* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, June 1, 2010

နယုန်လပြည့် မဟာသမယအခါတော်နေ့

June 1, 2010 by Annyatara (အညတရ)

ယနေ့သည်ကား ဗုဒ္ဓဘာသာဝင်သူတော်စင်တို့၏ အလေးအမြတ်ထားသော နယုန်လပြည့်နေ့ဖြစ်ပေ သည်။ နယုန်လပြည့်နေ့တွင် မြတ်ဗုဒ္ဓသည် များပြားလှစွာသော နတ်ဗြဟ္မာပေါင်းတို့ကို မဟာသမယသုတ်တရားတော်ကို ဟောကြားတော်မူခဲ့ပါသည်။ ဤနေရာတွင် မဟာသမယ၏ အဓိပ္ပာယ်ကို ရှာဖွေရသော် မဟာဟူသည် ကြီးကျယ်မြင့်မြတ်ခြင်းဟုအဓိပ္ပာယ်ရ၍ သမယသည်ကား အချိန်-အခါ-ကာလဟု အဓိပ္ပာယ်ကောက်ယူနိုင်ပေသည်။

မဟာသမယသုတ်တော် ဟောကြားတော်မူရခြင်း၏ သမိုင်းကြောင်းကို ပြန်လိုက်ရသော် မြတ်ဗုဒ္ဓသည် ဘုရားဖြစ်တော်မူပြီး စတုတ္ထ ၀ါတော်ကပ်စဉ် ကာလတွင် ဖြစ်ပေသည်။ မဇ္ဈိမဒေသ ကပိလဝတ် နှင့် ကောလိယနှစ်ပြည်ထောင်ကြားတွင် ရောဟိဏီဟု အမည်ရှိသော မြစ်ကလေး တစ်စင်းရှိပေသည်။ မိုးတွင်းနှင့် ဆောင်းတွင်း အခါသမယတွင်ကား ထိုမြစ်ကလေးအတွင်းဝယ် ရေအလုံအလောက် စီးဆင်းနေသည့်အခါ နှစ်ပြည်ထောင်မှ တောင်သူတို့သည် သူတို့၏ လယ်မြေတွေအတွက် ရေကို သုံးရန်လုံလောက်ပေသည်။ ယခုကဲ့သို့သော မိုးခေါင်လှသော နယုန်လတွင်ကား ရောဟဏီမြစ်မှ ရေစီးဆင်းနေသော ရေသည် နှစ်ပြည်ထောင် တောင်သူတို့အတွက် မလုံလောက်တော့ပေ။ သို့ဖြစ်သဖြင့် ထိုရေကို သူ ရသင့်သည်။ ငါရ သင့်သည်ဟုငြင်းခုန်ကြသည်။ထိုမျှမက တစ်ဖက်နှင့်တစ်ဖက် ငယ်ကျိုး ငယ်နာတွေလည်း အပြန်ပြန် အလှန်လှန် ဖော်ကြလေသည်။

ကောလိယပြည်ဘက်မှ လယ်သမားများက

“နင်တို့က ခွေးတွေလို မောင်နှမချင်း အိမ်ထောင်ပြုတဲ့အမျိုးတွေ၊”ဟု စတင်ပြောလေသည်။ တစ်ဘက် (ကပိလ၀တ်) ကလည်း “နင်တို့က အနူမျိုးတွေ၊ အေး–အနူမျိုးအကြောင်းသိစေရမယ်” စသည်ဖြင့် အထက်လူကြီးများအထိ ပေါက်ကြားသွားရာ စစ်ခင်းကြမည့် အခြေအနေအထိ ရောက်ရှိသွားလေသည်။ ထိုအကြောင်းကို သိတော်မူသော မြတ်စွာဘုရားရှင် ကြွရောက်တော်မူလာပြီး “ဓား၊ လှံ၊ ဒူးလေး တွေ သယ်ဆောင်လာပြီး၊ဘာလုပ်ကြမလို့လဲ” ဟု မေးတော်မူလေသည်။ ထိုအခါနှစ်ပြည်ထောင်သော ဆွေမျိုးများက -

“တပည့်တော်တို့ စစ်ခင်းကြမလို့ပါဘုရား။”ဟုလျှောက်ထားလေသည်။ ဤတွင် မြတ်ဗုဒ္ဓက

“ဘာအတွက်စစ်ခင်းကြမှာလဲ။”ဟု ဆက်လက်မေးတော်မူလေသည်။ နှစ်ပြည်ထောင်မှ ဆွေမျိုးတို့ကလည်း

“ရေအတွက်ပါဘုရား။”ဟု လျှောက်ထားကြလေသည်။ ထိုအခါ ဘုရားရှင်က

“သင်တို့ဟာအဘိုးမတန်တဲ့ ရေအတွက်နဲ့ အဘိုးတန်တဲ့ သင်တို့ အသက်တွေ ဆုံးရှုံးခံတော့မလို့လား”ဟု မေးမြန်းတော်မူကာ ငြိမ်းချမ်းရေး တရားကို စတင်ဟောတော်မူပါသည်။ ဒီလိုဟောတဲ့နေရာမှာ ၊မြတ်ဘုရား ရှင်က သာဓကတွေအနေဖြင့်

(၁) ၀က်ဝံနှင့်ရုက္ခစိုး၊ရန်ငြိုးထားရာကနှစ်ဦးလုံးပျက်စီးကြရပုံ(ဖန္ဒနဇာတက)

(၂) အကြောက်ကြီးပြီး၊ စဉ်းစားဆင်ခြင်ဝေဖန်မှုမရှိသော ယုန်တစ်ကောင်စကားကြောင့် ဥသျှစ်သီးကြွေသည်ကို ကမ္ဘာပြိုသည်ထင်မှတ်ပြီး ပြေးကြသောကြောင့် တိရစ္ဆာန်များဒုက္ခတွေ့ကြရပုံ (ပထ၀ီဣန္ဒြိယဇာတက)

(၃) တစ်ဖက်သားကို အားနည်းတယ်ထင်ပြီး အထင်သေးအနိုင်ယူလိုပါက လွယ်ကူသည့်ကိစ္စမဟုတ်၍ အထင်မသေးသင့်ကြောင်းကို အားကြီးသော ဆင်ပြောင်ကြီးကို နှံစုတ်ငှက်မက အနိုင်ယူနိုင်ခဲ့သည့် သာဓကရှိပုံ။ (လဋုကိကဇာတက)

(၄)သစ်ပင်များတစုတဝေးတည်းတည်ရှိနေမှုကြောင့် လေဒဏ်မိုးဒဏ်ကိုမပြိုမလဲ ကြံ့ကြံ့ခံနိုင်ပုံ(ရုက္ခမူလဇာတက)

(၅)ငှက်များရဲ့အချင်းချင်းမညီညွတ်မှုကြောင့်၊ ငှက်မုဆိုးရဲ့ပိုက်ကွန်မှာ ငှက်များအမိခံ ကြရပုံ(၀ဋ္ဋကဇာတက)

(၆) မိမိစိတ်၊မိမိကိုယ်ကိုထိန်းသိမ်းနိုင်ပါကအရာရာအောင်မြင်နိုင်ပုံ(အတ္တဒဏ္ဍသုတ္တ) ဥပမာ (၆) ရပ်ပြပြီး တရားရေအေးတိုက်ကြွေးကာ စေ့စပ်ရေးတရားဟောကြားခဲ့သည်။ ထိုအခါထိုနှစ်ပြည်ထောင်သားများသည် သူတို့၏ အမှားများကို သိကာ ငြိမ်းချမ်း ရေးရခဲ့ကြသည်၊ ဤတွင်သာမက နှစ်ပြည်ထောင်မှ မင်းသား ၅၀၀ တို့သည် ဘုရားရှင်ရဲ့သာသနာတော်ကိုဝင်ပြီး ရဟန်းပြုကြသည်။ အဆိုပါရဟန်းများသည် သာသနာတော်မှာ မပျော်ပိုက်ကြသည့်အတွက် မြတ်ဗုဒ္ဓသည် ဟိမဝန္တာတော အတွင်းက အလွန် မွေ့လျော်ဖွယ်ကောင်းသည့် ကုဏ္ဍလာအိုင်သို့ ခေါ်ဆောင်ကာ ဂါထာသုံးရာတို့ဖြင့်တန်ဆာဆင်အပ်သော ကုဏ္ဍလငှက်မင်းဇာတ်ကြောင်းကို ဟောကြားတော်မူခဲ့ပါသည်။ ဇာတ်တော် ဆုံးသောအခါ ရဟန်း ၅၀၀-တို့ သောတာပတ္တိဖိုလ်၌ တည်တော်မူခဲ့ပါသည်။ မြတ်စွာဘုရားရှင်သည် ရဟန်းတော် ၅၀၀-နဲ့အတူ ကပိလဝတ် ပြည်အနီးရှိ မဟာဝုန်တောသို့ ကြွချီတော်မူခဲ့ပါသည်။

မဟာဝုန်တောတွင် မြတ်ဗုဒ္ဓသည် ထိုရဟန်းတို့အား ကမ္မဋ္ဌာန်းကို ပေးတော်မူရာ မကြာမီကာလအတွင်းမှာ အရဟတ္တဖိုလ်ကို ဆိုက်ရောက် တော်မူခဲ့ကြပါသည်။ ထိုရဟန်း၅၀၀တို့သည် မိမိ တို့ရရှိထားသော တရားထူးကို လျှောက်ထားရန်နှင့် ဘုရားရှင်ကို ဖူးမျှော်ရန်အတွက် နယုန်လပြည့်ညချမ်း မှာ မြတ်ဗုဒ္ဓ၏ အထံတော်သို့ စုရုံးရောက်ရှိ လာကြပါသည်။ ထိုနေ့ညချမ်းအချိန်လေးမှာပင် မြတ်ဗုဒ္ဓနှင့် ရဟန္တာ ၅၀၀ တို့ကို တွေ့မြင် ဖူးတွေ့ ကြည်ညိုလိုကြကုန်သော နတ်၊ဗြဟ္မာ၊ အသူရာ၊ ဂဠုန်၊ နဂါးတို့များသို့မဟာဝုန်တောကို စုရုံးရောက်ရှိလာကြပါတယ်။ ထိုကဲ့သို့ ပရိသတ်တွေစုဝေးသောအချိန်တွင် မြတ်စွာဘုရားရှင်ဟာ တရားနာရောက်ရှိလာသော နတ်၊ဗြဟ္မာတို့၏ အမည်၊အမျိုးအနွယ်၊တို့ကိုရဟန္တာငါးရာနှင့် နတ်ဗြဟ္မာများကို သိစေလိုသည့်အတွက် အမျိုးတူအလိုက်စုပေါင်းကာ- အမျိုးအနွယ်တစ်ခုချင်းစီကို ဖော်ထုတ်ပြီး နှုတ်ခွန်းဆက် စကားမိန့်ကြားတော်မူပြီးမှသာ မဟာသမယသုတ်တော်ကြီးကို ဟောကြားတော်မူခြင်းဖြစ်ပါသည်။

မဟာသမယ သုတ်ကို ဒေဝတာပီယ-နတ်တို့ချစ်ခင် မေတ္တာဝင်သောသုတ်ဟူ၍လည်း ခေါ်ပညာရှင်တို့က ခေါ်ဝေါ်ကြသည်။ နတ်၏ ချစ်ခင်မှုကို လိုလားကြသော လပ်လာဘပေါများလိုသော ပုဂ္ဂိုလ်တို့သည် ဤမဟာသမယသုတ်ကို ရွတ်သင့်ပေသည်။ နတ်တို့သည် ဤသုတ်ကို အလွန်ကြားနာလိုကြသည်။ လူတိုင်းသည် ကိုယ့်နာမည်လေးကို လူတွေရှေ့မှာခေါ်ခြင်း၊ဖော်ပြခြင်းတို့ကို ကြိုက်နှစ်သက်ကြလေသည်။ ဘုရားရှင်သည် ရောက်လာကြသော နတ်ဗြဟ္မာအပေါင်းတို့အား

၁။ ရာဂစရိုက်-အားကြီးသူအတွက်—(သမ္မာပရိဗ္ဗာဇနိယသုတ်)

၂။ ဒေါသစရိုက်-အားကြီးသူအတွက်—(ကလဟဝိဝါဒသုတ်)

၃။ မောဟစရိုက်-အားကြီးသူအတွက်—(မဟာဗျူဟသုတ်)

၎။ ဝိတက်စရိုက်-အားကြီးသူအတွက်—(စူဠဗျူဟသုတ်)

၅။ သဒ္ဓါစရိုက်-အားကြီးသူအတွက်—(တုဝဋကသုတ်)

၆။ ပညာစရိုက်-အားကြီးသူအတွက်—(ပုရာဘေဒသုတ်) တရားတော်တို့ကို ဟောကြားတော်မူခဲ့ပါသည်။ တရားတော်မြတ်အဆုံးမှာတော့ နတ်၊ဗြဟ္မာပေါင်းများစွာ သောတာပတ္တိဖိုလ်၊ သကဒါဂါမိဖိုလ်၊ အနာဂါမိဖိုလ် အရဟတ္တဖိုလ်တို့သို့ အသီးသီးရောက်ရှိ ကြလေသည်။

အချုပ်အားဖြင့်သော်ကား နယုန်လပြည့်နေ့၏ ထူးမြတ်သော ဂုဏ်အင်များကို တွက်စစ်ရသော်

၁။ ရေလုပွဲဆင်နွှဲကြသော နှစ်ပြည်ထောင်သားတို့ငြင်းခုံခိုက်ရန်ဘေးမှ ကင်းဝေခြင်း။

၂။ ကပိလဝတ်နဲ့ ကောလိယ နှစ်ပြည်ထောင် စစ်ခင်းတော့မည့် ဘေးအန္တရာယ်မှာကင်းဝေးပြီး ငြိမ်းချမ်းရေးရ တဲ့နေ့ဖြစ်ခြင်း။

၃။ ရဟန်း ၅၀၀ လုံး ရဟန္တာဖြစ်တော်မူသောနေ့ဖြစ်ခြင်း။

၎။ နတ်၊ ဗြဟ္မာ၊ အသူရာ၊ ဂဠုန်၊ နဂါးများ ရဟန်းတော်များ ဤ-တစ်ကြိမ်တည်းသာ စုရုံးမိသောနေ့ ဖြစ်ခြင်း။

၅။ မဟာသမယကိုအကြောင်းပြု၍ ရန်ဘက်ဖြစ်သော ဂဠုန်နဲ့ နဂါး ခိုက်ရန်မဖက်၊ မေတ္တာသက်ဝင်သော နေ့ဖြစ်ခြင်း။

၆။ မဟာသမယ ဆိုင်ရာ သုတ္တန်ခုနှစ်မျိုးကို မြတ်ဗုဒ္ဓဟောကြားတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။ စသည်ဖြင့် ၆ ချက် ပြည့်စုံနေသော ထူးမြတ်သောနေ့ဖြစ်ပါသည်။ ထို့အပြင် ယနေ့သည်ကား မြန်မာနိုင်ငံမှတစ်ပါး အခြားဗုဒ္ဓဘာသာတိုင်းပြည်များတွင် မြတ်ဗုဒ္ဓပွင့်တော်မူသောနေ့ဟု သတ်မှတ်ကာ အကြီးအကျယ်ပူဇော်သော နေ့ဖြစ်ပါသည်။ သို့ဖြစ်သဖြင့် ထူးမြတ်မှုအပေါင်းနှင့်ပြည့်စုံသော နယုန်လပြည့်နေ့တွင် အားလုံးသော ဓမ္မမိတ်ဆွေအားလုံးတို့သည် ရတနားသုံးပါးကို အာမိသပူဇာ (ဆွမ်း၊သင်္ကန်း စသည်ကို လှူခြင်း) ဓမ္မပူဇာ (၀ိပဿနာတရား ပွားများ အားထုတ်ခြင်းဖြင့် ပူဇော်ခြင်း) တို့ဖြင့် ပူဇော်နိုင်ကြကာ ငြိမ်းချမ်းရေးနေ့တွင် ငြိမ်းချမ်းမှုအပေါင်းဖြင့် ဘ၀ကို လျှောက်လှမ်းနိုင်ကြပါစေဟု ဆန္ဒပြုလျက် မိမိ၏ “နယုန်လပြည့် မဟာသမယအခါတော်နေ့” အကြောင်းကို နိဂုံးချုပ်လိုက်ရပေသည်။

ကျမ်းညွှန်း – ဒီဃနိကာယ် မဟာဝါပါဠိတော် စာမျက်နှာ ၂၀၂၊ ၎င်းအဋ္ဌကထာ စာမျက်နှာ ၂၆၄၊ ၎င်းဋီကာ ၂၃၁။ တွင် အကျယ်ရှုနိုင်ပါသည်။

အရှင်ဇ၀န

http://www.dhammaflavour.net/2010/05/blog-post_348.html မှ ကူးယူဖော်ပြသည်။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP