မေတ္တာတရားခြုံကာထားရင်ဖြင့်

အချစ်ဆိုတာပြောလိုက်မယ်ဆိုရင် သမီးရည်းစားအချင်းချင်း အပြန်အလှန်ချစ်ကြတဲ့ အချစ်ကိုပဲပြေးပြီး မြင်မိတတ်ပါတယ်။ အချစ်နဲ့ပတ်သက်ပြီး ချစ်တာတွေ အမျိုးမျိုးရှိပါတယ်.. ချစ်သူအချစ်၊ မိသားစုအချစ်၊ သူငယ်ချင်းအချစ်၊ မောင်နှမအချစ်၊ မိဘနဲ့သားသမီးအချစ်ဆိုပြီးတော့ စသည်စသည် များစွာပါပဲ။ အချစ်နဲ့ပတ်သက်ပြီး ချစ်နေရတဲ့လူတွေအတွက် ချစ်တတ်ဖို့ဟာလည်း အရေးကြီးပါတယ်။ အချစ်နဲ့ပတ်သက်တဲ့ သဘောတွေကို သေချာနားလည်မှသာ မိသားစုချင်း အပြန်အလှန်ချစ်ခင်ကြတဲ့အချစ်၊ သူငယ်ချင်း အချင်းချင်း အပြန်အလှန်ချစ်ခင်ကြတဲ့အချစ်တွေနဲ့ သမီးရည်းစားအချစ်တွေဟာ အဆင်ပြေချောမွေ့လာမှာပါ။ တချို့မိသားစုတွေ သူငယ်ချင်းတွေ အပြန်အလှန်ချစ်ခင်ကြပါတယ်.. ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှ အပြစ်မြင်လာတတ်တာတွေ၊ အဆင်မပြေတာတွေ၊ နားလည်မှုမရှိတာတွေ ကြုံတွေ့လာရတတ်ပါတယ်။ တချို့တလေဆို အင်မတန်ချစ်ခင်ကြရာကနေ တစ်ဦးနဲ့တစ်ဦး အသေးအဖွဲလေးကအနေ ပြဿနာအကြီးတွေဖြစ်ပြီး လမ်းမှာတွေ့ရင် မခေါ်မပြောချင်လောက်အောင် ဖြစ်သွားတတ်တာတွေ၊ တစ်ဦးကတစ်ဦးကို ရန်ညှိုးထားပြီး လက်စားချေတုံ့ပြန်တာတွေတောင် ဖြစ်လာတတ်ပါသေးတယ်။ အစတုန်းကတော့ သူငယ်ချင်းအချင်းချင်း ညီအစ်ကိုမောင်နှမအချင်းချင်း သမီးရည်းစားအချင်းချင်း ချစ်လှပါတယ် ခင်လှပါတယ်ပြောပြီး နောက်ကျမှ ရန်သူတွေလိုဖြစ်သွားရလောက်အောင် ဘာတွေကများ နှောက်ယှက်ဖျက်ဆီး စေရတာလဲ။
သမီးရည်းစားချင်း ချစ်ကြတာပဲဖြစ်ဖြစ်၊ မောင်နှမအချင်းချင်း ချစ်ခင်ကြတာပဲဖြစ်ဖြစ်၊ မိသားစုအချင်းချင်း သူငယ်ချင်းအချင်း ချစ်ခင်ကြတာပဲဖြစ်ဖြစ်ပေါ့.. အဆင်မပြေဖြစ်လာရတဲ့ အဓိကအကြောင်းရင်းကတော့ ကိုယ်ကောင်းသလောက် သူကပြန်မကောင်းတဲ့အခါ၊ ကိုယ်လုပ်တာ ကိုယ်ပြောတာပဲ အမှန်ထင်တဲ့အခါ၊ ကိုယ့်ကိုယ်ကို အထင်ကြီးတဲ့စိတ်တွေ ၀င်နေတဲ့အခါတွေမှာ တစ်ဦးနဲ့တစ်ဦး အဆင်မပြေမှုတွေ စတင်ဖြစ်ရတော့တာပါပဲ။ အဓိကကတော့.. ငါ့အတွက်ဆိုတဲ့ ကိုယ့်အတ္တ ကိုယ့်အကျိုးကိုရှေ့တန်းတင်ပြီး တစ်ပါးသူကိုအပြစ်မြင်တတ်၊ ပြစ်တင်ပြောဆိုတတ်တာတွေက စမိတာပါပဲ။ တစ်ဦးနဲ့တစ်ဦး မေတ္တာတရားနဲ့လွှမ်းခြုံပြီး မဆက်ဆံမိကြတဲ့အခါ ငါဆိုတဲ့အတ္တတွေက ရှေ့ကနေရာယူပြီး အမုန်းတွေပွားကြရတာပါပဲ။ ဒါမို့လို့ ဆရာတော်အရှင်ဆန္ဒာဓိကက ဟောပြဆုံးမထားပါတယ်.. "တစ်ဦးနဲ့တစ်ဦး အေးချမ်းစွာ ချစ်ခင်နိုင်ဖို့အတွက် အဓိကအရေးကြီးဆုံးနဲ့ ချစ်တတ်ဖို့ကတော့ မေတ္တာတရား လက်ကိုင်ထားခြင်းပါပဲ" တဲ့။ တစ်ပါးသူအပေါ်မှာ စစ်မှန်သန့်စင်တဲ့ မေတ္တာတရားတွေ များများပေးနိုင်လေလေ တစ်ဦးနဲ့တစ်ဦးချစ်ခင်ကြတဲ့နေရာတွေမှာ အဆင်ပြေချောမွေ့လေလေပါပဲ။ မစစ်မမှန်တဲ့မေတ္တာတွေ ရှိနေသ၍တော့ တစ်ဦးနဲ့တစ်ဦးဘယ်လောက်ချစ်ပါတယ် ခင်ပါတယ်ပြောပြော.. နောက်ကျရင် အဆင်မပြေတာတွေနဲ့ပဲ ကြုံတွေရအုံးမှာပါ။
တစ်ဦးနဲ့တစ်ဦး ချစ်လှပါပြီ ခင်လှပါပြီဆိုပြီး အဆင်မပြေဖြစ်ကြတာတွေဟာ မေတ္တာဓါတ်မပါကြလို့ပါ။ တစ်ဦးနဲ့တစ်ဦး ကြာလာရင်အပြစ်တွေ မြင်လာတတ်တာဟာ မေတ္တာဓါတ်တွေ ခမ်းခြောက်မှုကြောင့်ပါပဲ။ မေတ္တာအကြောင်းပြောမိတော့ မေတ္တာနဲ့ပတ်သတ်ပြီး မေတ္တာရဲ့သဘော၊ မေတ္တာရဲ့အဓိပ္ပါယ်တွေ သိဖို့လိုအပ်ပါတယ်။ အချို့ကထင်ကြပါတယ် ငါဒီလောက်သူ့အပေါ် မေတ္တာထားတာ ငါ့အပေါ်လည်း မေတ္တာပြန်မထားဘူးဆိုတာမျိုးတွေ တွေးတတ်ပါတယ်။ တကယ်တော့ မေတ္တာရဲ့သဘေတရားဟာ သူတစ်ပါးရဲ့အကျိုးစီးပွားကိုသာ လိုလားတောင့်တပါတယ်။ ကိုယ့်အကျိုးကို ဘယ်တော့မှ ပြန်လည်မတောင့်တတတ်ပါဘူး။ သူ့အပေါ်မေတ္တာထားတယ်ပြောပြီး ကိုယ့်အကျိုးကို ပြန်လည်တောင့်တနေတာဟာ မေတ္တာအစစ်အမှန် မဟုတ်သေးပါဘူးနော်။
နောက်မေတ္တာရဲ့သဘောတရားကတော့ မိမိအတွက်ရော တစ်ပါးသူအတွက်ပါ အမြဲတမ်းအေးချမ်းပါတယ် တစ်ဦးနဲ့တစ်ဦးဆက်ဆံတဲ့နေရာမှာ ပူလောင်တယ်ဆိုတာလည်း မရှိပြန်ပါဦး။ သူ့အကြောင်းစဉ်းစားရလို့ ပူပန်နေရရင် ကိုယ်သူ့အပေါ်ထားတဲ့မေတ္တာ မစစ်မှန်သေးပါဘူး။ မေတ္တာရဲ့သဘောတရားဟာ အမြဲတမ်းနူးညံ့သိမ်မွေ့သလို အင်မတန်မှလည်း အေးမြပါတယ်။ မေတ္တာရဲ့သဘောဟာ သူတစ်ပါးရဲ့ကောင်းကွက်ကိုသာ ကြည့်တတ်ပြီး တစ်ပါးသူကိုဘယ်တော့မှ အပြစ်မမြင်တတ် ခွင့်လွှတ်တတ်တဲ့သဘောတွေ ပါဝင်ပါတယ်။ သူငယ်ချင်းအချင်းချင်း၊ မိသားစုအချင်းချင်း၊ သမီးရည်းစားအချင်းချင်း မေတ္တာသန့်သန့်နဲ့သာ ချစ်ခင်တတ်သွားမယ်ဆိုရင် အချင်းချင်း စကားများတယ် ရန်ဖြစ်တယ် အညှိုးထားတယ် ဆိုတဲ့စကားလုံးတွေဟာ အိမ်မက်ထဲမှာတောင် ထည့်မက်လို့ရမှာ မဟုတ်ပါဘူးနော်။ တကယ်တော့ ကိုယ်စေတနာထားသလို ကိုယ်မေတ္တာထားသလို ရောင်ပြန်မဟတ်တာတွေဟာ ကိုယ့်မေတ္တာမစစ်သေးလို့ပါပဲ။ တပါးသူအပေါ်မှာ မေတ္တာစေတနာတကယ်ထားတတ်ရင် ကိုယ့်အပေါ်မှာလည်း မေတ္တာနဲ့တူတဲ့ တန်ပြန်အကျိုးတွေ ဧကန်ရောက်လာမှာပါ။
မေတ္တာတရားနဲ့ချစ်ဖို့ပြောလိုက်တော့ ဘုရားရှင်ကိုယ်တော်မြတ်ကြီး အောင်ခြင်းရှစ်ပါးကို မေတ္တာနဲ့လွှမ်းမိုးပြီး အောင်မြင်ခဲ့တာလေးမြင်မိပါတယ်။ ဘုရားရှင်ရဲ့မေတ္တာဓါတ် အားကောင်းမှုကြောင့် အင်မတန်ဆိုးဝါးပါတယ်ဆိုတဲ့ အသိဥာဏ်မရှိတဲ့ နာဠာဂီရိဆင်လိုမျိုး တိရိစ္ဆာန်တောင် မျက်ရည်ကျခဲ့ရပြီး ဘုရားရှင်ကို ဦးညွတ်ခဲ့ရပါတယ်။ အသိဥာဏ်မရှိပါဘူးဆိုတဲ့ တိရိစ္ဆာန်တစ်ကောင်တောင် မေတ္တာတရားရဲ့စစ်မှန်မှုကြောင့် ဒူးထောက်ဦးညွတ်ခဲ့ရတယ်ဆိုရင်.. အသိဥာဏ်ရှိတဲ့ လူသားအချင်းချင်းဆို မေတ္တာတရားရဲ့သက်ရောက်မှုဟာ ဆိုဖွယ်ရာရှိမယ် မထင်ပါဘူး။ ဘုရားရှင်ကို အမျိုးမျိုးဒုက္ခပေးတဲ့ အမျိုးမျိုးရန်မူပါတယ်ဆိုတဲ့ ဒေ၀ဒတ္တတောင် ဘုရားရှင်ရဲ့မေတ္တာတရားသန့်စင်မှုကို မြေမြိုခါနီးမှာ လက်အုပ်ချီပြီး ရှိခိုးတောင်းပန်ခဲ့ရတာပဲ မဟုတ်ပါလား။ ဒါတွေဟာ မေတ္တာတရားရဲ့စစ်မှန်မှုတွေပါပဲနော်။ ဘုရားရှင်ဟာ ရန်သူမိတ်ဆွေမရွေး သတ္တ၀ါအားလုံးကို သားတော်ရာဟုလာအပေါ်မှာ ထားရှိတဲ့မေတ္တာအတိုင်း သန့်စင်တဲ့မေတ္တာတွေပေးခဲ့တဲ့အတွက် ပေးခဲ့တဲ့မေတ္တာတွေအတိုင်း ပြန်လည်ရရှိခဲ့တာပါပဲ။ ဘုရားရှင်ရဲ့အဆုံးမတွေကို လက်ခံယုံကြည်တယ်ဆိုရင်ဖြင့် မေတ္တာတရားရဲ့သန့်စင်မြင့်မြတ်မှုကို ကျင့်သုံးလက်ကိုင်ထားသင့်ပါပေတယ်။
မေတ္တာထားတယ်ဆိုတာ မေတ္တာသုတ်ရွတ်နေရုံ၊ မေတ္တာပွားနေရုံနဲ့တင် ပြည့်စုံသွားနိုင်မှာမဟုတ်ပါဘူး။ ကိုယ်ရွတ်နေတဲ့အတိုင်း ကိုယ်ပွားနေတဲ့အတိုင်း တစ်ပါးသူအပေါ်မှာထားရှိတဲ့မေတ္တာတရားတွေ သန့်စင်မှသာ မေတ္တာရဲ့တန်ပြန်တဲ့အကျိုးတွေကို ခံစားရမှာပါ။ ကိုယ်နဲ့ဆက်ဆံပတ်သက်နေတဲ့သူတွေ ဘယ်သူ့ကိုမဆို မေတ္တာသန့်သန့်လေးနဲ့ ချစ်ခင်တတ်သွားမယ်၊ ကိုယ်နဲ့နှုတ်နဲ့မေတ္တာတရားတွေရှေ့ထားပြီး ကောင်းကျိုးတွေ လုပ်ဆောင်ပေးနေမယ်၊ လူတိုင်းအပေါ် အကောင်းမြင်စိတ်ထားနဲ့ အကောင်းမြင်စကားတွေပဲ ပြောပြီး သူတစ်ပါးရော မိမိရောအေးချမ်းနေမယ်ဆိုရင်ဖြင့် မေတ္တာလေးနဲ့လွှမ်းခြုံထားတာပါပဲ။ ဒီလိုပါပဲနော်.. မိသားစုအချင်းချင်း၊ မောင်နှမအချင်းချင်း၊ သူငယ်ချင်းအချင်းချင်း၊ သမီးရည်းစားအချင်းချင်း နှစ်ဦးနှစ်ဖက်အေးချမ်းစေပြီး မေတ္တာတရားလေးနဲ့ ထွေးထွေးပိုက်ပိုက် ယုယမယ်ဆိုရင် တန်ပြန်တဲ့အေးချမ်းမှုမေတ္တာတွေ ကိုယ့်ဆီကို မခေါ်ပဲ ရောက်လာမှာပါ။ သမီးရည်းစာတွေအတွက် အချစ်ကံတွေကောင်းပြီး အကောင်းကံတွေဖြစ်ချင်တယ်ဆိုရင်လည်း မေတ္တာဓါတ်က အဓိကကျနေပါတယ်။ အဓိကကတော့ကိုယ့်မေတ္တာတွေ စစ်မှန်ဖို့ပါပဲ။ တူသောအကျိုးပေးတယ်ဆိုတဲ့ ဘုရားရဲ့အဆုံးမတွေကို ဘယ်အရာကများ ဟန့်တားနိုင်တာမှတ်လို့….။ ယုံကြည်တယ်ဆိုရင်ဖြင့် တကယ့်မေတ္တာစစ်နဲ့အားလုံးကို လွှမ်းခြုံနိုင်အောင် မေတ္တာစစ်တွေထားနိုင်အောင် ကြိုးစားကြည့်လိုက်ပါ။

0 comments:
Post a Comment