* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, June 28, 2010

ဝလုံးကလေး ရဲရဲရေးမှ

သမီးငယ် ဘွဲ့ရခဲ့သည်မှာ သုံးနှစ်ရှိခဲ့ပြီ။ သို့သော် ခိုင်မာသော၊ ပြတ်သားသောစိတ်ဖြင့် တစ်စုံတစ်ခုကိုမျှ မလုပ်နိုင်သေး။ ဟိုအလုပ်ဆိုလည်း ဖြစ်ပါ့မလား၊ ဒီအလုပ်ဆိုလည်း မစရဲဖြစ်နေသည်မှာ ကြာခဲ့ပြီ။

သမီးကို မည်ကဲ့သို့ ရဲဆေးတင်ပေးရမည်ကို ခေါင်းပူအောင်စဉ်းစားရသည်၊ ငယ်စဉ်က ကြုံတွေ့ခဲ့ဖူးသည်ကို ပြန်စဉ်းစားမိ၍ ဤအကြောင်းအရာသည်ကား သမီးအတွက် ရဲဆေးတစ်ခွက်ဖြစ်မည်ဟု ယုံကြည်မိ၍ စာတစ်ပုဒ်အဖြစ် ရေးဖြစ်သွားပေသည်။

စိတ်ပညာရှင်လည်း မဟုတ်သည်ကတစ်ကြောင်း၊ ဒီလိုဖြစ်တာ ဒါ့ကြောင့်ပဲဟုလည်း အတိအကျဆုံးဖြတ်နိုင်ရန် မစွမ်းသာသည်ကလည်း တစ်ကြောင်းကြောင့် စာတစ်ပုဒ်ဖြစ်အောင် ရေး၊ သမီးလည်းဖတ်၊ တခြား စာဖတ်သူများလည်း တင်ပြခြင်းဖြင့် အတွေးတစ်ချက် ရစေရန် အားထုတ်လိုက်ရပေသည်။ စာဖတ်သူ အများစု ဖတ်ရှုဆင်ခြင်၍သာ ဆုံးဖြတ်ကြစေလိုပါသည်။

သမီးငယ်ကို ပြောပြလိုသောအချက်မှာ အောက်ပါအတိုင်းဖြစ်ပါသည်-

x x x

ကျွန်တော်တို့ ငယ်စဉ်က နေခဲ့သော အိမ်အနီးတွင် အုတ်စီရေတွင်းကြီးတစ်တွင်းရှိသည်။ အလွန်ကြီးသော ရေတွင်းကြီးဖြစ်၍ ၂၅တောင်ခန့် နက်သည်၊ သို့သော် နွေနှောင်းပြီဆိုလျှင်တော့ ရေခန်းသည်။

ထို့ကြောင့် တွင်းချေးဆယ်ရန် ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက် ကြိုးစားကြသည်၊ ထိုစဉ်က ကျွန်တော်က ခုနစ်တန်း၊ ကျွန်တော့်အစ်ကိုဖြစ်သူက ကိုးတန်းကျောင်းသားများ ဖြစ်ကြသည်၊ အိမ်နီးချင်း လူကြီးများကလည်း ၀ိုင်းဝန်းကြည့်ရှုပေးကြမည် ဆိုသည်။

ကျွန်တော့်အစ်ကိုဖြစ်သူက တွင်းထဲဆင်း၍ အညစ်အကြေးများ စုပေးမည်၊ ကျွန်တော်က အပေါ်မှနေ၍ ရေပုံးဖြင့်ဆွဲတင်၊ အပြင်မှာသွန်ချဟု တာဝန်ခွဲလိုက်ကြသည်၊ သိပ္ပံကျောင်းသားများ ဖြစ်ကြသောကြောင့် ရေတွင်းထဲမဆင်းမီ ဖယောင်းတိုင်မီးထွန်းပြီး တွင်းအောက်ခြေအထိ ရောက်အောင် ချကြည့်၍ အတော်ကြာ ထားလိုက်သေးသည်၊ မီးမငြိမ်းလျှင် လေကောင်းစွာရှိသည်၊ ဆင်း၍ရသည်၊ မီးငြိမ်းသွားလျှင်တော့ လေမရှိ၊ ဆင်းလျှင် အသက်အန္တရာယ် ရှိသည်ကိုတော့ သိကြသည်။

ရေတွင်းထဲမှ ဖယောင်းတိုင်က ဆင်း၍ရသည်ဟု မီးမငြိမ်းဘဲ အချက်ပြသည်၊ အစ်ကိုဖြစ်သူက လုံချည်ပိုင်းကို ရင်ဘတ်သိုင်း၍ ရေပုံးကြိုးကိုလက်နှင့် ဆွဲထားပြီး၊ အပေါ်မှ လူကြီးများက ကြိုးကို တဖြည်းဖြည်းလျှော့ပေးသောအခါ သူ တွင်းအောက်သို့ရောက်သွား လေပြီ။

တွင်းချေးကလည်း အတော်များသည်၊ အမှိုက်တွေ သဲတွေမနည်း၊ အချိန်လေးအတော်ကြာလာသောအခါ အစ်ကို့ကို ကြည့်ရ သည်မှာ ကျွန်တော်အားမရတော့၊ သူ အားငယ်နေသည်ဟု စိတ်ကထင်သည်၊ သူ့စကားပြောသံကလည်း တစ်မျိုးပဲ။

ကျွန်တော်ပါ ဆင်း၍ ကူချင်လာသည်၊ အပေါ်မှ အမှိုက်ပုံးဆွဲတင်မည့်သူလည်း ရှိနေသည်။

“အစ်ကို ကျွန်တော်ပါဆင်းခဲ့မယ်”

“မဆင်းနဲ့၊ မင်းတခါမှ ဆင်းဖူးတာ မဟုတ်ဘူး”

“ရပါတယ် အစ်ကိုရ”

“မရဘူးကွာ မဆင်းနဲ့”

“သူက ကျွန်တော့်ကိုညှာ၊ ကျွန်တော်က သူ့ကိုညှာဖြင့် နောက်ဆုံး ကျွန်တော့်ဘာသာ ကျွန်တော်ဆုံးဖြတ်၍ ပုဆိုးကွင်း ရင်မှာသိုင်းပြီး၊ သူဆင်းစဉ်က ပုံစံအတိုင်း တရွေ့ရွေ့ ဆင်းချသွားသည်။

ရေတွင်းတစ်ဝက်လောက် အရောက်တွင် အအေးဓာတ်က စိမ့်လာသည်၊ စိုးရွံ့ထိတ်လန့်မှုလည်း ပေါ်လာသည်၊ ပြန်ဆွဲတင်ခိုင်းရင် ကောင်းမလား၊ မဟုတ်သေးပါဘူး၊ သူတောင်မှ အောက်ရောက်နေပြီပဲ၊ ကြောက်စိတ်နှင့် ရဲတင်းစိတ်တို့ လွန်ဆွဲနေဆဲပင်၊ ကျွန်တော်၏ ခန္ဓာကိုယ်ကတော့ တရွေ့ရွေ့ဖြင့် ရေတွင်းအောက်ခြေနှင့် နီးလာသည်။

အစ်ကိုက ဆီးကြို၍

“မင်း ဆင်းဖူးတာမဟုတ်ဘဲ ဘာကြောင့် ဆင်းလာရသလဲ” ဟူသောအသံတွင် ကရုဏာသံ စွက်လာတော့-

ကျွန်တော်ပြန်ပြောဝံ့လိုက်သည်-

“ခု ဆင်းဖူးသွားပြီ”

စိတ်ထဲ ရဲရင့်ကျေနပ်မှုတစ်ခု ခံစားလိုက်ရသည်ဟု ထင်သည်။

ထူးထူးခြားခြား အော်ဟစ်ကြုံးဝါးတာတော့ မလုပ်ခဲ့တာ ကောင်းကောင်းမှတ်မိနေသည်။

x x x

ကျွန်တော့်အတွက် လုံးဝအစိမ်းသက်သက်ဖြစ်သော ပြည်ပခရီး လေယာဉ်စီးခြင်းအမှုပြုပြီး၊ လိုအပ်သော စာရွက်စာတမ်းများ ရင်ဝယ်ပိုက်ကာ စင်္ကာပူနိုင်ငံတွင် အလုပ်ရှာရသောဘ၀ကို ရောက်ခဲ့ဖူးပါသည်။

မလုပ်ချင်တာလုပ်ရတာလည်း လူ့ဘ၀၊ လုပ်ချင်တာ မလုပ်ရတာလည်း လူ့ဘ၀ဆိုလေမလား မသိ။

အထက်တန်းကျောင်းသားဘ၀က သင်ခဲ့ရသော ဆရာမောင်ထင်၏ “ငဘ” ၀တ္ထုဆောင်းပါးထဲက စာတစ်ပိုဒ်လို “ကမ္ဘာစစ် ကြီးဖြစ်မှ လူဖြစ်လာရတဲ့သူလို ယောင်တီးယောင်န” နှင့်ဆိုသော စကားကဲ့သို့ပင် တကယ့်ကို ယောင်တီးယောင်န။

သို့သော် ကိုယ့်လိုပဲ အလုပ်လာရှာသူတွေအပြင် သူငယ်ချင်းတချို့လည်း တွေ့ရပြန်တော့ အားတက်ရပြန်သည်။ အလုပ်တစ် နေရာပေါ်သည်ဟု သတင်းရသည်း။

ကျွန်တော်က “ဗျူးမယ်ဗျာ” ဟု ဆိုသောအခါ သူငယ်ချင်းတချို့က ကန့်ကွက်ကြသည်။

“ခုမှ သင်္ဘောစတက်မယ့်သူက ကမ္ဘာပတ် (World wide) သင်္ဘောမတက်သင့်၊ ဟိုနားဒီနား(Home trade)သွားသည့်သင်္ဘော သာ တက်သင့်သည်ဟု အကြံပေးကြသည်။

ပိုဆိုးသည်က အဲ့သည်သင်္ဘောမှာ မြန်မာတစ်ယောက်မျှမပါ။ ကိုယ်တစ်ယောက်တည်း မြန်မာ၊ သို့သော် လစာကျတော့ အလွန်ကွာသည်။ ဟိုနားသည်နားက ဒေါ်လာ ၄၀၀ ၊ ကမ္ဘာပတ်က ဒေါ်လာ ၈၇၀ ။ ကျွန်တော့် အသက်အရွယ်အားဖြင့်လည်းကောင်း၊ ၀ါသနာအရလည်းကောင်း သင်္ဘော အလုပ်ကို နှစ်သက်၍ လုပ်သည်မဟုတ်၊ ငွေကြောင့်သာဆိုတော့ အချိန်နည်းနည်းမှာ ငွေများများ ပို၍ရလိုသည်။ ကိုယ်မှန်းဆသည့်ငွေရ၍ သင်္ဘောသားအလုပ်မှ နားခွင့်ရချိန်ရောက်လျှင်လည်း အမြန်နားချင်သည်။

ထို့ကြောင့်-

“သင်္ဘောဆိုတာ ရေထဲမှာသာနေတာပါ၊ အလုပ်ကတော့ ထူးမှာမဟုတ်” ဟူသော အယူအဆအားကိုးဖြင့် ကမ္ဘာပတ်သင်္ဘောကိုပဲ ရွေးပြီး“ဗျူး”လိုက်သည်။

အလုပ်ခန့်လိုက်သည်ဆိုတော့ ကန့်ကွက်ခဲ့သူတွေက ၀ိုင်းပြောကြသည်။

“မင်းအလုပ်ပြုတ်ပြီး ပြန်လာမှာ မြင်ယောင်တယ်ကွာ” ဟူသတည်း။

ကျွန်တော်အလုပ်မပြုတ်ခဲ့ပါ။

ကန်ထရိုက်နှစ်ပြည့်သည့်တိုင် လုပ်နိုင်ခဲ့ပါသည်၊ အမြတ်တစ်ခုလည်း အပိုရရှိလိုက်ပါသေးသည်၊ အင်္ဂလိပ်စကား အပြောအဆို အရင်ကထက် ပို၍တိုးတက်ခဲ့သည်။

x x x

“ဆင်းဖူးတာမဟုတ်” ဟု ကန့်ကွက်ခံရသောအချိန်နှင့် “တက်ဖူးတာမဟုတ်” ဟု ကန့်ကွက်ခံရသောအချိန်မှာ ကာလအားဖြင့် အနှစ် ၂၀ ကွာခြားပါသည်၊ ၁၉၆၈ ခုနှစ် နှင့် ၁၉၈၈ ခုနှစ်၊ ငယ်ငယ်က ရေတွင်းထဲသို့ စွန့်စားဆင်းခဲ့ခြင်းစိတ်ဓာတ်သည် အမြစ်တွယ်သွား တာများ ဖြစ်နေပါသလား။ အနှစ် ၂၀ ကြာပြီးမှ တစ်ခါ စွန့်စားဝံ့ခဲ့ပြန်ပါသည်၊ ကျွန်တော်မသိနိုင်၊ ပညာရှိ ပညာရှင်တို့သာ သိနိုင်မည် ထင်ပါသည်။

သို့သော် သေချာတာ တစ်ခုကတော့ ကိုယ့်ကို ကိုယ်ယုံကြည်မှုရှိခဲ့သော် ပထမခြေလှမ်းကို ရဲဝံ့စွာ မဖြစ်မနေ လှမ်းရလိမ့်မည် ဟု ဆိုသော် မမှားဟု ထင်ပါသည်။

နေရီ

၂၀၀၇ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့ထုတ်

အတွဲ(၈) အမှတ်စဉ် (၃၆၉) အတွေးသစ်ဂျာနယ်

စာကြွင်း။ ။ “၀” မျှမရှိခဲ့သော် မည်သည့်နည်းနှင့်မျှ “၀ိ” ဖြစ်မလာနိုင်သည်ကို သိစေလိုခြင်းမှာ မူလရည်ရွယ်ချက်ဖြစ်၍ ရဲဝံ့စွန့်စားခြင်းဟူသည်လည်း တခါတရံတွင် လိုအပ်သောအရာဖြစ်သည်ဟု ယူဆပါသည်။ မျက်ကန်းတစ္ဆေမကြောက် စွန့်စားခြင်းကိုမဆိုလိုပါ။

ဆောင်းပါးတွင် ရည်ညွှန်းခဲ့သော သမီးငယ်သည် မြန်မာပြည် Web Design ကုမ္ပဏီတခုတွင် လုပ်သက်တနှစ်ရပြီး နောက် ယခုအခါတွင် Singapore ကုမ္ပဏီတခုတွင် အလုပ်လုပ်ကိုင်နေပြီ ဖြစ်ပါသည်။

မှန်ကန်သောလမ်းပေါ်လျှောက် လျှမ်းတော်တောက် သောလူငယ်များဖြစ်ကြပါစေကြောင်း။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP