* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, July 22, 2010

ငါ့မှာ တာဝန်ရှိတယ်... ပေးစာ (၂၂)...

ပေးဆပ်ခြင်းမှာ ပျော်မွေ့ကြတဲ့ လူငယ်လေးများနဲ့ အတူ
(အလယ် - ကျောင်းထိုင်ဆရာတော်နှင့် စာရေးသူ)
ဒီတစ်ခါ သားတို့၊ သမီးတို့အတွက် ဘုန်းဘုန်း ရေးချင်တဲ့ စာကတော့ ပရဟိတနဲ့ ဆိုင်တဲ့ အခြေခံ အကြောင်းလေးပါ။ ဒီတစ်နှစ် ၂၀၁၀ နွေရာသီ ဒေလီတက္ကသိုလ် စာမေးပွဲ ပြီးလို့ မြန်မာပြည် ခဏ ပြန်ကြွတော့ ရန်ကုန်တက္ကသိုလ် ကျောင်းပေါင်းစုံက ကျောင်းသား လူငယ်တွေ ဖွဲ့စည်း တည်ထောင်ထားတဲ့ စေတနာ သုခ ပရဟိတ အဖွဲ့ (http://community.stntk.org/) နဲ့ တွေ့ဆုံခွင့်ရခဲ့တယ်။
အိန္ဒိယကနေ ရန်ကုန်ကို မရောက်ခင် ကတည်းက အဲဒီ အသင်းအဖွဲ့လေးကို စပြီး တည်ထောင်ခဲ့တဲ့ မောင်ဘုန်းကျော်ဝင်း က ဘုန်းဘုန်းကို အင်တာနက်ကနေ ကြိုတင်ပြီး ပင့်ဖိတ်ထားတယ်လေ။ စေတနာသုခ ပရဟိတ အဖွဲ့ရဲ့ အလှူပွဲ တစ်ခုမှာ သြ၀ါဒ စကား ချီးမြှင့်ဖို့ပေါ့။ ဘုန်းဘုန်းကလည်း အများအကျိုးအတွက် နိုင်တဲ့ဘက်ကနေ လုပ်ဆောင်နေကြတဲ့ လူငယ်တွေ ဆိုရင် သိပ်ကို လေးစားတာကွဲ့။ ဒါကြောင့် သြ၀ါဒ မိန့်ကြားပေးဖို့ ပင့်ဖိတ်တာကို ၀မ်းသာအားရနဲ့ပဲ လက်ခံခဲ့တယ်။ တကယ် အလုပ်လုပ်နေကြတဲ့ လူငယ်တွေကို သြ၀ါဒ ပေးရတာ တကယ့်ကို အနှစ်သာရ ရှိပါတယ်။
The Rainbow ဆိုတဲ့ ကဗျာလေး အထဲက စာကြောင်းလေး တစ်ကြောင်းကို မှတ်ထားဖူးတယ်။
The Child is father of the man.

အဓိပ္ပာယ်ကတော့ “ကလေးဆိုတာ လူကြီးရဲ့ အားထားရာ” ဖြစ်တယ်။ ကလေးဆိုတာ လူကြီးရဲ့ အဖေ လို့ အဓိပ္ပာယ် ယူလို့ မရဘူးနော်။ အခု ပရဟိတ လူငယ်တွေဟာလည်း ဗုဒ္ဓသာသနာတော် အတွက် တကယ်ကို အားထားရတဲ့ လူငယ်တွေ ပါပဲ။ လူကြီးတွေ အားထားရတဲ့ လူငယ်တွေ မဟုတ်လား။
အဲဒီတော့ ဘုန်းဘုန်းလည်း ရန်ကုန်ရောက်တာနဲ့ ပင့်ဖိတ်ထားတဲ့ အလှူပွဲကို ရောက်သွားတော့တယ်။ အလှူပွဲက ရန်ကုန်၊ မင်္ဂလာဒုံ မြို့နယ် ဆင်းရဲသား ရပ်ကွက်တစ်ခု အထဲက ပုည၀ိသုဒ္ဓိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှာပေါ့။
စေတာနာ သုခ ပရဟိတ အဖွဲ့က အမှန်တကယ် လိုအပ်နေတဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေ၊ သီလရှင်သင် (အမျိုးသမီး) ပညာရေးကျာင်းတွေကို စုံစမ်းပြီး လှူဒါန်းနေကြတာပါ။
လူငယ်တွေဟာ စိတ်တူ ကိုယ်တူနဲ့ တက်ညီ လက်ညီ ပူးပေါင်း လုပ်ဆောင်နေတာ တွေ့ရတော့ ဗုဒ္ဓသာသနာအတွက် အားကိုးရတဲ့ လူငယ်တွေကို ရင်ထဲကနေ သာဓု အကြိမ်ကြိမ် ခေါ်ပေးနေတာကတော့ အမှန်ပါပဲ။
အဲဒီ လူငယ် အဖွဲ့လေးကတော့ သူတို့ရဲ့ ကျောင်းမုန့်ဖိုးငွေတွေကို စုပြီး လစဉ် ပုံမှန် အလှူလုပ်နေကြတာ။ မုန့်ဖိုး ဆိုတာ ကျောင်းသားတွေရဲ့ ၀င်ငွေပဲ။ ကိုယ့်ရဲ့ ၀င်ငွေကို တတ်နိုင်သမျှ လိုအပ်တဲ့ နေရာမှာ လှူဒါန်းကြတယ် ဆိုတာ ပေးကမ်းချင်တဲ့ စိတ်က လူငယ်ကတည်းက ရင့်ကျက်နေပြီးသား ဖြစ်နေတယ်။ အလှူပွဲမှာ လူငယ်တွေ လုပ်ကိုင် နေကြတာကလည်း စည်းစနစ် ရှိကြသား။ တာဝန်ကိုယ်စီ ခွဲယူပြီးတော့ ၀ိုင်းဝန်း လုပ်ဆောင်နေကြတာလေ။
Unity is Strength.
စည်းလုံးခြင်းသည် ခွန်အား” ဆိုသလိုပေါ့။
အချိန်အား၊ ငွေအား၊ လူအားအပြင် စိတ်ဓာတ် အင်အားတွေပါ ပေါင်းစည်းပြီး လုပ်နေကြတာလေ။
အခုခေတ် လူငယ်တွေ တော်တော်များများ ဟာ ငွေနဲ့ အချိန်တွေကို တန်ဖိုးရှိတဲ့ နေရာတွေမှာ အသုံးပြုဖို့ မေ့နေတတ်ကြတယ်။ လူငယ်တွေ ပိုင်ဆိုင်နေကြတဲ့ အချိန်နဲ့ ငွေတွေကိုသာ သာသနာအတွက် တကယ် လိုအပ်တဲ့ နေရာမှာ အသုံးချကြမယ် ဆိုရင် သာသနာဟာလည်း တစ်ဖက်တစ်လမ်းက အင်အားတစ်ခုတော့ ရနေမှာပဲ။ အသိစိတ်ဓာတ် ရှိတဲ့ လူငယ်အနည်းစုသာ ငွေနဲ့ အချိန်တွေကို တန်ဖိုး ရှိတဲ့ နေရာတွေမှာ အသုံးချနေကြတာ။
လူအနည်းစုက အသိစိတ်ဓာတ်နဲ့ အမျိုး၊ ဘာသာ၊ သာသနာအတွက် အလုပ်လုပ်နေကြတာ။ လူအများစုသာ အဲဒီလို စိတ်ဓာတ်တွေ ရှိနေကြမယ် ဆိုရင် ဗုဒ္ဓသာသနာတော်ဟာ ကမ္ဘာတည် သ၍ ရှိနေမှာပါ။
ဒါကြောင့် ဘုန်းဘုန်း ပြောချင်တာက သားတို့၊ သမီးတို့ လူငယ်တွေဟာလည်း
အမျိုး၊ ဘာသာ၊ သာသနာအတွက် ငါ့မှာ တာဝန်ရှိတယ်
ဆိုတဲ့ အသိစိတ်ဓာတ်လေးကို အမြဲတမ်း စွဲနေပြီး တကယ်လည်း လုပ်ဆောင်ပေးနိုင်တဲ့ သူတွေ ဖြစ်အောင် ကြိုးစားကြရမယ်ကွဲ့…..
ပရဟိတ အလုပ် ဆိုတာက ပေးဆပ်ခြင်းပါ။
ပေးဆပ်ခြင်းမှာ ပျော်မွေ့တဲ့ ပုဂ္ဂိုလ်တွေဟာ စွန့်လွှတ်၊ အနစ်နာ ခံသူတွေပါ။
စွန့်လွှတ်၊ အနစ်နာ ခံသူတွေဟာ သူတော်ကောင်း တွေပါ။
သူတော်ကောင်းဆိုတာ ကုသိုလ်မှာ ပျော်မွေ့ နေသူတွေပါ။
ကုသိုလ် ဆိုတာက နိဗ္ဗာန်ကို ပို့ဆောင်ပေးနေတဲ့ တွန်းအားပါ။
ဒါကြောင့်…
နိဗ္ဗာန်ရောက်ဖို့
လောက ကောင်းကျိုးအတွက် ပရဟိတ လုပ်ကြစို့…..

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP