* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, June 28, 2010

*သြကာသဘုရားရှိခိုးကန်တော့ခန်းအနက်အဓိပ္ပာယ်(၂)*


သြကာသ၊ သြကာသ၊ သြကာသ၊ ကာယကံ၊ ၀စီကံ၊ မနောကံ သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်းအကျိုးငှာ ပထမ၊ဒုတိယ၊တတိယ၊တစ်ကြိမ်၊နှစ်ကြိမ်၊သုံးကြိမ်မြောက်အောင် ဘုရားရတနာ၊ တရားရတနာ၊သံဃာရတနာ၊ရတနာမြတ်သုံးပါးတို့ကို အရိုအသေ၊အလေးအမြတ် လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ပါ၏ အရှင်ဘုရား။ ကန်တော့ရသော အကျိုးအားကြောင့် အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါး၊ ၀ိပတ္တိတရားလေးပါး၊ ဗျဿနတရား ငါးပါးတို့မှ အခါခပ်သိမ်းကင်း လွတ်ငြိမ်းသည်ဖြစ်၍ အဆုံးစွန်သော ဘဝ၌ မဂ်တရား၊ ဖိုလ်တရား နိဗ္ဗာန်ချမ်းသာ တရားတော် မြတ်ကိုရပါ လို၏အရှင်ဘုရား။
ပထမပိုင်းတွင် ကျွန်တော်“ကန်တော့ရသောအကျိုးအားကြောင့်” အထိရေးသားခဲ့ပြီးဖြစ်ပါသည်။ ယခုဆက် လက်၍ကျန်သောအပိုင်းများ၏ အဓိပ္ပာယ်ကိုဆက်လက်ရေးသားမည်ဖြစ်ပါသည်။
အပါယ်လေးပါး
ကုသိုလ်ကောင်းမှု များစွာပြုခွင့်မရသော အရပ်ကို ပါဠိလို“အပါယ” မြန်မာလို “အပါယ်”ဟုခေါ်သည်။
အပါယ်(၄)ပါးမှာ ၁။ ငရဲ ၂။ တိရစ္ဆာန် ၃။ ပြိတ္တာ ၄။ အသူရကာယ် တို့ဖြစ်ပါသည်။
(၁) ကုသိုလ်ကောင်းမှု များစွာပြုခွင့်မရကြသော ငရဲကြီးများဖြစ်ကြသည်။
(က) အကုလိုလ်ကံ မကုန်သေးသမျှတစ်ခါတည်း သေကြေပျောက်ပျက်မသွားဘဲ ထပ်ခါထပ်ခါ အသက်ရှင် လျှက်ငရဲထိန်းတို့၏ ခုတ်ဖြတ်မှုကိုသာ ပြင်းစွာခံကြရရှာသော သိဉ္စိုးငရဲ ၊
(ခ) ငရဲသားတို့ကို ငရဲထိန်းတို့က သားကောင်ကို ခွေးတွေ လိုက်သလို အတင်းလိုက်ကြပြီး မောဟိုက်သွား သည့်အခါ သစ်တုံးကြီးကို သစ်ရွေသမားတို့က ခုတ်ရွေကြသကဲ့သို့ ကျကျနန မျဉ်းကြိုးချ၍ ပက်လက် တစ်မျိုး၊ မှောက်လျက်တစ်မျိုး ၊ ၀ဲယာတစ်မျိုး ၊ ရှေ့နောက်တစ်မျိုး အားဖြင့် အကုလိုလ်ကံ မကုန်သေးသ၍ လွတ်ခွင့်မရနိုင်ကြ ဘဲ အမျိုးမျိုးခုတ်ရွေခံကြရသည့် ကာဠသုတ်ငရဲ ၊
(ဂ) အောက်မြေအပြင်မှာ မီးလျံတွေထလျှက် အထု (၉) ယူဇနာရှိသော သံမြေပြင်ကြီးဖြစ်၌ ငရဲသားတို့ဟာ ထန်းပင်ငုတ်လေးတွေ စိုက်ထားသလို ခါးထိအောင်စိုက်ထားခြင်းခံရပြီး အရှေ့အရပ်မှလာသော သံတောင် ကြီးက စားမည်ဝါးမည်ဆိုနေသလို တဒိန်းဒိန်း၊ တခြိမ်းခြိမ်းမြည်ဟီးလျက်ကြိတ်ကာကြိတ်ကာအနောက် အရပ်သို့သွားပြီး၊ နောက်တောင်အရပ်မှသံတောင်ကြီးက ထိုနည်းအတိုင်းပင် ကြိတ်ကာကြိတ်ကာမြောက် အရပ်သို့သွားပြီးလျှင် အနောက်အရပ်သို့ရောက်ပြီးသော သံတောင်ကြီးကလည်း အရှေ့အရပ်သို့ ကြိတ်ကာကြိတ်ကာပြန်၍လာခြင်းဖြင့် အရပ်လေးမျက်နှာမှသံတောင်တွေ သန်းဥတုတ်သလို ဖိနှိပ်ကြိတ်ချေ သော်လည်း အကုသိုလ်ကံ မကုန်သမျှငုတ်စုစု ပေါ်ထွက်လျက် ဆက်ကာဆက်ကာ အကြိတ်ခံရရှာသော သံဃာတငရဲ၊
(ဃ) မီးတောက်တို့သည် တ၀ုန်းးဝုန့်းထလျက် ငရဲသို့ကျရောက်သူတို့၏ ဒွါရ (၉) ပေါက်မှ အတင်းဝင် ရောက်လောင်ကျွမ်းသဖြင့် အလွန်အားငယ်စွာ တစာစာအော်ကြရရှာပြီး ပြင်းစွာငိုကြွေးခြင်းဖြင့် မီးတောက် မီးလျှံအလောင်ခံနေကြရသေ ရောရုဝငရဲ ၊
(င) မီးခိုးတို့တစ်ငရဲလုံးဖုံး လွမ်းနေပြီး ငရဲသို့ကျရောက်သူတို့ကို မီးခိုးတို့ကအတွင်းအပြင် အတင်းဝင်၍ နှူးနှပ်ကြသောကြောင့် ငရဲသူ ငရဲသားတို့မှာ ဘာမှမတတ်နိုင်ကြတော့ပဲ သနားစဖွယ် အားငယ်စွာအော်နေ ကြရရှာသော မဟာရောရုဝငရဲ ၊
(စ) ငရဲသို့ကျရောက်သော သတ္တ၀ါများကို ထန်းလုံးလောက်ကြီးမား၍ မီးလျှံထသော သံတံကျင်၌ မလှုပ်နိုင် အောင်စိုက်ထားပြီးလျှင် ထိုသံတံမှထွက်သော မီးလျှံတို့က အမြဲပူလောင်စေတတ်သော တာပနငရဲ ၊
(ဆ) မီးလျှံထနေသော သံတောင်ကြီးနှင့် ထိုသံတောင်၏အောက်ခြေ၌ သံတံကျင်တွေစိုက်ထူထားပြီး ငရဲသူ ငရဲသားတို့ကို ငရဲထိန်းတို့က သံတောင်ပေါ်သို့ မတက်တက်အောင် ရိုက်နှက်၍ တင်ကြပြီး သံတောင် ပေါ်သို့ရောက်သောအခါ ကံကြမ္မာအလျောက် လေမုန်တိုင်းပေါ်ပေါက်၍ ထိုလေမုန်တိုင်းက တောင်ခြေ၌ရှိ သောတံကျင်ပေါ်ရောက်အောင် တိုက်လွှင့်ချလိုက်သဖြင့် တံကျင်အဖျား၌ ကားခနဲ စူးဝင်ခြင်းခံကြရရှာသော မဟာတာပနငရဲ ၊
(ဇ) မီးတောက်မီးလျှံများ အကြားမရှိပဲ တစ်ငရဲလုံးမီးလျှံများဆက်နေပြီးငရဲသားချင်းလည်း ၀ါးကျည်တောက် အတွင်းမုန်ညှင်းစေ့ကလေးတွေ ပြည့်ကျပ်နေသကဲ့သို့ အကြားမရှိပြည့်ကျပ်နေအောင် ဆင်းရဲဒုက္ခ အကြား အရှိ၊ ဒုက္ခမှ လွတ်ကင်း၍ ချမ်းသာခွင့် လုံးဝမရနိုင်ဘဲ မီးလျှံ ၊ သတ္တ၀ါ ၊ ဆင်းရဲခြင်း ဒုက္ခဤသုံးမျိုးတို့ ဆက်စပ်နေသော အ၀ီစိငရဲတို့နှင့် ထိုငရဲတစ်ထပ်တစ်ထပ်၌ ဘင်ပုပ်ငရဲ၊ ပြာပူငရဲ၊ လက်ပံတောငရဲ၊ သန် လျက် ရွက်တောငရဲ၊ ကြေးနီရေတွေစီးနေသော ကြိမ်ပိုက်ချောင်းခေါ် “ဝေတ္တရဏီ” ငရဲ၊ ငရဲငါးထပ်တံတိုင်း ခတ်သကဲသို့ ရံပတ်၍နေကြသည်။
(၂) ဆင်၊မြင်း၊ကျွဲ၊နွား၊ခွေး၊ကြက်၊ငှက်၊ငါးလိပ်စသော ကုန်းနေ၊ရေနေ အခြေလေးချောင်း၊ အခြေ နှစ်ချောင်း၊ အခြေအများ သတ္တ၀ါတို့နှင့်မြွေစသော အခြေမရှိသော သတ္တ၀ါများဖြစ်ကြသည့် တိရစ္ဆာန်အဖြစ်ရောက်ရှိ ခြင်း။
(၃) တစ္ဆေ၊မှင်စာ၊သရဲ၊သဘက်၊အစိမ်းဖုတ်ကောင်၊ကျတ်ကောင် စသည့်ပြိတ္တာဖြစ်ရခြင်း။
(၄) ပြိတ္တာအကြီးစားများဖြစ်ကြပြီး နေ့စံညခံ၊ ညခံနေ့စံ စသည်ဖြင့်လည်း ခံနေကြရရှာသော အသူရကာယ် အရပ်၌ကျရောက်ရခြင်းတို့ကို အပါယ်လေးပါးဟုခေါ်ပါသည်။
ကပ်သုံးပါး
ပျက်စီးခြင်းကို ပါဠိလို“ကပ္ပ” မြန်မာလို“ကပ်” ဟုခေါ်သည်။ ကမ္ဘာကြီးတစ်ခုလုံး ပြုတ်ပြုတ်ပြုန်းအောင် ပျက်စီးခြင်းနှင့် ကမ္ဘာမပျက်သေးဘဲ ကြားကာလ၌ တရားကင်းမဲ့၍ အသေဆိုးနဲ့သေရသောပျက်စီးခြင်း နှစ်မျိုးရှိပါသည်။ ကမ္ဘာမပျက်ခင်အကြား၌ အသေဆိုးနှင့်သေရခြင်းကို “ကပ်”ဟုခေါ်ပါသည်။
(၁) သတ္တန္တရကပ် = လက်နက်ကြောင့် သေကြေပျက်စီးရခြင်း
(၂) ရောဂန္တရကပ် = အနာရောဂါကြောင့် သေကြေပျက်စီးရခြင်း
(၃) ဒုဗ္ဘိက္ခန္တရကပ် = အစာရေစာပြတ်လပ်မှုကြောင့် သေကြေပျက်စီးရခြင်း
ရပ်ပြစ်ရှစ်ပါး
အပြစ်ရှိသော အရပ်ကို“ရပ်-ပြစ်”ဟုခေါ်ပြီး ထိုအရပ်သို့ရောက်နေလျှင် မဂ်ဖိုလ်ရအောင် တရားအားထုတ် ခွင့်မရသောကြောင့် မဂ်ဖိုလ်ရခွင့်မရှိခြင်းကို “အပြစ်”ဟုခေါ်ပါသည်။ ပါဠိတော်များ၌ “အက္ခဏ”ဟုဆိုပြီး အခွင့်ကောင်း ခဏကောင်းမဟုတ်သော ကာလဒေသ ဟုအဓိပ္ပာယ်ရပါသည်။
(၁၊၂၊၃) ဘုရားပွင့်နေဆဲအခါ ငရဲ၊တိရစ္ဆာန်၊ပြိတ္တာ စသောအပါယ်အရပ် (အသူရကာယ်ကိုပြိတ္တာမျိုး၌ယူ)
(၄) ဘုရားရှင်ပွင့်ဆဲ ဘုရားရှင်ကိုမဖူးတွေ့နိုင်၊ တရားမနာနိုင်ကြရှာသော ခန္ဓာကိုယ်သာရှိ၍ စိတ်ဝိဉာဏ် မရှိသော အသညသတ်ဗြဟ္မာများနှင့် စိတ်ဝိဉာဏ်သာရှိပြီး ခန္ဓာကိုယ်မရှိသော အရူပဗြဟ္မာများဖြစ်ကြသည့် ဒီဃာယုနတ်တို့အရပ်၊
(၅) အစွန်အဖျား တောတောင်အကြား လူရိုင်းများနေသည့် ပစ္စန္တရာဇ်အရပ်၊
(၆) ဘုရားပွင့်ဆဲအခါ မိစ္ဆာဒိဋ္ဌိရှိနေခြင်း၊
(၇) ဘုရားပွင့်ဆဲအခါ တရားကိုနားလည်းလောက်သော ဉာဏ်မရှိသူ၊
(၈) တတ်သိနားလည်လောက်သော ဉာဏ်ရှိသော်ငြားလည်း ဘုရားမပွင့်သောအခါလူ ဖြစ်ရခြင်း။
ရန်သူမျိုးငါးပါး
(၁) ရေ
(၂) မီး
(၃) မင်း
(၄) ခိုးသူ
(၅) အမွေခံသားဆိုးသမီးဆိုး
ဝိပတ္တိတရားလေးပါး
ဖောက်ပြန်ချွတ်ယွင်းချက်ကို“၀ိပတ္တိ” ဟုခေါ်ပါသည်။
(၁) ကာလ၀ိပတ္တိ = မင်းဆိုး၊ မင်းယုတ်အုပ်စိုးသောအခါကာလ
(၂) ဂတိဝိပတ္တိ = အပါယ်လေးပါးတို့၌ဖြစ်ရခြင်း စသည့်မကောင်းသော ဂတိဖြစ်ခြင်းး
(၃) ဥပဓိဝိပတ္တိ = ရူပါအဆင်းအင်္ဂါချို့တဲ့ခြင်း
(၄) ပယောဂ၀ိပတ္တိ = အသိအလိမ္မာ ဉာဏ်ပညာ၊ သတိဝီရိယမရှိပဲ ပြုမူ၊ပြောဆို ကြံစည်မူကို “ပယောဂ၀ိပတ္တိ” ဟုခေါ်သည်။
ဗျဿနတရား ငါးပါး
ပျက်စီးခြင်း၊ဆုံးပါးခြင်းကို ပါဠိလို “ဗျသန” ဟုခေါ်ပါသည်။
(၁) ဉာတိဗျဿန = ဆွေမျိုးပျက်စီးခြင်း
(၂) ဘောဂဗျဿန = စည်းစိမ်ဥစ္စာ ပျက်စီးခြင်း
(၃) ရောဂဗျဿန = အနာရောဂါဖြစ်ခြင်း
(၄) ဒိဋ္ဌိဗျဿန = မှားယွင်းသော မိစ္ဆာအယူကိုယူခြင်း
(၅) သီလဗျဿန = သီလပျက်ခြင်း
အခါခပ်သိမ်း…ရပါလို၏အရှင်ဘုရား။
ဤမကောင်းသောတရားတို့မှ အခါခပ်သိမ်း ဘ၀တိုင်းကင်းလွတ်ငြိမ်းသည်ဖြစ်၍ “သံသရာ၌ကြာရှည် မကျင်လည်ရဘဲ မဂ်ဖိုလ်နိဗ္ဗာန်ကို အမြန်ရပါလို၏” ဟုဆုတောင်းသည်။
ဆုတောင်း၊ ဆုပေးနှင့်ပတ်သက်၍ အလှူဒါနတခုကိုပြု၍ လိုလိုချင်ချင်တောင်းအပ်သောဆုကား ထိုတောင့် တတိုင်းပင် သင့်လျော်သောဘ၀၌ အကျိုးပေးတတ်ပါသည်။ ဆုပေးမှုကြောင့် အကျိုးရသည်မဟုတ်ဘဲ ကုသိုလ်ကံကြောင့် အကျိုးရခြင်းဖြစ်ပါသည်။
ဆုတောင်းပေမယ့်လည်း တကယ့်လုပ်ရမယ်ဆိုရင် ရွံ့တွန့်တွန့်ဖြစ်လာတတ်သေးပုံကို သင်္ဂဇာဆရာ တော်ဘုရားကြီးရဲ့ စကားပုံအဖြစ်ရေးထားတဲ့ မန္တလေးမှာဖြစ်တဲ့ ပုံဝတ္ထုလေးတစ်ပုဒ်ရှိပါတယ်။ ဈေးတောင်က ကိုမောင်ဟာ မန္တလေးဘုရားကြီးဆီသွားပြီး၊ နေ့စဉ်ဘုရားရှိခိုးအော်ကြီးဟစ်ကျယ်နဲ့ “နိဗ္ဗာန်မဂ်ဖိုလ်ကို ရက်တိုတိုနဲ့ရပါရစေ” ဟုဆုတောင်းပါတယ်။
နေ့တိုင်းအော်ပြီး ဆုတောင်းနေတာကို သူငယ်ချင်းတစ်ယောက်က ဒီကောင်တကယ် နိဗ္ဗာန်ကိုသွားချင်တာ ဟုတ်မဟုတ်စုံစမ်းအုံးမယ်ဆိုပြီး တစ်ရက်ကျတော့ သိကြားမင်းအ၀တ်အစားတွေ ဆိုင်ကနေငှားဝတ်လာပြီး သူကကြိုတင်ရောက်ကာ ဘုရားနောက်က ကွယ်နေတယ်။ကိုမောင်လည်း ဘုရားရှိခိုးပြီးတော့ ကျယ်ကျယ် လောင်လောင်နဲ့ ဆုတောင်းလိုက်ရာသိကြားမင်းယောင်ဆောင်ထားတဲ့ သူငယ်ချင်းကထွက်လာပါတယ်။
“ဟဲ့…ငမောင်၊ငါသိကြားမင်း၊ မင်းနိဗ္ဗာန်ဆုတောင်းနေတာကြာပြီ၊ အဲဒီတော့ ငါလည်းနတ်ပြည်က အလုပ် ကိစ္စတွေနဲ့မအားလို့ မလာရဘူး။ ဒီကနေ့တော့ မင်းကို နိဗ္ဗာန်ပို့ပေးဖို့ ငါဆင်းလာခဲ့ပြီ၊ ကဲလာသွားကြစို့” ဆိုတော့ ကြောင်ကြည့်နေတယ်။
သိကြားမင်း အခုလိုက်ရမှာလားတဲ့၊အခုလိုက်ရမှာပေါ့၊ အိမ်ပြန်ပြီးတော့ ပြောအုံးမှဖြစ်မှာ၊ အိမ်ကလူတွေက တော်ကြာဘယ်သွားမှန်းမသိ၊ အိမ်ပြန်ပါရစေဦး။ အိမ်ပြန်၊ အိမ်ကအမျိုးသမီးနဲ့ သွားတိုင်ပင်မှဖြစ်မှာဆို တော့…အေး…သွားတိုင်ပင်။မင်းကို ငါ(၇)ရက်ပဲ ခွင့်ပေးမယ်နော်။
အိမ်ပြန်ရောက်တဲ့အခါ အိမ်ကအမျိုးသမီးနဲ့ ဖြစ်သမျှကိုအကျိုးအကြောင်းပြောတိုင်ပင်တယ်။ အမျိုးသမီးက အမေလေး…ရှင်ဆုတောင်းပြည့်တာပဲ၊ သိကြားတောင် လာခေါ်မှလိုက်သွားပေါ့ တိုက်တွန်းတယ်။ ဘာလို့ ပြန်လာရတာလဲ။ “ဟ”နင်တစ်ယောက်တည်း ဖြစ်ပါ့မလားတဲ့။
အဲဒီတော့ အိမ်ရှင်မက၊ စဉ်းစားမနေနဲ့ ရှင်လိုက်သာသွားဆိုတော့ “နင်စဉ်းစားဦးနော်”တဲ့။ “ဘာမှမစဉ်းစားဘူး”၊ “နင်မစဉ်းစားလဲ ငါကတော့ စဉ်းစားရအုံးမယ်” လို့ပြောသတဲ့။
စိတ်ဆန္ဒမပြတ်ခြင်းပင်ဖြစ်ပါသည်။
ထုံးစံအတိုင်း “သြကာသ” ရှိခိုးပြီးနောက် ဆုတောင်း၍ ဘုန်းကြီးကဆုပေးသောအခါ “အာမဘန္တေ” ဟုလိုက် ဆိုကြပါသည်။ ထိုသို့ဘုန်းကြီးက နှုတ်တက်ချပေးသော ဆုများကိုအားကိုနေခြင်းထက် မိမိတောင်းသောဆု နှင့်ထိုက်တန်အောင် အပါယ်လေးပါး စသည်မှလွတ်မြောက်အောင် ဒုစရိုက်ကို ရှောင်ကြဉ်၍ သုစရိုက် ကုသိုလ်များကိုသာပြုမှသာ နိဗ္ဗာန်မြန်မြန်ရအောင် ကမ္မဋ္ဌာန်းကို အားထုတ်မှ၊ သို့မဟုတ် ပါရမီကိုကြိုးစား ဖြည့်မှသာ ဆုတောင်းအားလျော်စွာ အကျိုးရမည်ဖြစ်ပါသည်။
ကိုးကား။ ။ ဆရာတော်အရှင်ဇနကဘိဝံသ(ရတနာ့ဂုဏ်ရည်)
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ (မိတ်ကောင်းဆွေကောင်း)
အားလုံးသောဓမ္မမိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီး အသိပညာများတိုးပွားပါစေ။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP