“ရုပ်လှချင်ရင် ပြင်ဖို့လိုပါတယ်”
လောကကြီးထဲမှာ အသက်ရှင်နေထိုင်နေကြတဲ့ လူသားများမှာ မတူကွဲပြားတဲ့ အချက်များစွာရှိတတ်ပါတယ်။ စိတ်နှလုံးကောင်းကို ပိုင်ဆိုင်ကြတဲ့သူများရှိသလို စိတ်ထားမကောင်းကြတဲ့ သူတွေလည်းများစွာရှိပါတယ်။ ဆင်းရဲတာ၊ ချမ်းသာတာ၊ လှပတာ၊ မလှပတာတွေလည်း များစွာပေါ့။ ဒါဟာ ဘာကြောင့်ကွဲပြားရပါသလဲဆိုရင် မိမိတို့ရဲ့ စိတ်စေတနာများနဲ့ ဖန်တီးပြုလုပ်ခဲ့တဲ့ ကံတရားရဲ့ ကွဲပြားခြားနားအောင် ပြုလုပ်ခြင်းကို ခံရတဲ့သဘောပါ။ ဒါကြောင့်လည်း ဗုဒ္ဓမြတ်စွာက ကံတရားသာလျှင် သတ္တ၀ါများကို အယုတ်၊ အမြတ်စသည် ဖြစ်ခြင်းငှာ ခွဲခြားဝေဖန်သွားတယ် လို့ ဟောကြားခဲ့ပါတယ်။ ဒီဗုဒ္ဓရဲ့ စကားတော်မြတ်ကိုပဲ မဟာစည်ဆရာတော်ဘုရားကြီးက “ဆိုးကောင်း နှစ်တန်ကံစီမံ ခံစံကြရသည်” ဆိုတဲ့ လင်္ကာလေးဖွဲ့ပြီး လွယ်ကူစွာ မှတ်သားသိစေဖို့အတွက် ရေးသားပူဇော်ထားခဲ့ဖူးပါတယ်။
ဒီနေရာမှာ များပြားတဲ့ ကွဲပြားခြားနားမှု့ အထဲက လူသားတိုင်း သိစေဖို့အတွက် ရုပ်လှပခြင်း၊ ရုပ်မလှပခြင်းတို့ရဲ့ အကြောင်းကံတရားကို ဗုဒ္ဓကိုယ်တိုင် တောဒေယျရဲ့သား သုဘလုလင် မေးလျှောက်တာနဲ့ပတ်သက်လို့ ဖြေကြားချက်လေးကို ပြောပြချင်တာပါ။
ဗုဒ္ဓမြတ်စွာ သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်မှာ သီတင်းသုံးစဉ်ကပေါ့။ တစ်နေ့မှာ သုဘအမည်ရှိတဲ့ လုလင်တစ်ယောက်ဟာ ဗုဒ္ဓမြတ်စွာကို ဖူးမြှော်ရန် ဇေတ၀န်ကျောင်းတော်ကို လာရောက်ပြီး အခုလို မေးမြန်းလျှောက်ထားပါတယ်။
“ဘုန်းတော်ကြီးမြတ်တော်မှုသော မြတ်စွာဘုရား၊ လောကကြီးထဲမှာ လူဖြစ်တဲ့ သူများမှာ လူအချင်းချင်း ဖြစ်တည်ကြပါလျှက်နဲ့ အချို့သော သူများဟာ ရုပ်ရည်အဆင်းလှပပြီး၊ အချို့သောသူများကတော့ ရုပ်ရည်အဆင်း မလှမပ ဖြစ်နေကြတာဟာ ဘာကြောင့် ပါလဲဘုရား၊ ဒီလိုကွဲပြားခြားနားရခြင်းရဲ့ အကြောင်းအထောက်အပံ့က ဘယ်အရာပါလဲဘုရား” လို့လျှောက်ထားမေးမြန်းပါတယ်။
“သုဘလုလင်၊ လောကမှာ အချို့သော သူများဟာ အဆင်းလှပပြီး၊ အချို့သော သူများဟာ အဆင်းမလှပခြင်းကို ဖြစ်စေတာကတော့ ဒီလောကကြီးထဲမှာ ယောင်္ကျားဖြစ်စေ၊ မိန်းမဖြစ်စေ အချို့သော သူများဟာ အမျက်ဒေါသ ပြင်းစွာထွက်တတ်ကြပါတယ်။ တစ်ယောက်သောသူက အနည်းငယ်မျှသော မနှစ်သက်ဖွယ်သော စကားကိုပြောကြားသည်ရှိသော် ကြီးစွာ ဒေါသအမျက်ထွက်ခြင်းကို ပြုတတ်ကြတယ်။ ထိုမှနောက်၌ အမျက်ထွက်ကာ ဖျက်ဆီးခြင်းကိုလည်းကောင်း ဆန့်ကျင်ဘက်အမှု့များကိုလည်းကောင်း ပြုလုပ်တတ်ကြတယ်။ ထိုကဲ့သို့ အမျက်ဒေါသ ပြင်းစွာထွက်လေ့ရှိတဲ့သူများဟာ သေလွန်ပြီးတဲ့နော့က်မှာ ချမ်းသာခြင်းကင်းတဲ့ ငရဲဘုံသို့ ဖြစ်တည်ရပြီး ဆင်းရဲခြင်းကို ခံစားရပါတယ်။ ထိုမှတစ်ဖန် တစ်ခုသော ကုသိုလ်ကံအထောက်အပံ့ကြောင့် လူပြည်လောကသို့ မွေးဖွားကာ လူပြန်ဖြစ်တည်လာပါက ဖြစ်လေရာဘ၀တိုင်းမှာ ရုပ်ရည်အဆင်း မလှပတဲ့သူများ ဖြစ်ရတယ်။”
“သုဘလုလင် ထိုကဲ့သို့ အမျက်ဒေါသ ထွက်လေ့ရှိတဲ့သူများ၊ ဒေါသတရားကို မြတ်နိုးစွာ လက်ခံထားရှိတဲ့သူများဟာ မိမိရဲ့ မကောင်းသော အကုသိုလ် ဒေါသတရားကြောင့်သာလျှင် ရုပ်ရည်အဆင်း မလှပခြင်းကို ပိုင်ဆိုင်ရတတ်ပါတယ်။ အရုပ်ဆိုးအကျည်းတန်ခြင်းကို ဖြစ်ရတတ်ပါတယ်။”
ဒီအဖြေစကားဟာ ရုပ်ရည်အဆင်း မလှပခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်း အထောက်အပံ့ကို ဗုဒ္ဓမြတ်စွာက သိစေတော်မှုခဲ့တာပါ။
ဒေါသထွက်နေတဲ့ သူတစ်ယောက်ကို မြင်ဖူးတွေ့ဖူးကြမည်ဖြစ်သလို၊ မိမိကိုယ်တိုင်လည်းပဲ အမျက်ဒေါသထွက်ခဲ့ဖူးသူတစ်ယောက် ဖြစ်ခဲ့ဖူးမှာ သေချာပါတယ်လေ။ တကယ်တော့ အဲဒီလို ဒေါသထွက်နေတဲ့သူတစ်ယောက်ရဲ့  မျက်နှာအသွင်ဟာ ဒေါသရဲ့ အပှုဒဏ် လွှမ်းမိုးမှု့ကြောင့် ရဲနီနေပြီး မြင်ရတာဟာ ဘယ်လိုမှ စိတ်ကိုကျေနပ်မှု့ မပေးပါဘူး။ သူ့ရဲ့ အတွင်းသန္တာန်မှာလည်း ပူလောင်ခံစားနေရသလို အပြင်ပ ဗဟိဒ္ဓမှာလည်း ပူလောင်မှု့တွေကို ခံစားရပါတယ်။ ဘာကိုမှ အလေးမထား လုပ်ချင်တာ လုပ်မိတတ်ပါတယ်။ လုပ်ချင်တာ လုပ်မိတတ်တဲအခါမှာလည်း ကောင်းတဲ့အရာကို မဟုတ်ပါဘူး။ မကောင်းတဲ့အကုသိုလ်အမှု့များကိုသာ လုပ်မိတတ်ကြပါတယ်။ “ဒေါသော အတ္ထံ နဇာတိ၊ ဒေါသအမျက်ထွက်နေတဲ့သူဟာ အကျိုးအကြောင်းကို ဘယ်လိုမှ ခွဲခြားပြီး သိနိုင်စွမ်းသူ့မှာ မရှိတော့ပါဘူး” တဲ့။ ဒီလို အကျိုးနဲ့ အကြောင်းကို ခွဲခြားမသိတော့ဘူးဆိုရင် အမှားများစွာကိုပဲ ပြုလုပ်မိမှာပဲ၊ အမှားများစွာကို ပြုလုပ်မိပါက မကောင်းတဲ့ အကျိုးတရားများရဲ့ ရလာဒ်ကို ရရှိ ခံစားရမှာပါ။ ဒေါသထွက်နေစဉ်မှာပဲ ရုပ်ရည်အဆင်းဟာ မလှပတော့ပါဘူး။
ဒီတော့ ဒေါသဆိုတဲ့တရားဟာ ရုပ်အဆင်းမလှပအောင် ပြုလုပ်ဖန်တီးတတ်တဲ့ တရားဆိုတာ နားလည်ဖို့ သိပ်ကို လွယ်ပါတယ်။ လက်တွေ့ကျကျ ကိုယ်တိုင်သိချင်တယ်ဆိုရင်တော့ ဒေါသထွက်နေတဲ့အချိန်မှာ မှန်လေးရှိရာ အပြေးကလေး မိမိရုပ်အနေအထားကို ကြည့်လိုက်ပါလား။ အဲဒီလိုပြေးကြည့်နိုင်မယ်ဆိုရင် သိပ်ကိုကောင်းတဲ့အချက်ကလေးဖြစ်မှာပါ။ ဘာလို့လဲဆိုတော့ မိမိကိုယ်ကို မိမိမြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် အသိတရားလေးဝင်ကာ ဒေါသတရားကို တဒင်္ဂပယ်ခွာမိမှာမိုပါ။ ဒီလိုပယ်ခွာနိုင်လိုက်မယ်ဆိုရင် ရုပ်ရည်အဆင်းမလှမပဖြစ်နေတာကို ဒေါသတရားကို ဖယ်ခွာလိုက်ခြင်းဖြင့် လှပသွားအောင် ပြုပြင်လိုက်တဲ့ သဘောပါပဲ။
ရုပ်လှချင်ရင် ပြင်လိုက်ပါ၊ ဒေါသတရားကို ပယ်ခွာခြင်းဖြင့် ပြင်ရမှာပါ။ ဒါဆို မျက်နှာမှာ ၀င်းကြည်ပြီး သန့်ရှင်းလှပသွားမှာပါ။ ဒီနေရာမှာ မဟာစည်ဆရာတော်ဘုရားကြီးရဲ့ လင်္ကာလေးကိုလည်း မှတ်သားဖို့ ဖော်ပြပေးချင်ပါသေးတယ်။
“ဒေါသမီးလျှံ အကျည်းတန်၊ သည်ခံလှပမည်။” တဲ့ ဒေါသဆိုတဲ့ အပှုမီးဟာ လူတစ်ယောက်ကို အကျည်းတန်သွားအောင် လုပ်နိုင်သလို၊ သည်ခံခြင်းဆိုတဲ့ တရားဟာလည်း လူတစ်ယောက်ကို လှပသွားအောင် စွမ်းနိုင်ပါတယ်။ ဒေါသ နည်းနည်းမဖြစ်အောင် နေနိုင်ရင် နည်းနည်းလှပပါလိမ့်မယ်၊ ဒေါသ များများမဖြစ်အောင် နေနိုင်ရင် များများ လှပပါလိမ့်မယ်၊ ဒေါသကို အကြွင်းမဲ့ပယ်သတ်လိုက်မယ်ဆိုရင်တော့ ကမ္ဘာမှာ အလှဆုံး လူတစ်ယောက် ဖြစ်သွားမှာပါ။ အလှမယ်ပြိုင်ပွဲမှာ ထာဝရ ဗိုလ်စွဲသူ ဖြစ်နိုင်ပါတယ်လေ။
အထက်က စာရေးသူပြောခဲ့သလို တစ်ချို့သောသူများဟာ တစ်ဖက်သားက နည်းနည်းကလေး မနှစ်သက်ဖွယ်စကားကို မိမိကိုပြောကြားလာခဲ့ရင် တအားဒေါသထွက်သွားကြတတ်ပါတယ်။ ဒါဟာ ယောနိသောမနသိကာရ အသင့်အတင့်နှလုံးမသွင်းတတ်တာကြောင့်ရယ်၊ သည်းခံခြင်း ခန္တီတရား မထားရှိခြင်းရယ်ကြောင့်ပါ။ ဒီယောနိသောမနသိကာရတရားနဲ့ သည်းခံခြင်း ခန္တီတရား မရှိတဲ့အခါမှာ ဒေါသမီးလျှံတွေ ပြင်းထန်စွာဖြစ်ပေါ်လာပြီး ကမ္ဘာမှာ အကျည်းတန်ဆုံး လူတစ်ယောက်အဖြစ် ချက်ချင်း ပြောင်းလဲသွားတတ်တယ်ဆိုတာကို မမေ့ပါနဲ့နော်။
ရုပ်မလှပခြင်းကို ဖြစ်စေတဲ့ကံတရားကို သိပြီဆိုရင် ရုပ်အဆင်းလှပခြင်းကို ဖြစ်စေတဲ့ကံတရားကို စာဖတ်သူတို့ သိရှိပြီးသားဖြစ်ပါတယ်။
ရုပ်အဆင်းမလှမပဖြစ်အောင် လုပ်တတ်တဲ့တရားဟာ ဒေါသတရားဖြစ်တယ်။
ရုပ်အဆင်းလှပအောင် ပြုလုပ်တတ်တဲ့တရားဟာ ခန္တီတရားဖြစ်တယ်ဆိုတာကိုပေါ့။
ဒီဘ၀ မလှပလို့ စိတ်ဓာတ်မကျပါနဲ့ စာရေးသူတို့ ဘ၀များစွာ ကြင်လည်ကြရဦးမှာပါ။ အခုလက်ရှိ ဒီဘ၀မှာသာ ဒေါသမဖြစ်အောင်နေမယ်ဆိုရင် ဒီလက်ရှိဘ၀မှာလည်း စိတ်လှနေတာကြောင့် ရုပ်အဆင်းလှပပါတယ်။ ဒီဘ၀ကစပြီး ရှည်လျားတဲ့ ဘ၀များစွာမှာတော့ အလှအပများစွာကို ပိုင်ဆိုင်ရမယ့် သရဖူ အလှပိုင်ရှင်တစ်ယောက်ဖြစ်ပါလိမ့်မယ်။
နောက်တစ်နည်းအားဖြင့် ရုပ်အဆင်းလှပအောင် ပြုလုပ်တတ်တဲ့တရားဟာ မေတ္တာတရားပါပဲ၊ ဘာကြောင့်လဲဆိုရင် ဒေါသရဲ့ တိုက်ရိုက်ဆန့်ကျင်ဘက်တရားဟာ မေတ္တာတရားပါ။ ဒေါသမထားပါနဲ့ အရုပ်ဆိုးအကျည်တန်သွားတတ်လို့ပါ၊ မိမိကို မနှစ်သက်ဖွယ်ပြောလာတဲ့ သူတစ်ဖက်သားကို၊ မိမိရဲ့ စိတ်သန္တာန်မှာ မနှစ်သက်ဖွယ် အာရုံတစ်ခုခု၊ အကြောင်းတရားတစ်ခုခု ဖြစ်ပေါ်လာမယ်ဆိုရင် အသင့်အတင့်နှလုံးသွင်းကာ သည်းခံပြီး မေတ္တာတရားသာ ထားလိုက်ပါ။
ဘာကြောင့်လဲဆိုရင် စာဖတ်သူကို ကမ္ဘာမှာ အလှပဆုံး သူတစ်ယောက်ဖြစ်စေချင်လို့ပါ။
(ဥယျာဉ်မှုးလေး)

0 comments:
Post a Comment