"စိတ်ကောင်းရှိပါ"
“စိတ်ကောင်းမရှိဘဲ ပြောဆို၊ ပြုလုပ်နေသမျှအရာတိုင်းဟာ မကောင်းသော ပြောဆို၊ ပြုလုပ်မှု့သာဖြစ်တယ်။”
ဒီ အဆုံးမစကားလေးက မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသရဲ့ ဆုံးမစကားသံလေးပါ။
စာကြောင်းလေးက တိုပေမယ်လို့ အလွန်ကို အနှစ်သာရရှိလှပါတယ်။ ဗုဒ္ဓမြတ်စွာတိုင်းကလည်း ဒီအဆုံးအမလေးကို အမြဲဆုံးမတော်မှုလေ့ရှိပါတယ်။ “သစိတ္တပရိယောဒပနံ၊ မိမိရဲ့ စိတ်ကို အကုသိုလ်များမဖြစ်ရလေအောင် ဖြူစင်အောင်ထားပါတဲ့။” မိမိရဲ့ စိတ်ထားလေးသာ ကောင်းမြတ်နေမယ်၊ ဖြူစင်နေမယ်ဆိုရင် အရာရာကို အကောင်း၊ အဆိုးခွဲခြားနိုင်တဲ့ အသိပညာလေးရှိလာပါတယ်။ ဒီလို အကောင်း၊ အဆိုးကို ခွဲခြားနိုင်တဲ့ အသိပညာလေးသာရှိနေမယ်ဆိုပါက မကောင်းတာကို ပြုလုပ်မိမှာ မဟုတ်ပါဘူး။ စိတ်ထားမကောင်းရင် မကောင်းတဲ့ အမြင်နဲ့၊ မကောင်းတဲ့ အတွေးနဲ့၊ မကောင်းတဲ့အရာ မှန်သမျှကို ပြုလုပ်၊ ပြောဆို မိတတ်ကြပါတယ်။
ဗုဒ္ဓမြတ်စွာက “ကာယကံ၊ ၀စီကံ၊ မနောကံ ဆိုတဲ့ ကံသုံးပါးထဲမှာ မနောကံသာလျှင် အရေးကြီးတယ်၊ အလွန်အားကြီးတယ်“ လို့ဟောကြားထားတာရှိသလို “စိတ္တေန နိယတေ လောကော၊ ဒီလောကကြီးဟာ စိတ်သာလျှင် အကြီးအမှုးရှိတယ်၊ စိတ်သာလျှင် ဦးဆောင်တယ်”လို့ ဟောကြားထားတာကို ကြည့်မယ်ဆိုရင် မနောကံဆိုတဲ့ ဟောဒီ စိတ်စေတနာလေးဟာ အလွန်ကိုအရေးပါလှပါတယ်။
ဒီတော့ ဒီစိတ်ထားလေးကို ကောင်းသောစိတ်ထားလေး အဖြစ်ထာဝရ ဖြစ်ခွင့်ပေးလိုက်ပါ။ မကောင်းတဲ့ စိတ်ထားကိုတော့ သူ့အတွက် မိမိရဲ့ သန္တာန်မှာ ထာဝရနေရာ မပေးဘဲ ထားလိုက်ရအောင်။ ဘာကြောင့်လဲ ဆိုတော့ မကောင်းတဲ့ စိတ်ထားမျိုးထားရှိမယ်ဆိုရင် မကောင်းတဲ့အရာတွေကိုပဲ သူက လုပ်ဆောင်တော့မှာပါ၊ ဒီလို မကောင်းတဲ့အရာတွေကို လုပ်ဆောင်လိုက်မယ်ဆိုရင် သူ့ရဲ့အကျိုးဆက်များဖြစ်တဲ့ မကောင်းတဲ့ အကျိုးတရားတွေသာ ရရှိလာမယ်ဆိုရင် ဘယ်တော့မှ စိတ်ရော၊ ကိုယ်ပါ ချမ်းသာမှာမဟုတ်လို့ပါ။ အကုသိုလ်အလုပ်ဆိုတာ အပြစ်ရှိခြင်း၊ မကောင်းသောအကျိုးကို ပေးခြင်းပဲမဟုတ်လား။ ဒီတော့ အပြစ်လည်းမရှိ၊ ကောင်းသောအကျိုးကိုသာ ပေးစွမ်းတတ်တဲ့ ကုသိုလ်အလုပ်မျိုးကို လုပ်ဆောင်ပြီး ချမ်းသာခြင်းတွေကို ရရှိစေဖို့ကတော့ စိတ်ကောင်းလေးသာ ထာဝရ ရင်ထဲမှာ ဖြစ်ခွင့်ပေးလိုက်ပါ။
(ဥယျာဉ်မှုးလေး)

0 comments:
Post a Comment