*သြကာသဘုရားရှိခိုးကန်တော့ခန်းအနက်အဓိပ္ပာယ်(၁)*
ကျွန်တော်တို့ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်တွေမှာ တချို့က ဘုရားရှိခိုးကန်တော့နေကြပေမယ့် အများစုက မိရိုးဖလာကိုးကွယ်လာကြသူများဖြစ်တဲ့အတွက် သြကာသ ဘုရားရှိခိုးကန်တော့ရဲ့အနက် အဓိပ္ပာယ်ကို မသိသေးသူများလည်းရှိကြပါတယ်။ သိပြီးသားသူများအတွက်လည်း ထပ်မံပြီးသိရအောင်ဆိုသော ရည်ရွယ် ချက်နှင့်ကျွန်တော်ဒီပို့စ်ကို ရေးသားလိုက်ရခြင်းဖြစ်ပါတယ်ခင်ဗျာ။
အပိုင်းနှစ်ပိုင်းခွဲ၍ တင်လိုက်ပါတယ်ခင်ဗျာ။
သြကာသ၊ သြကာသ၊ သြကာသ၊ ကာယကံ၊ ၀စီကံ၊ မနောကံ သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်းအကျိုးငှာ ပထမ၊ဒုတိယ၊တတိယ၊တစ်ကြိမ်၊နှစ်ကြိမ်၊သုံးကြိမ်မြောက်အောင် ဘုရားရတနာ၊ တရားရတနာ၊သံဃာရတနာ၊ရတနာမြတ်သုံးပါးတို့ကို အရိုအသေ၊အလေးအမြတ် လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ပါ၏ အရှင်ဘုရား။ ကန်တော့ရသော အကျိုးအားကြောင့် အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါး၊ ၀ိပတ္တိတရားလေးပါး၊ ဗျဿနတရား ငါးပါးတို့မှ အခါခပ်သိမ်းကင်း လွတ်ငြိမ်းသည်ဖြစ်၍ အဆုံးစွန်သော ဘဝ၌ မဂ်တရား၊ ဖိုလ်တရား နိဗ္ဗာန်ချမ်းသာ တရားတော် မြတ်ကိုရပါ လို၏အရှင်ဘုရား။
သြကာသ၊သြကာသ၊သြကာသ
ပါဠိစကားဖြစ်ပါသည်။ မြန်မာလို “အခွင့်” ဟူသောအနက်ကိုဟော၏။ “ရှိခိုးပါရစေ အခွင့်ပြုတော်မူပါ” ဟု ဆိုလိုရင်းဖြစ်ပါသည်။ ပါဠိတော်များ၌ကား “သြကာသံ ကရောဟိ၊ သြကာသံ၊ဒေဟိ” စသည်ဖြင့် “အခွင့်ပြုတော်မူပါ၊ အခွင့်ပေးတော်မူပါ၊ မေးလျှောက်ပါရစေ” ဟုတစ်စုံ တစ်ခုကိုမေးလိုသောအခါအသုံး ပြုကြပါသည်။သီဟိုဠ်ကျွန်း၌“အ၀ကာသ်” ဟုအခွင့်တောင်းသောအခါသုံး သောစကားသည် “သြကာသ” ဟူသောပါဠိစကားနဲ့ အတူတူပင်ဖြစ်ပါသည်။
ကာယကံ၊၀စီကံ၊မနောကံ
(ကာယ=ကိုယ်+ကံ=အမှု) ကိုယ်ပြုမှုကို “ကာယကံ”၊ နှုတ်ပြောမှုကို “၀စီကံ”၊ စိတ်ကြံမှုကို “မနောကံ” ဟု ဆိုလိုပါသည်။
ပထမ၊ ဒုတိယ၊ တတိယ
ပါဠိစကားပင်ဖြစ်ပါသည်။ တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ် တိုင်အောင်ရှိခိုးကန်တော့ခြင်းဖြင့် အထူးအလေးပြု ခြင်းကိုဆိုလိုပါသည်။
ဘုရားရတနာ၊ တရားရတနာ၊သံဃာရတနာ။
“ရတနာ” သဒ္ဒါသည်လည်း ပါဠိစကားပင်ဖြစ်ပါသည်။ “နှစ်သက်မွေ့လျော်ခြင်းကိုဖြစ်စေတတ်သော၊အလေး အမြတ်ပြုအပ်သော၊ အဖိုးများစွာထိုက်တန်သော၊ အတုမရှိသော၊ အလွန်ရခဲသော” ဟူသောအနက်ကိုဆိုလို သည်။လောက၌ စိန်၊ကျောက်၊ဆင်၊မြင်း၊သားကောင်း၊သမီးကောင်း စသည်တို့ကို ရတနာဟုခေါ်ကြသည်။ ထိုရတနာတို့ကို ဘုန်းကံရှိသောသူတို့သာရရှိပြီး ရရှိသောသူတို့သည်လည်း အလွန်နှစ်သက်၍ အလေးအ မြတ်တန်ဖိုးထားကြပါသည်။
ကမ္ဘာများစွာလွန်သော်လည်း တွေ့ကြုံဖို့ရန် အလွန်ခဲယဉ်းလှသောဂုဏ်တော်များနှင့်ပြည့်စုံတော်မူသော ဘုရားစစ်၊ တရားစစ်နှင့် အရိယာသံဃာတော်များသည်လည်း ရတနာပင်ဖြစ်ပါသည်။ ရတနာတွင် အတု အယောင်ရှိသကဲ့သို့ ဘုရား၊တရား၊သံဃာတွင်လည်း အတုအယောင်များရှိသဖြင့် ကိုယ်ပိုင်ဥာဏ်ဖြင့် သော်လည်းကောင်း၊ ဆရာသမားကောင်းဖြင့်သော်လည်းကောင်း တိုင်ပင်၍ကိုးကွယ် ဆည်းကပ်ရပါမည်။ မမှန်သောရတနာကို ကိုးကွယ်မိလျှင် ယခုဘ၀တွင်ကိစ္စမရှိသော်လည်း နောင်သံသရာ အတွက်ကြောက်ရွံ့ ဖွယ်ကောင်းလှပါသည်။

ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ပါ၏။
လက်အုပ်မိုး၍ရှိခိုးပြီး ရတနာသုံးပါးနှင့်စပ်လျှင် ဟိတ်ဟန်မပြဘဲ မာန်မာနလျှော့၍ ကန်တော့ပါ၏။ “အပြစ်ရှိလျှင် ပြေပျောက်ပါရစေသတည်း” ဟုဆိုလိုပါသည်။
ကန်တော့ရသော အကျိုးအားကြောင့်။
ကန်တော့ရသော ကုသိုလ်၏အကျိုးစွမ်းအားကြောင့် ပြစ်မှားမိသော အပြစ်များပျောက်စေလိုသည့်အပြင် အပါယ်လေးပါးမှ လွတ်ခြင်းစသော နောက်ထပ်အကျိုးကိုလည်း အလိုရှိ၍ ဆုတောင်းပြန်သောစကား ဖြစ်ပါ သည်။
ကျန်သောအပိုင်းများနှင့်ဆုတောင်းခန်းကို *သြကာသဘုရားရှိခိုးကန်တော့ခန်း အနက်အဓိပ္ပာယ်(၂)* တွင်ဆက်လက်ရေးသားပါမည်ခင်ဗျာ။
ကိုးကား။ ။ ဆရာတော်အရှင်ဇနကဘိဝံသ (ရတနာ့ဂုဏ်ရည်)
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ (မိတ်ကောင်းဆွေကောင်း)

အားလုံးသောဓမ္မမိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီး အသိပညာများတိုးပွားပါစေ။

0 comments:
Post a Comment