း၊ အိပ်ခြင်း၊ စားခြင်း များပြုလုပ်နေရကာ ခက်ခဲပင်ပန်းစွာဖြင့် ပညာသင်ကြားနေကြရပါသည်။ ဖော်ပြပါကျောင်းလေးသည် အခြေခံပညာ အဋ္ဌမတန်းအထိ ပညာသင်ကြားပေးလျှက်ရှိပါသည်။ ထိုလိုအပ်လျှက်ရှိသော သီလရှင်စာသင်ကျောင်းနှင့် စာသင်သားကလေးများ အတွက် ကျွန်တော်တို့ ၁၉.၉.၂၀၁၀ (စနေနေ့) မနက် (၁၀း၃၀)နာရီတွင် သွားရောက်ခဲ့ကြပြီး ကျောင်းအုပ်ဆရာကြီးဒေါ်ဧသိင်္ဂီ (ဓမ္မာစရိယ)အား န၀ကမ္မ၀တ္ထုငွေ ငါးသိန်းကျပ် (၅၀၀၀၀၀/ိ- ကျပ်) လှူဒါန်းခဲ့ကြသည်။ လှူဒါန်းမှု မှတ်တမ်းဓာတ်ပုံများအား ကြည့်ရှု့၍ ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုနိုင်ကြပါစေ။
အလှူမှတ်တမ်းဓာတ်ပုံများ


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP