* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, July 15, 2010

ကျမနှင့် ဦးခေါင်းသေးသည့် ရောဂါ


လသာညရဲ့ ဦးခေါင်းသေးတဲ့ ရောဂါ ပို့စ် ဖတ်ပြီး

ကျောင်းသားဖြစ်ပြီး စာမကြည့်ပဲ တီဗွီရှေ့ချည်း ထိုင်နေတဲ့ သားကြီးကို “ဟဲ့ စာကြည့်ဦးလေ
ပြောလိုက်ရင် ခဏ မေမေ ၉-နာရီခွဲ သတင်းလေး ကြည့်လိုက်ဦးမယ်” တဲ့။ ကမ္ဘာ့ဖလားဘောလုံးပွဲ ရာသီမှာလည်း ပြောလိုက်တဲ့ နိုင်ငံအလိုက် ဘောလုံးအသင်းတွေအကြောင်း၊ ဘောလုံးသမားတွေအကြောင်း တတွတ်တွတ်နဲ့။ ကိုယ့်မှာ ဘာမှ နားမလည်တဲ့ ဘာသာရပ်ကို သူပြောလာရင် ရွှီးနိုင်အောင်လို့ သူကျောင်းသွားနေတုန်း ဘလော့ဂ်တွေ ဖတ်ပြီး လေ့လာထားရတယ်။ ဒါတောင် ဘယ်အသင်းနဲ့ ဘယ်အသင်း ပြိုင်တယ်၊ ဘယ်သူနိုင်လို့ ဘယ်သူရှုံးတယ် ဆိုတာလောက်ပဲ ခေါင်းထဲမှတ်နိုင်တာ။ သူ့ထက် ငါးနှစ်ကျော်ငယ်တဲ့ အငယ်ကောင်က အကိုနဲ့ အပြိုင် အပြန်အလှန် ပြောနိုင်လို့ တော်သေးရဲ့ အောက်မေ့ရတယ်။ Star Players နာမည်တွေ ခေါ်ခေါ်ပြီး ဆယ်ပေပတ်လည် အခန်းကျဉ်းလေးထဲမှာ တအုံးအုံးနဲ့ ကန်လိုက်ကြတာ။ တခါတခါလည်း “လာ မေမေ CNN သတင်းတွေ တူတူကြည့်ရအောင်” လို့ ခေါ်တတ်ပြန်သေးတယ်။ ဒီအရွယ်နဲ့ တကမ္ဘာလုံးမှာ ဖြစ်နေတာတွေ ဘာဖြစ်လို့ သိချင်နေမှန်း မသိဘူးလို့ စိတ်ထဲက အချဉ်ပေါက်မိတယ်။ ပြီးရင် လာပြောပါပြီ… “မေမေ ဟိုနိုင်ငံမှာ ဟိုဟာဖြစ်သွားတာလေ သိလား…။ ဒီလူ ကတော့ တော်တော် ဘာဖြစ်တယ် ညာဖြစ်တယ်” နဲ့။ အိမ်ထဲနေတဲ့ မအေ့ခေါင်းပေါ် ဦးထုပ်တွေ လာလာဆောင်းနေတာ...။

အငယ်လေးကလည်း လာသေးတယ်။ အိပ်ခါနီးရင် စာအုပ်တွေ ဆွဲလာပြီး “ဒါဖတ်ပြ” လို့ လုပ်တတ်သေးတယ်။ ကိုယ့်မှာ အသံ မထွက်တတ်တာတွေရော၊ အဓိပ္ပါယ် မသိတာတွေရောကို အိုက်တင်ကြီးတခွဲသားနဲ့ မနည်း အောင့်အီး ဖတ်ရတယ်။ စိတ်ထဲကတော့
လာပြန်ပြီ တယောက် ငါ့ခေါင်းပေါ် မတော်တရော် ဦးထုပ်တွေ လာတင်နေပြန်ပြီ လို့…။

ကလေးတွေ အိပ်သွားတော့ ဟိုလူကြီးက လာပြန်ပါရော။ “ဒါလေး နားထောင်ကြည့် … သူပြောသွားတာ တော်တော် ကောင်းတယ်”
နဲ့ ကမ္ဘာကျော် ပုဂ္ဂိုလ်ကြီးတွေရဲ့ ဟောပြောပွဲတွေ, မိန့်ခွန်းတွေကို နားထောင်ခိုင်းပြန်ပါလေရော… အောင်မလေး လို့သာ အော်ပြေးချင်လျက်နဲ့ပဲ … ဧရာမ ဦးထုပ်ကြီးတွေ ခေါင်းပေါ် အတင်ခံရပြန်ပါရော… ။

မသီတာ တဖြေးဖြေး
ဦးခေါင်း သေးတဲ့ ရောဂါ ရနေပါကြောင်း ဘလော့ဂ်ကတဆင့် ဗျို့ဟစ်လိုက်ရပါတယ်။

*****

မသီတာ သူငယ်တန်း တက်ခါစက စာလိုက်နိုင်ပါတယ်။ ဒါပေမဲ့ ဖတ်စာ (၉) အရောက်မှာ...

ကျားကြီး ခြေရာကြီး
ပျော်ပျော်နေ သေခဲ
မေးဖန်များ စကားရ
ကျီစားသန်က ရန်များ၏။
အဲ့ဒီ စာပုဒ်က ကိုယ့်အတွက် တော်တော် ခက်နေတယ်။ စကားပုံတွေနဲ့ စတင်မိတ်ဆက် လိုက်တာဆိုတော့ အဲ့ဒီအရွယ်က ကိုယ့်ဦးနှောက်နဲ့ လိုက်မမှီသလို ဖြစ်ပြီး စာမကျေညက်သလို ခံစားရမိတယ်။

“သမီး ဒီဟာ သိပ်မရဘူး... သင်ပေး”
လို့ အမေ့ကို ပထမဦးဆုံးအကြိမ်အဖြစ် (ထင်တယ်) စာသင်ခိုင်းမိတယ်။
တန်းလျားလေးပေါ်မှာ သားအမိနှစ်ယောက် အမေက ဖတ်စာအုပ်ကြီး ကိုင်လို့
“လိုက်ဆို” တဲ့။ “က ကြီး ယပင့် ရေးချ ကျာ… ရှေ့ကပေါက် ကျား”
ကိုယ်ကလည်း လိုက် ဆို လိုက်တယ်ပေါ့…။ နည်းနည်းတော့ ဆန်းနေသလိုပဲ...
စိတ်ထဲက ငါ စာ မကျေသေးလို့ ဆန်းသလို ဖြစ်နေတာလို့ပဲ ထင်လိုက်တာပေါ့လေ။
အမေက ဆက်ဆိုတယ်။
“က ကြီး ရရစ် လုံးကြီးတင် ဆန်ခတ် ကြီ… ရှေ့ကပေါက် ကြီး”
ဒီတခါမှတော့ ဘာ ဆန်းနေတာ လဲ ဆိုတာ သိပြီ။
“ဟီးဟီး... ရှေ့ကပေါက် ကြီး တဲ့” ဆိုပြီး အော်ရယ်လိုက်တာ။
အမေက “ကောင်မလေး ဘာရယ်တာလဲ
တဲ့။
အဲ့ဒါ ၀စ္စနှစ်လုံးပေါက်ပ...။ အမေက ရှေ့ကပေါက်ပါ နဲ့ သားအမိနှစ်ယောက် ငြင်းကြတာ...။
“သမီးတို့ကို ၀စ္စနှစ်လုံးပေါက်လို့ ဆရာမကသင်တယ် အမေ” ဆိုမှ
“ညီးတို့ဟာတွေ မသိဘူးအေ” လို့ ပြုံးပြုံးကြီးနဲ့ “သွား ကောင်မလေး ငါ့ကိုနောက်တယ်… မသင်တော့ဘူး” လို့ ပြောခဲ့တာ…။

ဦးထုပ် ဆောင်းပေးလိုက်မိလို့ ရှက်သွားတဲ့ အမေ့ မျက်နှာကို ပြန်လည်မြင်ယောင်မိပါတယ်။

ငယ်စဉ်က အတန်းပညာ သင်ကြားခွင့် မရခဲ့ကြတဲ့ အဖေရော အမေပါ ကျမတို့ကိုတော့ အတတ်ပညာတွေ သင်ယူနိုင်ဖို့ အခွင့်အရေးတွေ ဖန်တီးပေးခဲ့ကြရင်း၊ “ဒီအဖိုးကြီး အဖွားကြီးတွေ ငါတို့လောက် မသိပါဘူး မတတ်ပါဘူး” ဆိုတဲ့ အတွေးမျိုး မ၀င်နိုင်အောင် ကြီးမားတဲ့ စေတနာ, မေတ္တာတွေနဲ့ အသိပညာတွေ ပေးနိုင်ခဲ့ကြပါတယ်။

*****
ခေတ်နဲ့ အညီ ပြောင်းလဲနေတဲ့ ဦးထုပ်တွေက ကျမတို့ကို ဦးခေါင်း သေးသေးသွားစေတဲ့ ခံစားမှုတွေ ပေးမှာ မလွဲမသွေပါ။ ဒါပေမဲ့ ကျမတို့ ဘိုးဘွားမိဘတွေ လက်စွဲကျင့်သုံးခဲ့ကြတဲ့ ရိုးသားခြင်း၊ မေတ္တာတရား၊ တန်ဖိုးထားတတ်မှုတွေနဲ့ နှလုံးသားတွေ ကြီးမားအောင် ကြိုးစားရင်း၊ ကြီးရင့်လာတဲ့ အသက်အရွယ်နဲ့ လိုက်ဖက်ညီအောင် အလှဆင်သင့်ကြောင်း ရေးသားလိုက်ရပါတယ်။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP