* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, June 1, 2010

*လမ်းဆုံ*

Written by တောသားလေး 2 အကြံပြုပါသည်။ Posted in:

“လမ်းဆုံ” ဆိုလို့ အဆိုတော် ဇော်ပိုင်သ်ီဆိုထားတဲ့ သီချင်းတော့မဟုတ်ပါဘူးဗျာ။ ကျွန်တော်တို့ယခုရရှိ နေတဲ့ လူ့ဘ၀ဟာ တရားဘာဝနာများ ပွားများအားထုတ်ရာ ကုသိုလ်ကောင်းမှုများကို ပြုလုပ်နိုင်ရာ တန်ဖိုး ရှိတဲ့လမ်းဆုံနေရာဘဲဖြစ်ပါတယ်။ လူ့ပြည်မှာဘဲ မြတ်စွာဘုရားရှင်ပွင့်တော်မူပြီး သတ္တ၀ါအားလုံးအတွက် တရားရေအေးများကို တိုက်ကျွေးခဲ့သလို၊ လူ့ပြည်မှဘဲ နတ်ပြည် ဗြဟ္မာပြည် သို့သွားနိုင်သလို၊ အပါယ် လေးဘုံသို့လည်းသွားနိုင်ပါတယ်။

မြတ်စွာဘုရားရှင်က အင်္ဂုတ္တိုလ်ပါဠိတော်၌ ဘုရားရှင် ပွင့်တော်မူသောအခါကို ရခဲခြင်း၊ လူ့ဘ၀ကို ရခဲခြင်း၊ သဒ္ဓါတရားရှိသောပုဂ္ဂိုလ်အဖြစ်ကိုရခဲခြင်း၊ရဟန်းဘ၀ကိုရခဲခြင်း၊ သူတော်ကောင်းတရားကို ကြားနာရခြင်း ဟူသည့် ရဖို့ခဲယဉ်းသောအရာငါးမျိုးကို ဟောကြားတော်မူခဲ့ပါသည်။
ထိုရဖို့ခဲယဉ်းလှသော အရာငါးမျိုးမှ လူ့ဘ၀ဆိုတဲ့ လမ်းဆုံနေရာကို ရဖို့ခဲယဉ်းလှပုံကို မြတ်စွာဘုရားရှင် ကသံယုတ်ပါဠိတော်၊ နာခသီခူပမသုတ်၌ ယခုလိုဟောကြားတော်မူခဲ့ပါသည်။ “ချစ်သား ချစ်သမီးတို့၊ ငါဘုရား၏လက်သည်းပေါ်မှာရှိသော မြေမှုန်နှင့် ဟောဒီအောက်က ပထ၀ီမြေကြီး ဘယ်ဟာကများသနည်း”
“အောက်မှာရှိတဲ့ မဟာပထ၀ီမြေကြီးက အဆမတန်အောင် များပြားလှပါသည်ဘုရား”
“ချစ်သား ချစ်သမီးတို့၊ ဟောဒီဥပမာအတိုင်းပဲ၊ လူ့ဘ၀ကနေသေပြီးတော့ လူ့ဘ၀ကိုပြန်ရောက်ရတဲ့ ပုဂ္ဂိုလ်ဆိုတာ ငါဘုရားလက်သည်းခွံပေါ်က မြေမှုန်လောက်ပဲ၇ှိတယ်၊ လူ့ဘ၀သေပြီး အပါယ်လေးဘုံကျ ရောက်ရတဲ့ ပုဂ္ဂိုလ်များကတော့ ဟောဒီမဟာပထ၀ီမြေကြီး အထုလောက်ရှိတယ်” ဟူ၍ ဖြစ်ပါသည်။
အပါယ်ဘုံသားတို့ လူ့ဘ၀ရဖို့ခဲယဉ်းပုံကိုလည်း ဥပါရိပဏ္ဏာသပါဠိတော်၊ သုညတ၀ဂ်၊ ဗာလပဏ္ဍိတသုတ် တော်တွင်လည်း အောက်ပါအတိုင်း ဟောကြားတော်မူခဲ့ပါသည်။
“ချစ်သား ချစ်သမီးတို့၊ အပါယ်ဘုံသားများ လူ့ဘ၀တစ်ခုရဖို့ခဲယဉ်းပုံကို ငါဘုရား ဥပမာနှင့်တကွ ဟောကြားတော်မူမယ်၊ ကျယ်ဝန်းနက်ရှိုင်းလှတဲ့ သမုဒ္ဒရာကြီးထဲမှာ အနှစ်တရာမှ ရေပေါ်ကိုခေါင်းလေး တစ်ခါပေါ်တဲ့ လိပ်ကန်းကြီးတစ်ကောင်ရှိတယ်၊ အဲဒီသမုဒ္ဒရာကြီးထဲကို အပေါက်တစ်ပေါက်သာ ဖောက်ရ သေးတဲ့ နွားလှည်းကထမ်းပိုးတစ်ချောင်းကို ပစ်ချလိုက်မယ်။”
“ထမ်းပိုးကလည်း လေတိုက်ရာ အရပ်လေးမျက်နှာ မျောချင်ရာမျောနေမယ်။ လိပ်ကန်းကြီးကလည်း အနှစ် တစ်ရာပြည့်ရင် သူပေါ်ချင်ရာမှာပေါ်မယ်၊ လိပ်ကန်းကြီးက အနှစ်တစ်ရာပြည့်လို့ ရေပေါ်ကိုပေါ်လာတဲ့ အချိန်လည်းဖြစ်ရမယ်၊ အရပ်လေးမျက်နှာ မျောချင်ရာမျောနေတဲ့ ထမ်းပိုးကလည်း လိပ်ကန်းကြီးရဲ့ ပေါ်လာ တဲ့ဦးခေါင်းနဲ့ တည့်တည့်နေရာရောက်နေရမယ်။ ပိုပြီးခဲခဲယဉ်းယဉ်းဖြစ်နေရမှာက တစ်ပေါက် ထဲသာ ဖောက်ထားတဲ့ထမ်းပိုးက အပေါက်ထဲကို လိပ်ကန်းကြီးရဲ့ဦးခေါင်းဟာ တည့်တည့်မတ်မတ် ၀င်သွားဖို့ဆိုတဲ့အရာဟာ လွယ်လွယ်ကူကူဖြစ်နိုင်ပါ့မလား၊ ချစ်သား ချစ်သမီးတို့”
“ဤသို့ဖြစ်ဖို့ရန် အင်မတန်မှ ခဲယဉ်းလှပါသည်ဘုရား”
“ချစ်သား ချစ်သမီးတို့၊အပါယ်ဘုံသားများ လူ့ဘ၀တစ်ခု ရဖို့ရာကတော့ ယခု ငါဘုရားဟောကြားတဲ့ ဥပမာထက် အဆပေါင်းများစွာ ခဲယဉ်းလှသည်၊ ချစ်သား ချစ်သမီးတို့” ဟူ၍ ဟောကြားတော်မူခဲ့ပါသည်။
အထက်ဖော်ပြပါ မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့တဲ့ တရားတော်များအရ ကျွန်တော်တို့ဟာ ယခု အခါ အလွန်ကံကောင်းပြီး တန်ဖိုးရှိလှတဲ့ လူ့ဘ၀ကိုရရှိနေတဲ့အပြင် မြတ်စွာဘုရားရှင်၏ သာသနာတော် အတွင်းတွင်လည်း ကျရောက်နေပါသဖြင့် ရခဲလှတဲ့အချိန်လေးမှာ မကောင်းမှုများ ရှောင်ကောင်းမှု ဆောင်၍ တရားဘာဝနာများကို ပွားများအားထုတ်ပြီး တန်ဖိုးရှိစွာနေထိုင်သင့်ပါတယ်။ သားသမီး မိဘ ချစ်သူ ဇနီး ခင်ပွန်း၊ ဂုဏ်ပကာသန၊ ရာထူးစည်းစိမ်တွေ အတွက်နဲ့ မတော်တဆများ အပါယ်ဘုံ (သို့မဟုတ်) ရပ်ပြစ် ရှစ်ပါးရောက်ရှိသွားခဲ့ပါလျှင် ဘယ်လိုမှကုသလို့ မရနိုင်တော့ပါဘူး။
ထို့ကြောင့် မြတ်စွာဘုရားရှင်ကလည်း သတ္တ၀ါအားလုံးကို သနားဂရုဏာသက်စွာဖြင့်
ဟန္ဒဒါနိ ဘိက္ခဝေ အာမန္တယာမိဝေါ၊ ၀ယဓမ္မာသင်္ခါရာ အပ္ပမာဒေန သမ္ပာဒေထ
“သင်္ခါရတရားတို့သည် ပျက်စီးခြင်းသဘောရှိကြသည်။ သင်ချစ်သားတို့ မမေ့ မလျော့သော သတိတရားတို့ ဖြင့်အားထုတ်ကြကုန်လော့”
ဟူ၍ နောက်ဆုံးပရိနိဗ္ဗာန်ပြုတော်မူခါနီးမှာ ဟောကြား သတိပေးတော်မူခဲ့ခြင်းဖြစ်ပါတယ်။
ကျွန်တော်ရဲ့“လမ်းဆုံ” ပိုစ်လေးကို မာဃဒေ၀လင်္ကာမှာပါတဲ့ မန်လည်ဆရာတော်ဘုရားကြီး ရေးသားတော်မူခဲ့သော-
“မလွဲနိုင်စွာ၊ ဓမ္မတာဖြင့်၊ ဇရာမီးလျှင်၊
ဖျက်ဆီးပြောင်ပြောင်၊ အမြဲလောင်၏။
သားချောင်သွေးခန်း၊ ရွေ့ရွေ့မြန်း၍၊ မလန်းမလူ၊
ဇရာဟူသည်၊ ဆံဖြူသွားကျွတ်၊ ထွထွရွတ်လျက်၊
ယွင်းချွတ်ပျက်ပြို၊ နေ့တိုင်းအိုသည်။
ဤကိုယ်ပျောက်လိမ့် မနှေးတည်း” လင်္ကာလေးဖြင့်နိဂုံးချုပ်လိုက်ပါတယ်ခင်ဗျာ။
အားလုံးသောဓမ္မ မိတ်ဆွေသူတော်ကောင်းတို့လည်း လမ်းဆုံကိုတော့ ရောက်နေပြီ ဘယ်လမ်းကိုရွေးမလဲ၊ ကိုယ်ရွေးလိုက်တဲ့လမ်းက ဘယ်လိုအကျိုးရှိမလဲဆိုတာကိုတော့ ကိုယ်ကိုတိုင်စဉ်းစား ဆင်ခြင်သုံးသပ်ပြီး သတိတရား လက်ကိုင်ထား၍ ပွားများအားထုတ်နိုင်သောသူများ၊ အမျိုး၊ ဘာသာ၊ သာသနာအတွက်အကျိုး ပြုနိုင်သောသူများဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ။
ကိုးကား- မျက်ရည်မကျခင်သိစေချင် မေတ္တာရှင်(ရွေပြည်သာ)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP