* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, August 3, 2010

ၾကက္သြန္နီလုိ ဘ၀…

မကြာခင်က ကျောင်းမှာကျင်းပ ပြုလုပ်ခဲ့တဲ့ ၀ါဆိုသင်္ကန်းကပ်ပွဲ အလှူမှာ ကိုရီးယားနိုင်ငံသား ထေရ၀ါဒ ဘုန်းတော်ကြီးတစ်ပါး ချီးမြှင့်တော်မူတဲ့ တရားတော်ကိုနာရင်း ဆရာတော် ပေးသွားတဲ့ ဥပမာလေးတစ်ခုကို စွဲစွဲထင်ထင် အမှတ်ရမိနေပါတယ်။ ဆရာတော်က တစ်ချို့လူတွေရဲ့ ဘ၀ဟာ ကြက်သွန်နီနဲ့ တူနေကြောင်း ဥပမာပေး ဟောကြားတော်မူသွားပါတယ်။ “ကြက်သွန်နီဟာ ကြိုက်တဲ့လူတွေ အတွက် အရသာ ရှိတယ်လို့ ထင်ရပေမယ့် သေချာတွေးကြည့်လိုက်ရင် အနှစ်သာရ ဘာမှမရှိလှတာကို တွေ့နိုင်ကြောင်း၊ ကြက်သွန်နီဟာ အပေါ်ယံ အခွံတွေကို တစ်ခုချင်း ခွာကြည့်လိုက်ရင် အနှစ်ဆိုတာ ဘာမှမရှိသလို အနံ့အသက်ကလည်း ဆိုးဆိုးဝါးဝါး ပြင်းထန်စူးရှတဲ့ အနံ့ရှိတဲ့အတွက် ကိုင်တွယ်အသုံးပြု စားသောက်တဲ့ သူတွေကို အနံ့ဆိုးတွေနဲ့ စွဲထင်စေတဲ့အပြင် အခံ့မသင့်ရင် မျက်ရည်များပင် ကျစေနိုင်ကြောင်း၊ အဲဒီလိုပဲ လောကမှာ တစ်ချို့သူတွေ အနေနဲ့ သူတို့လုပ်နေတဲ့ လုပ်ရပ်များကြောင့် သူတို့ရဲ့ ဘ၀ဟာ ဘာမှအနှစ်သာရ မရှိဖြစ်နေပြီး သူတို့နဲ့အတူ သွားလာပေါင်းသင်း နေသူများကိုလည်း အနံ့ဆိုးများနဲ့ ဒုက္ခဆိုးတွေပဲ ဖြစ်နေတတ်တဲ့အတွက် ကြက်သွန်နီလို ဖြစ်နေကြောင်း” စသဖြင့် မိန်ကြားတော်မူပါတယ်။ ဆရာတော်ရဲ့ ဥပမာလေးကို ပြန်လည်စဉ်းစားရင်း ကြက်သွန်နီလို ဖြစ်နေတဲ့သူတွေရဲ့ “ကြက်သွန်နီလို ဘ၀”လေးတွေကို ပြေးမြင်နေမိပါသေးတယ်။

ငယ်ငယ်တုန်းက အလှူပွဲတွေမှာ ကြက်သွန်နီတွေခွာပြီး ကြက်သွန်နီတွေ လှီးနေကြတဲ့ သူတွေထဲမှာ တစ်ချို့က မျက်စိစပ်ပြီး မျက်ရည်ကျနေတာကို တွေ့ရတော့ “သူများကြီးပွားတာ မနာလိုဖြစ်နေတာလား…၊ ဘယ်သူဘာဖြစ်လို့ ငိုနေတာလဲ …” စသဖြင့် အချင်းချင်း နောက်ပြောင်ကြတာတွေကို သတိရမိပါသေးတယ်။ ကြက်သွန်နီကိုခွါရင်း ကြက်သွန်နီကိုလှီရင်း ကျလာတဲ့ မျက်ရည်တွေဟာ အဲဒီတုန်းက ပျော်စရာအဖြစ် တွေးဖြစ်ခဲ့ပေမယ့် အသိတစ်ခု ရလာလို့ ခုချိန်မှာ ဘ၀နဲ့ယှဉ်ပြီး တွေးကြည့်လိုက်တဲ့အခါ ကြက်သွန်နီက ပေးတဲ့အသိ၊ ကြက်သွန်နီကပြတဲ့ သင်္ခန်းစာတွေကို သံဝေဂရစရာအဖြစ် သတိပြုမိလာပါတယ်။ တစ်ချို့ သူတွေရဲ့ဘ၀ဟာ ကိလေသာအာရုံ ကာမဂုဏ်တွေနဲ့ အချိန်ကုန်နေပြီး အနှစ်ချုပ်ကြည့်တဲ့အခါ ဘာမှ ဖြစ်မလာဘဲ အသက်သာ တဖြည်းဖြည်း ကြီးကြီးလာနေတဲ့ အဖြစ်က ကြက်သွန်နီရဲ့ သဘောသဘာဝနဲ့ တထပ်တည်း ဖြစ်လာတာကို တွေ့ရပြန်ပါတယ်။ အနှစ်လည်းမရှိ၊ အနံ့လည်းမကောင်း၊ အခန့်မသင့်ရင် မျက်ရည်ကျတဲ့အထိ သက်ရောက်မှုကို ဖြစ်စေတတ်တဲ့ ကြက်သွန်နီလို တစ်ချို့သူတွေရဲ့ ဘ၀ဟာလည်း အနှစ်မရှိ အကျိုးလည်းမပြီး၊ မကောင်းသတင်းလည်းထွက်ကာ အပေါင်းအသင်းများအထိ ဒုက္ခဖြစ်စေတဲ့ ဘ၀တွေ ဖြစ်နေတတ်တယ်ဆိုတာ သံဝေဂ ယူစရာ ဖြစ်ပါတယ်။

ဟုတ်ပါတယ်။ တစ်ချို့သူတွေဟာ ကံကောင်းထောက်မစွာ လူ့ဘ၀ကို ရလာပေမယ့် ရရှိလာတဲ့ လူ့ဘ၀ကို အနှစ်သာရများနဲ့ အကျိုးရှိအောင် အသုံးမချဘဲ ပေါ့ပေါ့နေ ပေါ့ပေါ့စား ဘ၀နဲ့ပဲ အချိန်ကုန်နေတာ တွေ့ရတတ်ပါတယ်။ ကိုယ့်အတွက်လည်း အကျိုးမရှိ အများအတွက်လည်း အကျိုးမရှိတဲ့ အလုပ်များနဲ့ပဲ တစ်နေ့တစ်ရက် တစ်မနက်ကို ရက်ဆက်ပြီး ကုန်လွန်နေတတ်ကြပါတယ်။ မနက်အိပ်ရာထကနေ ညအိပ်ရာဝင်တဲ့ အထိ ကုန်လွန်သွားတဲ့ တစ်နေ့တာ အချိန်ကို ပြန်ကြည့်တဲ့အခါ ကုသိုလ်၊ ပညာ၊ ဥစ္စာ တစ်ခုမှ ရမသွားဘဲ သောက်သောက်စားစား ပျော်ပျော်ပါးပါးနဲ့ပဲ ကုန်လွန်သွားတတ်ကြပါတယ်။ ကုသိုလ်၊ ပညာ၊ ဥစ္စာ မရပေမယ့် အကုသိုလ်ပါ ရမသွားရင်ကိုပဲ တော်လှသေးတယ်လို့ ပြောရပါမယ်။ တစ်ချို့ကတော့ အဲဒီကုသိုလ်၊ ပညာ၊ ဥစ္စာတွေပါ မရတဲ့အပြင် အကုသိုလ်ပါ ရသွားကြတော့ ဘ၀ဟာ တကယ့်ကိုပဲ အနှစ်မရှိတဲ့ ကြက်သွန်နီလို ဖြစ်နေကြတော့တာ ဖြစ်ပါတယ်။

တစ်ချို့ လက်ရှိသက်တမ်းရဲ့ သုံးပုံနှစ်ပုံလောက် အရွယ်၊ တစ်ချို့ နောက်ဆုံး အရွယ်လောက်အထိ ရောက်နေတာတောင်မှ သတိသံဝေဂ မရနိုင်ကြသေးဘဲ မကောင်းတဲ့ အလုပ်တွေ၊ မကောင်းတဲ့ ကာမဂုဏ် အာရုံတွေမှာ ပျော်ကောင်းနေတုန်း ရှိနေကြတာကို တွေ့ရတတ်ပါတယ်။ ပညာရှာရမယ့် အချိန်မှာလည်း ပညာကို ဟုတ်တိပတ်တိ မရှာမိကြ၊ စီးပွားရှာရမယ့် အချိန်မှာလည်း စီးပွားရအောင် မရှာမိကြတဲ့အပြင် ကုသိုလ်ရှာရမယ့် အချိန်မှာလည်း ကုသိုလ်တရားဘက်ကို အာရုံမထား အကုသိုလ် အလုပ်များမှာပဲ ပျော်ကောင်းနေလေတော့ သူတို့သူတို့ရဲ့ ဘ၀ဟာ ကုန်ဆုံးသွားတဲ့ အချိန်တွေကို ပြန်စဉ်းစားကြည့်လို့မှ အားရစရာမရှိ၊ အနှစ်သာရမယ့်နေသလို ဖြစ်နေတတ်ပါတယ်။ ဒီလိုဖြစ်နေမယ်ဆိုရင် သူတို့ရဲ့ ဘ၀ဟာ အနံ့ဆိုးတဲ့ ကြက်သွန်နီဖတ်တွေကို တစ်ခုချင်း ပြန်ခွာကြည့်လို့မှ အပေါ်ယံ အခွံတွေသာ တစ်ခုခုချင်းကုန်သွားတယ် နောက်ဆုံးဘာမှ မတွေ့ရတဲ့ ကြက်သွန်နီလို ဘ၀မျိုးပဲ ဖြစ်နေတတ်ပါတယ်။

တစ်ချို့တွေ့ဖူးပါတယ်။ ငယ်ငယ်တုန်းကလည်း ဟိုကိစ္စ ဒီကိစ္စတွေကြောင့် အနှစ်ရှိတဲ့ ကုသိုလ်တရားတွေမှာ ကြိုးစားအားထုတ်မှု မရှိခဲ့သလို အသက်အရွယ် ကြီးလာပြန်တော့လည်း ကိုယ့်ဘ၀အတွက်၊ ကိုယ့်သံသရာအတွက် ကြိုးစားအားထုတ်ရမယ့် အရာတွေကို မလုပ်နိုင်သေးဘဲ ဟိုအတွက်ပူရ၊ ဒီအတွက်ပူရ၊ ဟိုမှာပျော်ရ၊ ဒီမှာပျော်ရ၊ ဟိုဟာဖြတ်မရ၊ ဒါဖြတ်မရနဲ့ဘဲ အချိန်တွေကို ကုန်လွန်နေကြတာတွေပါ။ အဲဒီလို ဟိုသံယောဇဉ် ဒီသံယောဇဉ်တွေကြောင့် တကယ်လုပ်ရမယ့် ကုသိုလ်အရေးတွေကို မလုပ်နိုင်ဘဲ မေ့မေ့လျော့လျော့ နေခဲ့တာတွေဟာ သေခါနီးကျတော့မှ အားကိုးရာအစစ် မရှိလို့ ကုသိုလ်အနှစ်တွေ လုပ်ကြမယ် ဆိုပြန်တော့ အချိန်တွေနှောင်းပြီး စိတ်သွားတိုင်း ကိုယ်မပါဖြစ်ကာ နောက်ဆုံးဘ၀ဟာ အနှစ်မပါဘဲ အဆုံးသတ်သွားကြရတဲ့ အဖြစ်နဲ့ပဲ နိဂုံးချုပ်သွားခဲ့ရပြန်ပါတယ်။

တကယ်တော့ ဒီနေ့ခေတ် သက်တမ်းတွေအရ တွက်ကြည့်ကြမယ်ဆိုရင် အသက်သုံးဆယ် ကျော်လာပြီဆိုရင် ဘ၀ဟာ တစ်ဝက်ကျိုးလာပြီ ဖြစ်ပါတယ်။ သက်တမ်း တစ်ဝက်ချင်းတူပေမယ့် ရှေ့မှာကုန်သွားတဲ့ ဘ၀ဟာ ငယ်တုန်းရွယ်တုန်း သန်တုန်းမာန်တုန်း အရွယ်ဖြစ်နေတော့ စိတ်သွားတိုင်း ကိုယ်ပါတဲ့ အရွယ်ဖြစ်နေပေမယ့် လေးဆယ်ကျော်နောက်ပိုင်း သက်တမ်းကတော့ ကြာလေပိုပြီး အားအင်ချိနဲ့လေ ကြာလေအားအင်ချိန်နဲ့လေ ဖြစ်နေတဲ့အတွက် အိုလေမစွမ်းလေ အိုလေမစွမ်းလေ ဖြစ်နေမှာ ဖြစ်ပါတယ်။ ဒါကြောင့် သန်တုန်းမြန်တုန်း၊ အစွမ်းအားတွေရှိနေတုန်း၊ စိတ်သွားတိုင်း ကိုယ်ပါနေတုန်း ရယူရမယ့် အနှစ်သာရ ကုသိုလ်တရားတွေ ရယူနိုင်အောင် ကြိုးစားကြဖို့ တိုက်တွန်းကြခြင်း ဖြစ်ပါတယ်။

ကောင်းမှုကုသိုလ် အနှစ်သာရဆိုတာ အသက်အရွယ်နဲ့ မဆိုင်ဘဲ တစ်ဦးတစ်ယောက်ချင်းရဲ့ သဒ္ဓါတရားနဲ့ ရယူလိုမှု၊ ကိုယ့်ကိုယ်ကို ထိန်းသိမ်းပြုပြင်လိုမှု၊ ကြိုးစားအားထုတ်မှုတွေနဲ့ပဲ ရရှိနိုင်အောင် ကြိုးစားရတဲ့ အရာ ဖြစ်တဲ့အတွက် ငယ်တဲ့သူတွေလည်း ငယ်တဲ့အလျောက် ကြိုးစားရယူနိုင်ကြသလို ကြီးတဲ့သူတွေလည်း ကြီးတဲ့အလျောက် ကြိုးစားရယူနိုင်ကြမှာ ဖြစ်ပါတယ်။ အသက်ငယ်ပေမယ့် အသိရှိပြီး ထိန်းသိမ်းပြုပြင်နိုင်မယ် ဆိုရင် အနှစ်ရှိတဲ့ ဘ၀ဖြစ်နိုင်ပြီး အသက်ကြီးပေမယ့် အသိမရှိ ကြိုးစားအားထုတ်မှုလည်း မရှိဘဲ မကောင်းတဲ့ အလုပ်တွေ၊ မကောင်းတဲ့ အာရုံတွေမှာ ပျော်ကောင်းတုန်း၊ မိုက်ကောင်းတုန်းဆိုရင်တော့ ကြီးပြီးအနှစ်မရှိ၊ အနံ့မကောင်းတဲ့ ကြက်သွန်နီလို ဘ၀မျိုးပဲ ဖြစ်နေကြမှာ ဖြစ်ပါတယ်။

တရားပွဲတစ်ခုမှာ တရားပွဲအပြီး စကားစပ်လို့ ပြောကြဆိုကြရင်း ဒကာလေး တစ်ယောက်က “အရှင်ဘုရား… တပည့်တော်အမြင်တော့ အခုနောက်ပိုင်း လူငယ်တွေထက် အသက်လေးဆယ်ကျော် နောက်ပိုင်းအရွယ်တွေက အသောက်အစား အပျော်အပါးတွေမှာ ပိုပြီးအာရုံထားနေ၊ မကောင်းတဲ့ အလုပ်တွေမှာ ပိုပြီးအချိန်ကုန်ကောင်းနေ၊ မထူးပါဘူးဆိုပြီး မထူးဇာတ် ခင်းကောင်းနေ ကြတယ်လို့ ထင်တဲ့အကြောင်း” သူ့ပတ်ဝန်းကျင်မှာ ကြုံတွေ့ကြရတဲ့ လေးဆယ်ကျော် အရွယ်တွေနဲ့ ချိန်ထိုးပြီး လျှောက်ဖူးပါတယ်။ သူက စီးပွားရေး လုပ်ငန်းလုပ်နေသူ တစ်ယောက်ဆိုတော့ လူပေါင်းစုံနဲ့ ဆက်ဆံနေရတဲ့သူ တစ်ယောက်ဖြစ်ပါတယ်။ ဒါကြောင့်လည်း လူငယ်လေးတွေရဲ့ ကုသိုလ်တရားတွေမှာ အလေးထားလာ၊ ဘာသာရေးအပေါ်မှာ လိုက်စားလာတာတွေကို ကြုံဖူးတွေ့ဖူးနေသလို ခုနပြောခဲ့တဲ့ လူလတ်ပိုင်းအရွယ် အအိုပိုင်းအရွယ် ရောက်လာတဲ့ လူတွေရဲ့ မကောင်းတဲ့ အလုပ်တွေအပေါ်မှာ ပျော်ကောင်းနေ၊ ကုသိုလ်တရားတွေလုပ်ဖို့ မေ့ကောင်းနေတာတွေကိုလည်း ကြုံဖူးနေသူ တစ်ယောက်အနေနဲ့ ခုလို သူရဲ့အတွေ့အကြုံကို အခြေခံပြီး လျှောက်ထားတာ ဖြစ်ပါတယ်။

အဲဒီဒကာလေး လျှောက်ထားသလိုပဲ ဘုန်းဘုန်းတို့ တွေ့ကြုံနေရတဲ့ ပတ်ဝန်းကျင်မှာလည်း ဒီလို မကောင်းတဲ့ အလုပ်တွေမှာ ပျော်ကောင်းနေ၊ အသက်အရွယ် ရလာပေမယ့် ကုသိုလ်တရားတွေမှာ ကြိုးစားအားထုတ်ဖို့ သတိမရ ဖြစ်နေသူတွေကို အများကြီး ကြုံဖူးနေပါတယ်။ တစ်ခါတစ်ရံ ကြုံကြိုက်တဲ့အခါမှာ အသိပေးစကား၊ တိုက်တွန်းစကား ပြောကြားပေနေပေမယ့် သူတို့ကိုယ်တိုင်က သံဝေဂမရ၊ သူတို့ကိုယ်တိုင်က ကုသိုလ်တရားတွေအပေါ်မှာ ရယူလိုစိတ်မရှိ၊ အားထုတ်လိုစိတ် မရှိဘဲ ဖြစ်နေကြလေတော့ ဘုန်းဘုန်းတို့လည်း ရသမျှလောက်ပဲ ဟောပြောပြုပြင် ပေးနေရတော့တာ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာမှာက လမ်းညွှန်ပေးသူနဲ့ လက်တွေ့လိုက်နာ ကျင့်ကြံသူဆိုတာ သူ့အလုပ်ပဲ သူလုပ်နိုင်တာ ဖြစ်လို့ ဘုန်းဘုန်းတို့ အနေနဲ့ကတော့ လမ်းညွန်ပေးရုံ၊ ဟောပြောပေးရုံ၊ တိုက်တွန်းပေးရုံလောက်ပဲ လုပ်ပေးနိုင်မှာ ဖြစ်ပြီး လက်တွေ့ကျင့်ကြံမှု အပိုင်းမှာတော့ သူတို့တစ်ဦးချင်း အပေါ်မှာပဲ မူတည်နေတာ ဖြစ်ပါတယ်။ ပြောချင်တာက ခုနပြောခဲ့သလို ကြက်သွန်နီလို ဘ၀မျိုး ဖြစ်အောင်လည်း ကိုယ်ကိုယ်တိုင်ပဲ ဖြစ်သလို ဒီလိုဘ၀မျိုးကနေ ရုန်းထွက်နိုင်တာလည်း ကိုယ်ကိုယ်တိုင်ပဲ ဖြစ်တယ်လို့ ပြောချင်တာ ဖြစ်ပါတယ်။

ထားပါတော့။ ဘာပဲဖြစ်ဖြစ် ဆိုလိုတာက ကြက်သွန်နီလို ဘ၀မျိုး မဖြစ်ကြစေဖို့ ဆိုလိုချင်တာ ဖြစ်ပါတယ်။ နေရတဲ့အခိုက်၊ အရကောင်းနဲ့ ကြုံရတဲ့ အခိုက်လေးမှာ ရရှိလာတဲ့ ဘ၀ကို မကောင်းတဲ့ အလုပ်တွေ၊ မကောင်းတဲ့ ကာမဂုဏ် အာရုံတွေမှာ ပျော်ပါးရင်း အနှစ်ချုပ်ကြည့်လို့မှ ဘာအနှစ်မှ မတွေ့ရဘဲ နောက်ဆုံး မကောင်းသတင်းနဲ့ အနံ့ဆိုးများပဲ ထွက်ခဲ့ရတဲ့ ဘ၀မျိုး၊ ကြက်သွန်နီလို ဘ၀မျိုးနဲ့ပဲ အချိန်ကုန်မနေကြဖို့ သတိပေးလိုတာ ဖြစ်ပါတယ်။ ကြိုးစားလိုက်မယ်ဆိုရင် ကြက်သွန်နီလို ဘ၀မျိုးကနေလည်း ရုန်းထွက်နိုင်မှာ ဖြစ်တဲ့အတွက် အချိန်မီ သတိသံဝေဂရပြီး ကုသိုလ်အနှစ်များနဲ့ နေနိုင်အောင် အချိန်ရှိတုန်း ကြိုးစားလိုက်ကြဖို့ တိုက်တွန်းလိုတာ ဖြစ်ပါတယ်။

ဒါကြောင့် အကောင်းဆုံးဘ၀ကို ရရှိလာကြတဲ့ အခိုက်မှာ ကိုယ့်ကိုယ်ကို အကောင်းဆုံး ဖြစ်အောင်၊ ရရှိလာတဲ့ အကောင်းဆုံးဘ၀ကို အကောင်းဆုံးအရာတွေနဲ့ ကောင်းသထက် ကောင်းအောင် ကြိုးစားအားထုတ်ကြဖို့ တိုက်တွန်းရင်း မကောင်းတဲ့အလုပ်၊ မကောင်းတဲ့အာရုံတွေကို အလေးထားရင်း နောက်ဆုံး အနှစ်မပါ အကာသက်သက်ဖြင့် မကောင်သတင်းများ၊ အနံ့ဆိုးများနဲ့ အကောင်းဆုံးဘ၀မှ မကောင်းတဲ့ ဘ၀အထိ ရောက်သွားစေနိုင်တဲ့ ကြက်သွန်နီလို ဘ၀မျိုးမှ ရှောင်ရှားကြဖို့လည်း သတိပေးစကား ပါးလိုက်ရခြင်း ဖြစ်ပါတယ်။ အားလုံး ကြက်သွန်နီလို ဘ၀မျိုးမှ ရှောင်ရှားနိုင်ကြပါစေ…။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP