* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, July 15, 2010

ဒကာများနှင့်တိုင်ပင်ခြင်း


သင်တန်းစာအုပ်ကလေးတွေရိုက်နှိပ် ပြီးသောအခါ စာအုပ်ကလေးတွေနှင့်အတူ ရွာသို့
ပြန်လာခဲ့၏။ နောက်နေ့တွင် ကျောင်းဒကာကြီး ( ၅ ) ဦးကို ကျောင်းသို့ လာရောက်စေ
ရ၏ ။ ( ရွာဓလေ့အရ ကျောင်းထိုင်ဘုန်းကြီးနှင့်အတူ ရပ်ရွာမှ တင်မြှောက်ထားသော
ဒကာကြီး (၅)ဦးတို့က ရွာ၏သာရေး နာရေးကိစ္စ အ၀၀ကိုဦးဆောင်စီမံကြရပါသည်။)

ဒကာကြီးများ စုံညီစွာ ရောက်လာသောအခါ ခေါ်ရခြင်း အကြောင်းကို ရှင်းပြရ၏။
ရွာက ကလေးတွေအတွက် ယဉ်ကျေးမှုသင်တန်းကလေး တစ်ခု လုပ်ပေးချင်ကြောင်း၊
ယခုမိမိတွင် ကလေးတွေအတွက် စာအုပ်ကလေးများအရံသင့်ရရှိထားပြီးဖြစ်ကြောင်း၊
သင်တန်းကာလကို( ၁၅)ရက်ခန့်လျာတားထားကြောင်း၊ ဒကာကြီများသဘောတူလျှင်
သင်တန်းဖွင့်မည့်ရက်ကို သတ်မှတ်ပြီး ရွာကို အသိပေးမည့်အကြောင်း ဘုန်းကြီးက
ရှင်းပြရလေသည်။ ဒကာကြီးများကလည်း ၀မ်းသာအားရ ထောက်ခံ ပြောကြားကြ
ပြီးလျှင် တပည့်တော်တို့ဘက်က ဘယ်လိုပံ့ပိုးကြရမှာလည်းဘုရား၊ စာအုပ်ဖိုးငွေတွေ
ကရော- ဆရာတော်န၀ကမ္မထဲက စိုက်ထားတာလားဘုရား" ဟုမေးမြန်းလျှောက်ထား
ကြလေသည်။ (တော်လိုက်တဲ့ ဒကာကြီးတွေ ) ။

စာအုပ်ဖိုးက မိမိ၏ဓမ္မဒါန ဖြစ်ကြောင်းကို ပြန်လည်ပြောကြားရ၏။ ထိုအခါ ဒကာကြီး
တစ်ယောက်က ဒီလိုဆို တပည့်တော် သင်တန်းစဖွင့်တဲ့နေ့မှာ ကလေးတွေကိုမုန့်ကျွေး
မယ်ဘုရားဟု လျှောက်ထားလာ၏။ နောက်တစ်ဦး၊ နောက်တစ်ဦး၊ နောက်တစ်ဦး-ဖြင့်
ဒကာကြီး ( ၅ ) ဦးလုံးပင် တစ်ယောက် တစ်ရက်စီ ယူကြလေရာ ကလေးများအတွက်
သင်တန်းတက်ချင်စရာကြီးပင် ဖြစ်ပေတော့၏။ ဤသို့ဖြင့် သင်တန်းကာလကို ကဆုန်
လ္ဆန်း( ၃) ရက်နေ့မှသည် ကဆုန်လပြည့်ကျော် (၂) ရက်နေ့အထိ ( ၁၅) ရက်၊ အချိန်--
နေ့လည် ( ၁) နာရီမှ ( ၃) နာရီထိဟု သတ်မှတ်လိုက်ကြ၏ ။ စာမေးပွဲကိုမူ ၀ါဆိုလ္ဆန်း
( ဂ) ရက်နေ့ကို သတ်မှတ်ပြီး ၀ါဆိုလပြည့်နေ့တွင် ဆုချီးမြှင့်မည် ဖြစ်ကြောင်းကိုပါ
သဘောတူညီချက် ရကြလေသည်။

နောက်နေ့နံနက်တွင် ကျက်သရေအပေါင်းနှင့် ပြည့်စုံလှစွာသော ရောင်နီဦးနှင့်အတူ ရွာဦးကျောင်းအသံချဲ့စက်မှ ဆရာတော်ဝီရသူ၏ " မိခင်ရွာမှသာသနာ" တရားတော်
သည် ကြည်လင်ရှင်းသန့်စွာ ထွက်ပေါ်လာခဲ့လေ၏။ " ပြန်ခဲ့ပါ တော့ သားတော်
မောင်ပဉ္ဇင်းဘုရား"အမည်ရှိ ပိုင်ရှင်မဲ့ကဗျာလေး တစ်ပုဒ်ကိုမူတည်၍ အဓိပ္ပါယ်ဖွင့်ကာ
ဖွင့်ကာဖြင့် (စာသင်သား ရဟန်း သံဃာတော်များကို) ဟောကြားထားသည့် အဆိုပါ
တရားတော်သည် တစ်ရွာလုံး၏ ဗုဒ္ဓဘာသာနှလုံးသားကို ကိုင်လှုပ်နိုင်ခဲ့သည်သာမက
ဘယ်တော့နာနာ အားမာန်တွေ တိုးပွါးလာကြရသည်သာဖြစ်ပါ၏။( ထိုတရားတော်ကို
ဤနေရာသို့သွားရောက်၍ နာယူနိုင်ကြပါသည်။)
ဤနေရာ၌ အဆိုပါ ပိုင်ရှင်မဲ့ကဗျာ
လေးကို ဖော်ပြသင့်သည်ထင်ပါ၏။


ပြန်ခဲ့ပါတော့ သားတော်မောင်ပဉ္ဇင်းဘုရား


စာပေပရိယတ် ၊ ကျမ်းဂန်တတ်မှ

မြင့်မြတ်ပေမည် ၊ ကြံတွေးရည်၍
ထိုဤမြို့သို့ ၊ သားတော်ပို့သည်

လွမ်းလို့နေရပါတယ် ဘုရား ။


ဖခမည်းနှင့် -

သားကြီးမယ်တော် ၊ နေ့စဉ်မျှော်၍

ပေါ်လာလိမ့်နိုး ၊ လာလိမ့်နိုးဖြင့်

လက်ချိုးရေတွက်နေရပါတယ် ဘုရား။


ရွယ်မူနုထွေး ၊ ငယ်နုသေးသည့်

ကလေးအများ ၊ ချောင်းကြိုကြားမှာ

ငါးရှာဖားရိုက် ၊ ကစားလိုက်နှင့်

ငယ်ခိုက်ချိန်လေး ၊ စာနှင့်ဝေးသည်

တွေးရင်းရင်လေးနေမိပါတယ်ဘုရား ။


ရပ်သူရွာသား ၊ လူအများမှာ

တရားရေအေး ၊ တိုက်ကျွေးမည့်သူ

မရှိမူ၍ -----------------------
လူသည်လူ့အသိမရှိကြတော့ပါဘုရား ။


သားတော်ငယ်ပေါင်း ၊ ရွာကကျောင်းမှာ

ကျောင်းသားကိုပင် ၊ မတွေ့မြင်ခဲ့

ကိုရင်ဘယ်မှာ ဖြစ်ထွန်းပါလိမ့် ။


သာမဏေ၀ါဝင်း ၊ မရှိလျှင်းသော်
ပဉ္ဇင်းဘယ်မှာ ၊ ဖြစ်ထွန်းပါလိမ့် ။

ပင်မှာသက်သက် ၊ ခက်လက်မဖြာ

သာသနာသည်---------------

ရောင်ဝါမထွန်းလင်းနိုင်တော့ပါဘုရား ။


သာသနာရင်းမြစ် ၊ တောကဖြစ်လျက်

တောပစ်မြို့ပေါ် ၊ သားတော်ပျော်က

တော,်မတော်ပင် ၊ ကြံတွေးဆင်၍
လျင်လျင်မြန်မြန် ၊ တောရပ်ထံသို့

ပြန်ခဲ့ပါတော့ ၊ သားတော်မောင်ပဉ္ဇင်းဘုရား ။ ။


( မူရင်းကဗျာစာသားများ လွဲချော်မှုများရှိခဲ့သော် အနူးအညွတ်တောင်းပန်ရပါ၏။)

ပထမတိတ်ခွေ ပြီးဆုံးသွားသောအခါ မိမိတို့ ရွာဦးကျောင်းတွင် ယဉ်ကျေးမှုသင်တန်း
ဖွင့်လှစ်မည့်အကြောင်း၊ သင်တန်းတက်မည့် ကလေးများ စာရင်းပေးသွင်းနိုင်
ပါကြောင်း၊ ဘယ်နေ့ဘယ်ရက်တွင်ကျောင်းဒကာကြီး ဦး(ဘယ်သူ) ၊ကျောင်းအမကြီး
ဒေါ်(ဘယ်သူ)(မိသားစု)တို့ကသင်တန်းသားကလေးတွေကို(ဘယ်)မုန့်ဖြင့် ကျွေးမွေး
သွားကြမှာ ဖြစ်ကြောင်း၊ ဆရာတော်နှင့် ကျောင်းဒကာကြီးများ ကိုယ်စားအသိပေး
ကြေညာအပ်ပါကြောင်း၊ကျောင်းဒကာကိုကျော်မြင့်ကအာဝဇ္ဇန်းရွှင်ရွှင်နှင့်ရွာကိုအသိ
ပေးလေတော့၏။ ကိုကျော်မြင့်၏ ကြေညာချက် အပြီးတွင် သင်တန်းအကြောင်း၊
စာအုပ်အကြောင်း၊ စာမေးပွဲစစ်ပြီး အောင်လက်မှတ်နှင့်အတူ ထိုက်ထိုက်တန်တန်
ဆုချီး မြှင့် ပေးသွားမည့် အကြောင်းတို့ကို မိမိက ထပ်ဆင့် အသိပေးရလေသည်။

သိပ်မကြာပါ။ အားတက်သရောလာရောက်စုံစမ်းကြသောဒကာ/မများ၊ မုန့်လှူရန်
စာရင်း လာရောက် ပေးသွင်း သူများ၊ စာရင်းလာရောက် ပေးသွင်း ကြသည့်
ကလေးများဖြင့် ရွာဦးဘုန်းတော်ကြီးကျောင်းတွင် စည်ကားသွား လေတော့၏။
"ကိုကျော်မြင့်၊ ခင်ဗျားလည်း သင်တန်းဝင်တက် ပါလားဗျ၊ မုန့်စား ရမှာတော့
သေချာတယ်" စသော တစ်ယောက်ကို တစ်ယောက် စနောက်ကြသော အသံတို့
သည်လည်း ကြည်နူးဖွယ်ရာ ထွက်ပေါ်လာခဲ့လေတော့သတည်း။

(ဆက်လက်ရေးသားပါဦးမည်)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP