*တဏှာရေကြော*
ကဲ ကောင်းပြီ.. ဒိဋ္ဌိသည် မိမိတို့ သန္တာန်မှာ ရှိခဲ့သော် ၀ိစိကိစ္ဆာလည်း ပါစမြဲပဲ.. စဉ်းစား.. ခန္ဓာငါးပါး သဘောကို မသိရင်.. ကံကိုကော သိပါ့မလား.. တကယ် မသိပါဘူးနော်.. ကဲ.. အားလုံး ကံမြောက်တာကို သဘောပေါက်ပြီ.. တစ်ယောက်တည်း ထိုင်နေရင်းနဲ့ ရင်ထဲမှာ စကားပြောတယ် ဆိုတာ ဘာကြောင့် ပြောသလဲ.. ဥပမာ.. ကဲ အိမ်အကြောင်း ဆိုရင်ပေါ့နော်.. ဒါကို ဘုန်းဘုန်းတို့ ၀တ္ထုလေးနဲ့ ပြောရအောင်နော်.. ဒီခေတ်စကားနဲ့ ပိုကောင်းတယ်.. ဘုန်းဘုန်း အဖိုး ပြောဖူးတာပဲ ပြောရအောင်နော်.. အဖိုးက ဆုံးမဖူးတယ်.. သူတို့ ရွာမှာတဲ့ ဟိုတုန်းက သာယာဝတီ နယ်ဘက်မှာ ဆရာတော် တစ်ပါးက အင်မတန် တန်ခိုးကြီးတာ.. သူများ စိတ်အကြံတောင် သိတယ်.. အဲတော့ ဘုန်းကြီးလွန်း အားကြီးတော့ သူ့နားမှာ နေတဲ့ ရသေ့ကြီးကလည်း ဆရာတော် ကြီးကို ချဉ်းကပ်တယ်.. လာဘ်လာဘ အင်မတန် ပေါတာတဲ့.. ဆရာတော်ဘုရားက ဘာကြောင့် စွမ်းအားရှိလဲ.. ရသေ့ကြီးက အကြောင်းရှာတာ မသိတော့ တရားထိုင်တဲ့ နေရာကြောင့် ထင်တယ်တဲ့.. နေရာလည်း ပါတော့ ပါတာပေါ့နော်.. ဘုရားတောင်မှ ဗောဓိပင် အရှေ့အရပ်ကို ရွေးရသေးတာပဲ နော်.. နေရာလည်း ပါတော့ ပါတာပေါ့.. အဲတော့ ဆရာတော် ဘုရား ထိုင်တဲ့ နေရာကို လိုက်ထိုင်ရင်တော့ ငါတော့ အားရှိမယ် ထင်တာပေါ့.. ဆရာတော်ဘုရား.. ဆရာတော်ဘုရား ဂူထဲသွားရင် လိုက်ပါရစေလို့ ပြောတော့.. အေး လိုက်ခဲ့ ဆိုပြီး ခေါ်သွားတာ.. ဂူထဲကျတော့ အင်မတန် ခြောက်ခြားလာတယ် ကြောက်လာတယ်..
ဆရာတော် ဘုရားကြီးက မျက်စိမှိတ် ထိုင်တော့.. နောက်ကလည်း မထိုင်ရဲ.. ရှေ့လည်း သွားမထိုင်ရဲ.. အဲတော့ ဘေးတိုက်ကလည်း မမြင်ရရင် ကြောက်သေးတာ ဆိုတော့.. ဆရာတော်ကြီးဘက် လှည့်ပြီးတော့ကာ ညာဘက်က လှည့်ပြီး ထိုင်ပြီး ကြည့်နေတယ်.. ကြောက်လို့ ကြောက်လို့.. အဲတော့ မလှမ်းမကမ်း ထိုင်ပြီးတော့. ဆရာတော်ကြီးကတော့ ငြိမ်သွားပြီ.. သူကတော့ ယောက်ယက်ခတ် နေတာ.. အဲမှာ မျက်စိမှိတ်လိုက် ပြီးတော့ကာ.. မှိတ်လိုက်တော့ သူ့မှာ ပေါ်တာက မျက်နှာ အမူအယာ၊ ကိုယ် အမူအယာ ပေါ်နေတာပဲ.. အထည် ထင်ထားတော့ကာ တွေးတော့.. ငါသာ ဆရာတော် ဖြစ်ရင် ဆိုပြီး သူ့ကိုယ်သူ ဘုန်းကြီး ၀တ်လိုက်တာ.. သိပ်မြန်တာနော်.. နံပါတ် သုံးအဆင့် သိပ်မြန်တာ.. ဆရာတော့် နေရာမှာ ရောက်သွားရင် ဆိုပြီး စိတ်ကူး ယဉ်နေလိုက်တာ.. တဏှာရေကြော မျောတယ် ခေါ်တယ်နော်.. ဥပါဒါန်၊ ကံ ရောက်သွားပြီ.. ၀ါဆိုလ ဆိုလည်း ၀ါဆို သင်္ကန်းတွေ အများကြီး.. ကထိန်ဆိုလည်း ပဒေသာပင်တွေ အများကြီးမြင်ပြီး ကျက်သရေ ခန်းထဲမှာ အများကြီး ဖြစ်နေတာ..
သူက ပစ္စည်း ထိန်းနေရာတာ ဆိုတော့ သိတာပေါ့.. ပစ္စည်းတွေ အများကြီး၊ သင်္ကန်းတွေ၊ ပရိက္ခရာတွေ များလာတော့ ဘာဆက်လုပ်မလဲ ဆိုတော့.. တဏှာက ထပ်ပုံဖော်ပေးတယ်.. လူထွက်ပြီး ပရိက္ခရာဆိုင် ထောင်မယ်တဲ့.. :) ကဲ စဉ်းစား တကယ်ဆို လှူဒါန်းပြီးတော့ တရားကျင့်ပါလား.. အဲလို မဟုတ်ဘဲ တဏှာက လှည့်ပေးလိုက်တာက ပရိက္ခရာဆိုင်ပုံကို ထပ်ဖော်ပေးတယ်.. ဖော်တဲ့ အတိုင်း ဥပါဒါန်က ဆက်သွားတာနော်.. ဆိုင်ထောင်ပြီးတော့ ပိုက်ဆံက တအား များလာတော့.. ဘာဆက်လုပ်မလဲ.. မနိုင်မနင်း ဖြစ်တော့.. ဒကာမတစ်ယောက် လိုလာပြီတဲ့.. တဏှာက ဖော်ပေးတာပဲ.. အကွက်လေး သပ်သပ် ဖော်ပေးတာ.. တဏှာက ဖော်ပေးတာနော်.. အဲတော့ ဘယ်တုန်းက ကြိုက်သွားလဲ မသိဘူး.. အိမ်ထောင် ပြုလိုက်ကော.. အိမ်ထောင်ပြုပြီး တစ်ခါ ဘာဆက်လာလဲ ဆိုတော့ ကလေးမွေးလိုက်တာ.. ချက်ချင်း ဆယ်လပြည့်တာ..
ယောက်ျားလေး ရတော့မှ သားလေးကို ချစ်လွန်း အားကြီးတော့ကာ နာမည်ပေးလို့ မရဘူး.. မထူးပါဘူး ရွှေတွေ ငွေတွေ ဆင်ပြီးတော့ကာ ရွှေဖို့လို့ ပေးလိုက်မယ်.. ရင်ထဲမှာ စကားတွေ ပြောနေတာ.. ရွှေဖို့ဆို ဆရာတော် ကြီးက သိနေပြီတဲ့.. တအောင့်လောက် ကြာတော့.. ဆရာတော်ကြီးကို ထကန်မိတာ.. ဘာဖြစ်လို့လဲ ဆိုတော့.. ကလေးကို ပုခက်ထဲမှာ ထည့်ထားပြီးတော့.. မိန်းမက လွှဲရင်းနဲ့ သူက ဈေးရောင်းနေတာ.. အဲမှာ ပုခက်ထဲက ကလေးက ပြုတ်ကျသွားတာ.. ခေါင်းကွဲသွားတာ.. ထကန်လိုက်တာမှာ ခြေထောက်က ယောင်ပြီး ဆရာတော် နဖူး သွားကန်မိတာ.. အဲမှာ ဆရာတော်ကြီးက.. ဟဲ့ ရွှေဖို့တို့ အဖေ.. နင့်ဟာက လွန်ကုန်ပြီ လွန်ကုန်ပြီ ဆိုမှ ထိုင်ကန်တော့လိုက် ရတာ.. ဆရာတော် ကြီးက သိတယ်တဲ့နော်.. သူ နာမည်ပေးတာကို ဟိုက ကြားနေတာ.. စိတ်အကြံ သိနေတာကိုး.. ရွှေဖို့တို့ အဖေ လွန်ကုန်ပြီ.. လွန်ကုန်ပြီ.. တားလို့ မမှီလိုက်ဖူးတဲ့.. ဖြစ်ခဲ့တာနော်..
အဲတော့ မှတ်ပါ.. ကံမြောက်တယ် ဆိုတာသည်.. ဒီဘက်က အတွေး ပေါ်ရာမှာ နံပါတ်နှစ် အကွက်၊ သဘောပေါက်လား.. ပေါ်တိုင်း ပေါ်တိုင်းမှာ မနောအထိ လာထင်ဟပ် တာကို.. ဒီက နောက်စိတ်က.. အင်မတန် မြန်တာ.. ကာလမခြားနော်.. အမှောင်ဖုံးပြီးတော့ကာ ဆက်တာ.. ဆက်တော့မှ စကားတွေ ပြောပြီးတော့.. ရင်ထဲမှာ.. အင်မတန်မြန်တာ.. နားလည်မလား.. ဓါတ်ရိပ်ဓါတ်ခိုးတွေ ပြောင်းပြီး လက်တွေ ခြေတွေ လှုပ်ရှားတော့တာ.. ဒါကို ကံမြောက်တယ် ခေါ်တာ.. နားလည်ပြီနော်..
အဲဒီ ကံရဲ့ နောက်ကွယ်မှာ အပူဓါတ် အဟုန်ဆိုရင် အကုသိုလ်ကံ.. အအေးဓါတ် အဟုန်ဆိုရင် ကုသိုလ်ကံ.. (ဤနေရာတွင် အပူဓါတ်၊ အအေးဓါတ်သည် တေဇောဓါတ်၊ အဟုန်သည် ၀ါယောဓါတ်ဟု မှတ်ပါ။) ဓါတ်ရိပ်ဓါတ်ခိုးတွေ ပြောင်းတာနဲ့ အမျှ ဘ၀ပြောင်းတာ.. အပူဓါတ် အဟုန်နဲ့ ဆက်ပြီးတော့ကာ တွေးမယ် ဆိုရင်.. မာနတွေ လောဘတွေ ပါနေမယ်.. ကြမ်းတမ်းနေမယ် ဆိုရင်.. အပါယ် ဇာတိ.. အစုန်လမ်း ဖြစ်နေတာ.. “အချိန်တိုင်း တွေးနေရင်း ဘ၀ပြောင်းနေတာ”.. နောက်ပြီး အအေးဓါတ် အဟုန်နဲ့ ကြည်လင်ပြီး.. မျက်နှာလေးလည်း ပြုံးပြီး ကြည်လင်နေမယ် ဆိုရင်တော့ အထက် မဆန်ဘူးလား.. ဒါ အဆန်လမ်း ဖြစ်နေတာ.. အဲတော့ ဘုန်းကြီးက သိစေချင်တာ အားလုံးကို.. အစုန်လမ်း၊ အဆန်လမ်းကို လည်းပဲ ခန္ဓာငါးပါးကို သိမှ ခွဲတတ်တာ.. နားလည်ပြီလား.. အဲ တဏှာ အစပ်ဖြတ်တာကတော့ နိဗ္ဗာန်လမ်းလို့ သိရင် ၀ိစိကိစ္ဆာ မလာဘူးတဲ့.. သဘောပေါက်လား.. ဒါဖြင့် ခန္ဓာငါးပါး တစ်ချက်သိရင် ဒါတွေ အကုန်ပြီးတယ်လို့ မှတ်လိုက်.. ရပြီလား..
ပိုင်းလော့ ဆရာတော်ဘုရား ဟောကြားတော်မူသော ကိလေသ သံယောဇဉ်ဆယ်ပါး ပယ်ပုံ တရားတော်မှ ထုတ်နုတ်ရေးသား ပူဇော်ပါသည်..။
လေးစားစွာဖြင့်
ဖိုးသား
7/15/2010 12:38:35 AM
Labels: ပိုင်းလော့ဆရာတော်ဘုရား (အလုပ်ပေးတရား)

0 comments:
Post a Comment