* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, August 3, 2010

ရုရှား ပေးစာ (အပိုင်း-၁)

ိမိတ်ဆက်


ဒီစာလေးကတော့ ရုရှား ပြည်ထောင်စုက ရုရှားလူမျိုးတစ်ယောက်၏ သီတဂူစတားထံ ပေးစာတစ်စောင်ဖြစ်ပါတယ်။ သူက ရုရှားပညာတော်သင် မြန်မာကျောင်းသားတစ်ယောက်၏ သူငယ်ချင်းဖြစ်သည်။ ဘာသာရေးကို စိတ်ဝင်စားသဖြင့် သူ့ကို မြန်မာကျောင်းသားကပဲ သီတဂူစတားနှင့် မိတ်ဆက်ပေးခြင်းဖြစ်သည်။ ရုရှားနိုင်ငံသားတစ်ယောက်၏ ဗုဒ္ဓဘာသာအပေါ် သက်ဝင်ယုံကြည်နေပုံကို သိရတော့ အလွန်ဝမ်းသာ ပီတိ ဖြစ်မိပါသည်။ ရုရှားနိုင်ငံသည် ခရစ်ယာန်ဘာသာ ထွန်းကားရာနိုင်ငံဖြစ်သည်၊ ထိုထဲမှ ရှားရှားပါးပါး ဗုဒ္ဓဘာသာကို စိတ်ဝင်စားနေသည်ကို ကြားရတော့ ၀မ်းသာလွန်းလို့ သူ၏ သီတဂူစတားထံ ပေးစာ (English) မူကို မူရင်းအတိုင်း ဘာသာပြန်ဆိုပြီး ဖော်ပြလိုက်ပါသည်။

သူ၏မူရင်းစာ

မင်္ဂလာပါ ဘုန်းဘုန်း ဦးကောဝိဒ
ကျွန်တော်က ရုရှား လူမျိုး စိန့်ပီတာစပတ်(ပီကျဲဘုရ်)မှာ နေပါတယ်။ နာမည်က ရုရှားနာမည် Bulbulshoev ဖြစ်ပါတယ်ဘုရား။ ဗုဒ္ဓဘာသာနာမည်က Chatchai လို့ ခေါ်ပါတယ်ဘုရား၊ (ဘယ်လို မြန်မာလို စာလုံးပေါင်းမလဲ မသိပါဘူး)။ ကျွန်တော်ဟာ အသက် ၂၈ နှစ်ပြည့်ပါပြီ။ ကျွန်တော့ သူငယ်ချင်း မြန်မာနိုင်ငံသား မောင် ဆိုနီက ကျွန်တော့်ကို ဘုန်းဘုန်း သီတဂူစတားနှင့် တွေ့ဘို့ရန် အကြံပေးပါတယ်။ ကျွန်တော်ဟာ ၂၀၀၅ နှစ်ကထဲက ထေရ၀ါဒဗုဒ္ဓဘာသာဝင်ဖြစ်သွားခဲ့တာပါ ဒါပေမဲ့ ကျွန်တော်တို့ဆီမှာ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းမရှိပါဘူးဘုရား။ ဆိုလိုတာက ကျွန်တော်တို့ ရုရှားနိုင်ငံမှာ ဗုဒ္ဓရုပ်ပွားရှိပေမဲ့ ဗုဒ္ဓဘာသာမရှိသေးပါဘုရား။ ကျွန်တော်တို့ ခရိုင်အနီးအနားမှာတော့ ထိုင်းထေရ၀ါဒ ဗုဒ္ဓဘာသာ စင်တာ တစ်ခုတော့ ရှိပါတယ်ဘုရား။ ၂၀၀၉ ခုနှစ်က အဲဒီ စင်တာမှာ တစ်လလောက် တပည့်တော် ကိုရင် (သာမဏေ)၀တ်ခဲ့ပါတယ်ဘုရား။ ဒါပေမဲ့ အချို့ အခက်အခဲလေးတွေကြောင့် လူဝတ်ကြောင်ဘ၀သို့ တစ်ခါ ပြန်ရောက်သွားပါတယ်ဘုရား။ ကျွန်တော်မှာ ကျွန်တော့ စားဝတ်နေရေးနှင့် အခြားကိစ္စတွေ ပြီးတော့ ကျွန်တော်တို့ ဗုဒ္ဓဘာသာ စင်တာနှင့် ပတ်သက်ပြီး အခက်အခဲတွေအတွက် ဖြေရှင်းရဦးမယ်ဘုရား။
ကျွန်တော်ပြောချင်ပါတယ် ကျွန်တော်ဟာ မြန်မာကို သဘောကျပါတယ် ဘာလို့လဲဆိုတော့ ထေရ၀ါဒစာပေနှင့် ယဉ်ကျေးမှုများကို ယခုချိန်အထိ အရှိအတိုင်း ထိမ်းသိမ်းထားနိုင်တာ မြန်မာပါပဲဘုရား။ ကျွန်တော် ၂၀၁၁ ဇူလှိုင်လလောက်မှာ မြန်မာပြည်ကို သွားချင်ပါတယ်။ ပြီးတော့ အရှင်ဘုရားနှင့် အရှင်ဘုရားရဲ့ကျောင်းကို တွေ့ချင်ပါတယ်၊ ဒါ့ပြင် အရှင်ဘုရားတို့ ဘာသာစကားနှင့် အရှင်ဘုရားတို့လို ရဟန်းဘ၀ကိုလည်း လေ့လာချင်ပါသေးတယ်၊ အထူးအားဖြင့် မြတ်ဗုဒ္ဓရဲ့ ကမ္မဋ္ဌာန်းတရားတော်နှင့် ဗုဒ္ဓဘာသာတွေရဲ့ ပညာရေး (ပါဠိ) ဖြစ်ပါတယ်ဘုရား။
ကျွန်တော့်မှာ အိပ်မက်တစ်ခုရှိပါတယ်ဘုရား၊ အဲဒါကတော့ မြန်မာပြည်က ဗုဒ္ဓဘာသာကို ရုရှားကို ယူဆောင်သွားဖို့ပဲ ဖြစ်ပါတယ်။ အရှင်ဘုရား တွေ့နိုင်မည့် အချိန်ကို ပြောပြပါဘုရား။

ရိုသေစွာဖြင့်
Bulbulshoev

အတွေးတစ်ခု

ဤစာကို ဖတ်ပြီး အတွေးများစွာ ၀င်လာပါတယ်၊ လောကကြီးမှာ သတ္တ၀ါတွေဟာ အလိုမပြည့်ဖြစ်နေကြတယ်၊ အမြဲတမ်း ဆာလောင် ငတ်မွတ်နေကြတယ်၊ ဘယ်သောအခါမှ ပြည့်ဝသွားတယ်မရှိ၊ (ဥနော လောကော) သတ္တ၀ါတွေဟာ တစ်ဦးနှင့် တစ်ဦး စိတ်ဓာတ်ပိုင်းဆိုင်ရာအားဖြင့်လည်ကောင်း ကိုယ်အားဖြင့်လည်ကောင်း ထိုအလိုဆန္ဒအတွက် တိုက်ခိုက်နေကြတယ်၊ ထိုအတွက် အမြဲတမ်း ပူလောင်နေကြပါတယ်။ ထိုပူလောင် ဆာလောင်မှုကို ပြေငြိမ်းနိုင်သော ဗုဒ္ဓဘာသာကို သူတို့ ရှာဖွေနေကြပါပြီ။ ဗုဒ္ဓဘာသာသည် သူတို့၏ ပူလောင်မှု့ကို ဖြေရှင်းပေးနိုင်လိမ့်မည်ဟူ၍လည်း မျှော်လင့်ထားကြသည်။ သူတို့ ထင်ထားတာက စစ်မှန်တဲ့ ဗုဒ္ဓဘာသာသည် မြန်မာနိုင်ငံမှာသာ ရှိနေပါသည်။

ယခုအချိန်မှာ ရုရှားပြည်ထောင်စုက မြန်မာနိုင်ငံက ထေရ၀ါဒသာသနာကို အလိုရှိနေပါသည်၊ မြန်မာပြည်မှ ထောင်နှင့်ချီသော ရုရှားပညာတော်သင်များ၏ ကြိုးပမ်းမှု့လည်း ပါကောင်းပါပါလိမ့်မည်၊ သူတို့မှာ မြန်မာ့ယဉ်ကျေးမှု့ကို ကောင်းကောင်းပြနိုင်ဖို့ရန်လည်း အခွင့်ရေးရှိသည်။ ထိုအခွင့်အရေးကို ကောင်းကောင်း အသုံးချနိုင်ဖို့ လိုပါသည်။ ပြည်ပသာသနာပြုဆိုသည်မှာ ရဟန်းတော်များချည်း လုပ်ရမည် မဟုတ် လူဝတ်ကြောင်များကလဲ ရောက်တဲ့ နေရာတိုင်းမှာ ဗုဒ္ဓဘာသာများပီပီ ကိုယ့်ယဉ်ကျေးမှု့ကို ပြနိုင်ဖို့ဖြစ်ပါသည်။ ကိုယ်က ဗုဒ္ဓဘာသာ သားသမီးဖြစ်ပေမဲ့ အပြောအဆို၊ အနေ အထိုင်၊ အ၀တ်အစားက အစ ဘာသာခြားတို့၏ ဟော့ဟော့ရမ်းရမ်းတွေအောက် ရောက်သွားမည်ဆိုပါက ကိုယ်က ရှုံးသွားပြီဟူ၍မှတ်ပါ။

အချို့ကား ပြည်ပ (တိုင်းတပါး)တို့၏ လူနေမှုဘ၀ (life style) ကို အထင်ကြီးလွန်းသဖြင့် မြန်မာ့ယဉ်ကျေးမှု့ကို အထင်မြင်သေးလာသည်အထိ ဖြစ်လာသည်၊ မြန်မာပီပီ နေလျှင်ကိုပဲ လူရိုးဟု ထင်မည့်အစား လူအဟု ထင်မြင်လာတတ်သည်။ ၂-၈-၂၀၁၀ နေ့က သူငယ်ချင်းတစ်ယောက် ပြည်ပထွက်ရန် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ခဲ့သည်၊ ပြည်ပကိုထွက်မည့် များစွာသော လူတွေထဲတွင် မိန်းကလေးငယ်တွေကိုလည်း တွေ့ရသည်၊ ပြည်ပတောင် မရောက်သေး ပြည်တွင်းလေယာဉ်ကွင်းမှာပဲ ရှိသေးတယ် ၀တ်ထားလိုက်တဲ့ အ၀တ်ကို ကြည့်ပြီး စိတ်မကောင်းဖြစ်မိသည်၊ အော်--သူလေးက ဗိုလ်ဆန်တာကို ကြိုက်နေပုံ ရသည်၊ မြင်ရတဲ့သူတွေက မြန်မာတွေဖြစ်ကြသည်၊ မြန်မာမျက်လုံးနှင့် ကြည့်နေကြသည်ကို သူလေး မသိလေရောလားဆိုပြီး တွေးပြီး သနားမိသည်။ ထိုအတွက် မိဘတွေမှာလည်း တာဝန်ရှိသည်။ မိဘတွေကိုယ်တိုင်က ဗိုလ်ကို (ဗိုလ်ဆန်) ကြိုက်နေရင်တော့ မပြောတတ်တော့ပေ။
ဘာသာခြားတွေကတောင် မြန်မာ့ယဉ်ကျေးမှု့ကို မြတ်နိုးလာချိန်မှာ မြန်မာလူမျိုးစစ်စစ်တွေက မြန်မာ့ယဉ်ကျေးမှု့နှင့် သွေဖယ်လာခြင်းသည် ကိုယ့်လူမျိုး ကိုယ့်ဘာသာ ကိုယ့်ယဉ်ကျေးမှု့နှင့် ကိုယ့်ကိုယ်ကို အထင်သေး အမြင်သေးရာ ရောက်ပါသည်ဟု တွေးမိပါသည်။
ယခုအခါ ရုရှားလူမျိုးတစ်ယောက်သည် မြန်မာနှင့် မြန်မာ့ယဉ်ကျေးမှု့ကို သဘောကျလွန်း ကြိုက်လွန်းလို့ မြန်မာပြည်မှာ မြန်မာ့ဘ၀နှင့် စာပေများ သင်ယူလိုသည်။
နောက်အကြံတစ်ခုကား- ရုရှားနိုင်ငံမှာ မြန်မာတွေ များစွာရောက်နေပါပြီ၊ ထိုမြန်မာကျောင်းသားများကို အမှီပြုပြီး သို့မဟုတ် ထိုမြန်မာကျောင်းသားများကပဲ ထိုနိုင်ငံမှာ Theravada Buddhist Association ဗုဒ္ဓဘာသာ အဖွဲ့စည်းတစ်ခု ခိုင်ခိုင်မာမာ ရှိလျှင် ကောင်းမှာပဲဟုလည်း တွေးမိပါသည်။ စွမ်းနိုင်သူများနှင့် စိတ်ဝင်စားသူများ သို့မဟုတ် တာဝန်ရှိသူများက ဦးဆောင် လုပ်ပေးနိုင်လျှင် နောက်က လိုက်ပါကြမည့်သူများ အဆင်သင့် ရှိနေကြသည် ဖြစ်၍ အောင်မြင်ပါလိမ့်မည်၊
ရုရှား ပေးစာ (အပိုင်း-၂) ကို ဆက်လက် ဖော်ပြသွားပါမည်။

ရွှင်လန်းချမ်းမြေ့ပါစေ။
သီတဂူစတား
၃-၈-၂၀၁၀

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP