* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, June 28, 2010

“အသက်ကလေးရယ်တဲ့ ရှည်စေလို”

အသက်ရှည်ကြောင်းတရားက ဘာများလဲဆိုတာ ပြောမပြခင် မဟာစည်ဆရာတော် ဘုရားကြီးရဲ့ တစ်ကြောင်းတည်းသော လင်္ကာလေးကို ရွတ်ဆိုပှုဇော်ကြည့်လိုက်ပါဦးနော်။

“သူ့ကိုသတ်ဖြတ် သက်တိုတတ် ၊မသတ်အသက်ရှည်။” တဲ့

ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးက လိုရင်းလေးကို ရှင်းလင်းအောင်သိစေဖို့အတွက် ဒီလင်္ကာလေးကို မိန့်ဆိုခဲ့တာပါ။ နေ့စဉ်တိုင်းမှာ ရွတ်ဆိုသတိရနေသင့်ပြီး အလွန်လိုက်နာစရာကောင်းတဲ့ တန်ဖိုးရှိတဲ့ အဆုံးအမလေး တစ်ခုပါ။

ဒီလင်္ကာလေးကို မြတ်ဗုဒ္ဓဟောကြားခဲ့တဲ့ စူဠကမ္မ၀ိဘင်္ဂသုတ္တန်ဒေသနာအရ ဆရာတော်ဘုရားကြီးက ကိုးကားဖွဲ့ဆိုထားတာပါ။ သက်ရှိသတ္တ၀ါမှန်သမျှ (ခြွင်းချက်မရှိ) အသက်ရှည်ခြင်းကို အလိုရှိကြပါတယ်။ အသက်ရှည်ကြာနေရအောင်ကိုလည်း ကြိုးစားရှာဖွေနေကြပါတယ်။ အသက်ရှည်ကြာအောင် နေချင်ကြတာကြောင့်လည်း ကောင်းပေ့ဆိုတဲ့ ဆေးရုံ၊ ဆေးခန်းတွေ၊ ဆေးဝါးတွေနဲ့ ကာကွယ်၊ ကုသမှု့ပြုကြပါတယ်။ ဒီအရာတွေဟာ ဆေးအာနိသင်ရှိတဲ့အချိန်ထိပဲ အသက်ရှည်အောင် တည်ထားစေနိုင်တာပါ၊ ဆေးအာနိသင်မရှိတော့ရင် အသုံးမ၀င်တော့ပါဘူး။ ဒီတော့ အသက်ရှည်ခြင်းကို ပေးစွမ်းနိုင်တဲ့၊ အသက်ရှည်စေနိုင်တဲ့၊ အာနိသင်ကောင်းတဲ့ ဆေးဝါးကို ဘယ်ကရမလဲ၊ ဘယ်သူက ပေးနိုင်လည်းဆိုရင် ဒီနေရာလေးကပဲ ရရှိနိုင်မှာဖြစ်ပြီး၊ ဗုဒ္ဓမြတ်စွာက နည်းလမ်းပေးစွမ်းနိုင်ပါတယ်လို့ စာရေးသူ ကတိပြုပါတယ်။

ဗုဒ္ဓမြတ်စွာ သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်မှာ သီတင်းသုံးနေစဉ်ကဖြစ်ပါတယ်။

တစ်နေ့မှာ သုဘလို့ အမည်ရတဲ့ လုလင်တစ်ယောက်ဟာ မြတ်ဗုဒ္ဓရှိရာလာရောက်ပြီး ရိုသေစွာ ရှိခိုးပြီးနောက် အခုလို မေးခွန်းလေးကို လျှောက်ထားမေးမြန်းပါတယ်။ သုဘလုလင် မေးမြန်းတဲ့ မေးခွန်း တစ်ဆယ့်လေးခုတည်းက စာရေးသူ ပထဆုံးတစ်ခုပဲ ရွေးနှုတ်ပြောဆိုချင်ပါတယ်။ ကျန်တဲ့မေးခွန်းတွေကိုလည်း အခါအခွင့်သင့်တဲ့တစ်နေ့ ဝေမျှပေးသွားမှာဖြစ်ပါတယ်။

သူ့ရဲ့ ပထမဆုံးမေးခွန်းလေးက ဒီလိုပါ။

“ဘုန်းတော်ကြီးမြတ်တော်မှုသော မြတ်စွာဘုရား၊ လောကမှာ လူဖြစ်ကုန်သော သူတို့မှာ လူအချင်းချင်းတူကြပါလျက် အသက်တိုသော လူတို့ကိုလည်း တပည့်တော် တွေ့မြင်နေရပါတယ်၊ အသက်ရှည်သော လူတို့ကိုလည်းတပည့်တော် တွေ့မြင်နေရပါတယ် ဘုရား။ ထိုသို့ အသက်တိုခြင်း၊ အသက်ရှည်ရခြင်းရဲ့ အကြောင်းအရင်း၊ အထောက်အပံ့က ဘယ်အရာပါလဲ ဘုရား။” ဆိုတဲ့ မေးခွန်းပါပဲ။

ဒီတော့ ဗုဒ္ဓမြတ်စွာက “သုဘလုလင် သတ္တ၀ါတွေကို အသက်ရှည်ခြင်း၊ အသက်တိုခြင်းအားဖြင့် မတူအောင် မိမိပြုလုပ်တဲ့ ကံတရားက ခွဲခြားပေးခြင်းဖြစ်ပါတယ်။ သတ္တ၀ါတွေဟာ မိမိပြုလုပ်တဲ့ ကံ၏ အမွေကို မလွဲမသွေဆက်ခံရတယ်။ အသက်ရှည်ခြင်း၊ အသက်တိုခြင်း ဆိုတဲ့ ကွဲပြားခြားနားရခြင်း အကြောင်းတရားကတော့ ကံတရားပင်ဖြစ်တယ်လို့” ဟောတော်မှုပါတယ်။

ဒီအကြောင်းကို ဗုဒ္ဓမြတ်စွာက ဟောကြားပေမယ့်လည်း သုဘလုလင်ဟာ ရှင်းလင်းစွာ နားမလည်သေးတာကြောင့် ဘယ်လိုကံတရားက ဘယ်လိုခွဲခြားသွားတယ်ဆိုတာ သိနိုင်ရန်အတွက် ရှင်းလင်းအောင် ဟောကြားဖို့ ထမ်မံ တောင်းပန်တာကြောင့် ဗုဒ္ဓမြတ်စွာက ဟောကြားပေးတော်မှုပါတယ်။
ဗုဒ္ဓမြတ်စွာ ဟောကြားခြင်းက ဒီလိုပါ။

“သုဘ လုလင်၊ လောကမှာ မိန်းမဖြစ်စေ၊ ယောင်္ကျားဖြစ်စေ၊ အချို့သောသူများဟာ သူတစ်ပါးရဲ့ အသက်ကို သတ်လေ့ရှိတယ်၊ ကြမ်းတမ်းသော စိတ်နှလုံးရှိပြီး အကြင်နာမဲ့စွာ သူတစ်ပါးရဲ့ အသက်ကို သတ်ခြင်းဆိုတဲ့ ပါဏာတိပါတ ဒုစရိုက်အမှု့ကို ပြုလေ့ရှိကြပါတယ်။ ထိုကဲ့သို့ ကြမ်းတမ်းပြီး အကြင်နာမဲ့စွာ သူတစ်ပါးအသက်ကို သတ်လေ့ရှိတဲ့သူဟာ စုတေပြီးနောက် ဆင်းရဲပင်ပန်းစွာ ငရဲမှာ နှစ်ရှည်လများ ခံစားရတတ်ပါတယ်။ တကယ်လို့များ တစ်ခုသောကုသိုလ်ကံ ကြောင့် အထောက်အပံ့ကြောင့် လူပြည်လောကသို့ တစ်ဖန်ပြန်ရောက်ခဲ့မယ်ဆိုရင်လည်း၊ ထို အကုသိုလ်ကံကြောင့် အသက်တိုခြင်းဖြစ်ရပါတယ်။ သုဘလုလင် ပါဏာတိပါတဒုစရိုက်တရား အကုသိုလ်ကံဟာ အသက်တိုခြင်းကို ဖြစ်စေတတ်တဲ့ မကောင်းသောအကျင့်၊ မကောင်းသော အကုသိုလ်ကံပင်ဖြစ်တယ်။” လို့ ဗုဒ္ဓမြတ်စွာ ဟောကြားပါတယ်။

“ဆန့်ကျင်ဘက်အားဖြင့်၊ လောကမှာ အချို့သော သူများဟာ သူတစ်ပါးရဲ့ အသက်ကို သတ်ခြင်းဆိုတဲ့ ပါဏာတိပါတ အကုသိုလ်အမှု့ကို ရှောင်ကြဉ်ကြပါတယ်၊ သူတစ်ပါးအပေါ်မှာ သနားခြင်း ဂရုဏာတရားထားရှိကြပါတယ်။ ထိုသို့သော မကောာင်းသောအကျင့်ကို ရှောင်ပြီး သူတစ်ပါးရဲ့ အသက်ကို မသတ်တဲ့သူဟာ စုတေပြီးနောက် နတ်ပြည်သို့သာ ခံစားရပါတယ်၊ လူ့ပြည်သို့ ရောက်ရှိခဲ့မယ်ဆိုရင်လည်း အာယုကပ်လုံးတိုင်အောင် အသက်ရှည်စွာနေကြရပါတယ်။ ပါဏာတိပါတ သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ခြင်းတည်းဟူသော သုစရိုက်တရားဟာ အသက်ရှည်ခြင်းကို ဖြစ်ပွားစေတတ်တဲ့ ကောင်းသောအကျင့်ဖြစ်ပါတယ်။“ လို့ ဗုဒ္ဓမြတ်စွာက လောကမှာ လူသားချင်းတူပါသော်လည်း တစ်ချို့သူများဟာ အသက်တိုပြီး၊ တစ်ချို့သော သူများကတော့ အသက်ရှည်ခြင်း ကိုဖြစ်စေတတ်တဲ့ အကြောင်းအရင်း ကံတရားကို သိစေခဲ့ပါတယ်။

အသက်ရှည်ချင်ရင်တော့ ဒီပါဏာတိပါတ အကုသိုလ် ဒုစရိုက်တရားကို ရှောင်ကြဉ်ရပါမယ်။ အသက်တိုခြင်းကို ဖြစ်စေတာဟာ ဒီမကောင်းမှု့ကို ကျူးလွန်တဲ့အတွက်ကြောင့်ပဲ မဟုတ်လား။ ဒီတော့ ကိုယ်ဖြစ်ချင်တာကို ဖြစ်စေဖို့၊ ရရှိစေဖို့အတွက် ကိုယ်ဖြစ်ချင်၊ ရချင်တာကို ရရှိစေနိုင်တဲ့ အကြောင်းတရားကို မလွဲမသွေ ပြုလုပ်မှဖြစ်ပါတယ်။ သက်ရှိသတ္တ၀ါတိုင်းမှာ မေတ္တာတရား၊ ကိုယ်ချင်းစာတရား၊ သနားခြင်း ဂရုဏာတရားထား သင့်ပါတယ်။ လူသားတစ်ယောက် အနေနဲ့ လူသားတစ်ယောက်အဖြစ် ပီသအောင်၊ လူတစ်ယောက် လိုက်နာကျင့်ကြံထိုက်တဲ့ အရာ၊ လူ့စည်းကမ်းဆိုတာကို မမေ့သင့်ဘဲ လိုက်နာကျင့်သုံးသင့်ပါတယ်။ ဒါမှလည်း လူပီသတဲ့ လူတစ်ယောက်အဖြစ် လောကကြီးထဲမှာ အသက်ရှင်ရတာ တန်ဖိုးရှိမှာပါ။ လူတစ်ယောက်အတွက် လူပီသအောင် ထိန်းသိမ်း၊ လိုက်နာ ကျင့်ကြံသင့်တဲ့တရားကတော့ အများသိတဲ့ အတိုင်း ငါးပါးသီလပဲ ဖြစ်ပါတယ်။ ပါဏာတိပါတ မကောင်းသော အကုသိုလ်ဒုစရိုက်တရားကို ဦးစွာ ဟောတော်မှုထားတာကို ထောက်ဆကြည့်ရင် သိပ်ကို အရေးပါ အရာရောက်တယ်ဆိုတာ သိမြင်နိုင်ပါတယ်။ သူများကို အသက်ရှည်ခွင့်၊ ချမ်းသာခွင့် ပြုလိုက်မယ်ဆိုရင် မိမိကိုယ်တိုင်လည်း တူသော အကျိုးဖြစ်တဲ့ အသက်ရှည်ခြင်း၊ ချမ်းသာခြင်းကို မလွဲမသွေ ရရှိမှာပါ။

ဒီတော့ လူသားတိုင်းမှာတင် မဟုတ်ဘဲ သက်ရှိသတ္တ၀ါတိုင်းမှာ အကြင်နာတရားလေးထားရှိကာ ဒီ မကောင်းမှု့ အကုသိုလ်တရားကို ရှောင်ရှားရအောင်ပါ။ မိမိက အသက်ရှည်ခြင်းကို အလိုရှိတယ်၊ မြတ်နိုးတယ်၊ တောင့်တမိတယ် မဟုတ်ပါလား။ ရောဂါပျောက်ချင်ရင် ရောဂါပျောက်စေနိုင်တဲ့ ဆေးဝါးကို သောက်မှ ဖြစ်မှာပါ။ ဒီအတွက်ကြောင့် အသက်တိုခြင်းဆိုတဲ့ ရောဂါကို ကာကွယ်ပြီး အသက်ရှည်ခြင်းကို အလိုရှိတယ်၊ မြတ်နိုးတယ်ဆိုရင်၊ အသက်ရှည်ခြင်းကို ဖြစ်စေတတ်တဲ့ တရားကို ကျင့်သုံးရတော့မှာပါ။ ဒီ မကောင်းမှု့ အကုသိုလ်တရားကို ရှောင်ရှားလိုက်ခြင်းအားဖြင့် မိမိတို့ အလိုရှိတာ ရနိုင်ပါတယ်။

အားလုံးသော သတ္တ၀ါတိုင်း အသက်ရှည်ခြင်းကို အလိုရှိပါတယ်။ မိမိဟာလည်း အသက်ရှိတဲ့ သူတစ်ယောက်ဆိုတော့ အသက်ရှည်ခြင်းကို အလိုရှိတာကြောင့် သူတစ်ပါးကို ရက်စက်ခြင်းအမှု့၊ သတ်ဖြတ်ခြင်းအမှု့ကို မပြုလုပ်သင့်ပါဘူး။ ကိုယ်ဖြစ်ချင်တဲ့ အရာတိုင်းကို ဖြစ်အောင် မိမိရဲ့ စိတ်စေတနာလေးနဲ့ လုပ်ယူလို့ရပါတယ်။ ဆိုလိုတာက မိမိဟာ အသက်ရှည်ချင်တယ်၊ ဒီတော့ ငါဖြစ်အောင်လုပ်မယ်ဆိုတဲ့ ဖြစ်ချင်တဲ့ ဆန္ဒလေးနဲ့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်ကလေးနဲ့ ဒီနေ့ ဒီအချိန်ကစပြီး ငါဟာ သူတစ်ပါးရဲ့ အသက်ကို သတ်ဖြတ်ခြင်းမှ ရှောင်ကြဉ်တော့မယ်ဆိုတဲ့ စိတ်စေတနာလေးထားရှိပြီး
သီလတရားလေးစောင့်တည်သင့်ပါတယ်။

ပါဏာတိပါတ အကုသိုလ်ရဲ့ အကျိုးအပြစ်တွေကို သိဖို့အတွက် ဒီလင်္ကာလေးများကိုရွတ်ဆို ဆင်ခြင်ကြည့်ပြီးတော့၊ ဒီအကျိုးတရားတွေ မရရှိရလေအောင် အစဉ်ရှောင်ကြဉ်နိုင်ဖို့အတွက် မဟာစည်ဆရာတော် ဘုရားကြီး မိန့်တော်မှုထားတဲ့ လင်္ကာလေးကို ရင်ထဲမှာ သိမ်းထားလိုက်ပါ။
လင်္ကာလေးများကတော့

“ သူ့အသက်ကို သိလျက်သားနဲ့ ဒေါသစိတ်ထား သေစေလို၊ လုံ့လပြုကာ သေအောင်သတ်က၊ ပါဏာတိပါတ် အကုသိုလ်၊ လွန်ကျူးမိလျှင် တကယ်ပဲပေါ့၊ အပါယ်ငရဲ ကျမည်ဆို၊ လွတ်လာပြန်လည်း ရောဂါစွဲ၊ ဆင်းရဲ၊ အသက်တို၊ အဲဒါကြောင့် ပဉ္စသီလ တည်ကြပါစေလို" ဆိုတဲ့ အကျိုးအပြစ်ပြ လင်္ကာလေးနဲ့၊

“သူ့ကိုသတ်ဖြတ် သက်တိုတတ် ၊မ,သတ်အသက်ရှည်။” ဆိုတဲ့ အသက်ရှည်ကြောင်းကို ပြတဲ့ လင်္ကာလေးတွေကိုပါ။

ကဲ စာချစ်သူ….။ အခု ချိန်ကစပြီး အသက်ရှည်စေတတ်တဲ့ အရာလေးတွေကို ပြုလုပ်စေချင်ပါတယ်နော်။

(ဥယျာဉ်မှုးလေး)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP