*ဘ၀မေ့သူ*
0 အကြံပြုပါသည်။ Posted in: အထွေထွေစာစုလေးများ
မြတ်စွာဘုရားရှင်သည် ဇေတ၀န်ကျောင်း၌ သီတင်းသုံတော်မူစဉ် ကောသလမင်းကြီးက မလ္လိကာမိဖုရားအ ပေါ်ငြိုငြင်းခြင်းဖြစ်သည်ကိုအကြောင်းပြု၍ အောက်ပါဇာတ်တော်ကို ဟောကြားတော်မူခဲ့ပါသည်။ ဗာရာဏသီ၌ဗြဟ္မဒတ်မင်းစိုးစံစဉ်အခါက…ဘုရားလောင်းတော်သည် ပညာရှိအမတ်ဖြစ်လေ၏။ တစ်နေ့တွင်မင်းကြီးသည် လေသာပြတင်းပေါက်မှ ကြည့်စဉ်အ၀တ်အထည်နွမ်းပါးသော်လည်း အလှပန်းပွင့်နေသော ဇီးသီးသည်မလေးကို မြင်လိုက်သည်နှင့် တပ်မက်သဖြင့် ခေါ်ယူသိမ်းပိုက်ပြီး သုဇာတာမိဖုရားအဖြစ် ချီးမြှင့်မြှောက်စား၍ အမြတ်တနိုးထားခဲ့လေ သည်။
နှစ်ပေါင်းအတော်ကြာလာသောအခါ မင်းကြီးသည်နေ့လယ်နေ့ခင်း ပွဲတော်အုပ်အတွင်း၌ ဇီးသီးကိုထည့်၍ စားနေစဉ် သုဇာတာမိဖုရားကြီးရောက်လာပြီး “အရှင်မင်းမြတ်စားသုံးနေသည့် နီနီလုံးလုံးကလေးတွေဟာ ဘာသီးလဲဘုရား” ကျီစယ်လိုသည့်သဘောဖြင့် မေးမြန်းရာမင်းကြီး၏စိတ်အခန့်မသင့်ခိုက် ကြုံကြိုက်သဖြင့် ဇီးသီးရောင်းပြီးစားနေရသော ဇီးသီးသည်မကဇီးသီးကို မမှတ်မိလေရော့သလားဟု ရုတ်တရက်ဒေါသထွက် ကာ“ဇီးသီးသည်မကို ဇီးသီးသည်အိမ်ပြန်ပို့လိုက်တော့” ဟုအမိန့်ချမှတ်လိုက်၏။
ထိုအခါ အနီးအနားတွင်ရှိသော ပညာရှိအမတ်က “မင်းကြီး…မိန်းမတို့သည် အခြံအရံကျော်စောခြင်းတို့နှင့် ပြည့်စုံလာလျှင် ဘ၀ကိုမေ့တတ်မြဲ ဓမ္မတာဖြစ်ပါသည်။ သို့ဖြစ်ပါ၍သုဇာတာမိဖုရားအား ခွင့်လွတ်တော်မူပါ” ဟုကြားဝင်လျောက်ထားသည့်အခါ မင်းကြီးသည်သတိတရားရ၍ မိဖုရားအားအပြစ်မှ ခွင့်လွတ်လိုက်ပြီး မင်းနှင့်မိဖုရားနှစ်ပါးတို့ သင့်မြတ်၍သွားကြလေသည်။
ဤဇာတ်တော်မှ ကျွန်တော်တို့အတွက် ဘယ်နေရာ၊ဘယ်ဒေသရောက်ရောက် ကိုယ်မွေးဖွားရာဒေသ၊ ပညာသင်ပေးရာနေရာကို ဘယ်လိုအခြေအနေမျိုးဘဲရောက်နေပါစေ ဇီးသီးသည်မ ဘ၀မေ့သလိုမျိုးမဖြစ် ရအောင်သတိထားသင့်ပါတယ်။ ဘယ်နေရာ၊ဘယ်ဒေသတွေ ဘယ်လောက်ကောင်းကောင်း၊ဘ၀တွေ ဘယ်လိုမြင့်မားနေပါစေ ဖ၀ါးလက်နှစ်လုံး ဖခုံးလက်နှစ်သစ်မှ စပြီးကျွေးမွေးစောင့်ရှောက်သင်ကြားပေးခဲ့ သောမိဘဆရာသမားများ၊ ဆွေမျိုးဥာတကာမိတ်ဆွေသူငယ်ချင်းများ တလုတ်တဆုပ်ကျွေးမွေးဘူးသူများကို မမေ့အပ်သင့်ပါဘူး။
ဒါမှသာ အမိက မွေးထုတ်လိုက်ရကျိုးနပ်ပြီး မိသားစုအတွက် နိုင်ငံအတွက် အဖိုးမဖြတ်နိုင်သော ကျောက်
ကောင်းတစ်စေ့ ပန်းကောင်းတစ်ပွင့်အဖြစ် လောကအလယ်တင့်တယ်လိမ့်မည်ဖြစ်ပါသည်။
အားလုံးသော ဓမ္မမိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ။
မှီးငြမ်း။ ။စတုက္ကနိပါတ်(၃၀၆)၊သုဇာတာဇာတ် (ငါးရာငါးဆယ်နိပါတ်တော်)


0 comments:
Post a Comment