လှော်တက် မပါတဲ့ လှေ။
မကြာမီက မိတ်ဆွေ ညီမတစ်ယောက်နဲ့  အွန်လိုင်းမှာ ဆုံဖြစ်ခဲ့ပါတယ်။ ရှင်လေးမော် မြန်မာပြည်မှာတုန်းက ဓမ္မနဲ့ ပတ်သက်လို့  မသိတာလေးတွေ ရှိရင် ဦးဇင်းကို မေးပါရစေဆိုပြီး သူခွင့်တောင်းခဲ့ဖူးပါတယ်။ အဲဒီတုန်းကတောင် ရှင်လေးမော်က သူ့ ကို တစ်ခုတောင်းဆိုလိုက်မိပါသေးတယ်။
တခြားတော့ မဟုတ်ပါဘူး။ မေးတာတော့ မေးပေါ့ ညီမရယ်။ ရှင်လေးမော်ကိုယ်တိုင် မသိတာလည်း ရှိမယ်။ ချက်ချင်း သိနိုင်တာမျိုးလည်း ရှိချင်ရှိမယ်။ ကိုယ်တိုင် မသိတာမျိုးဆိုရင်တော့ သိတဲ့ ဆရာ့ဆရာ ကြီးများကို အားကိုးပြီးမှပဲ ပြန်ဖြေပါရစေ။ ပြီးတော့ ကပ်သီးကပ်သက်နိုင်လှတဲ့ အကျိုးမရှိ၊ အချိန်ကုန်စေမယ့် မေးခွန်းမျိုးတွေလည်း မမေးလိုက်ပါနဲ့ လို့  တောင်းဆိုလိုက်ပါတယ်။
ဒီလိုလည်း ပြောထားဦးမှ ဖြစ်မယ်လို့  ထင်မိတာပလေ။ သိချင်တာလေးတွေ ဒေါက်ခနဲ မဖြေနိုင်ခဲ့လို့  ခပ်လွယ်လွယ်ပဲ အထင်သေးမိတာမျိုး ဖြစ်သွားရင် မကောင်းပါဘူး။ နောက်ပြီး အကျိုးမရှိတဲ့ မေးခွန်းမျိုး မေးလာပြန်ရင်လည်း နှစ်ဦးစလုံး အချိန်ကုန် အချည်းနည်း ဖြစ်သွားမှာ စိုးရိမ်မိလို့ ပါပဲ။
အခု သူနဲ့  အွန်လိုင်းမှာ ဆုံတွေ့ ဖြစ်တော့ မိမိကို ဖြစ်ချင်တာလေးတွေ၊ သိချင်တာလေးတွေကို မေးလိုက်ပြန်ပါတယ်။ လူတစ်ယောက်မှာ ရည်မှန်းချက်ဆိုတာ ထားသင့်သလား။ အဲဒီ ရည်မှန်းချက်ဆိုတာကြီး ထားလိုက်ရင်ရော အကောင်ထည်ဖော်နိုင်ဖို့  ဘာတွေလုပ်ရမလဲ။ လောလောဆယ်မှာတော့ တပည့်တော် ထားလိုက်တဲ့ မျှော်လင့်ချက် ရည်မှန်းချက်ဆိုတာကြီးတွေ ဘာတစ်ခုမှ ဖြစ်မလာသလိုပါပဲ။ ဘာလုပ်သင့်သလဲ လမ်းပြပေးပါဦး စသဖြင့် အများရင်ထဲမှာ ရှိနေကြမယ့် မေးခွန်းလေးတွေပါပဲ။
ညီမ မျှော်လင့်ချက်က ဘာလဲ။ မအောင်မြင်ဘူးဆိုလို့  ဘယ်လောက်ထိအောင် ကြိုးစားခဲ့သလဲ စသဖြင့် မေးခွန်တွေတောင် ပြန်မမေးဖြစ်ခဲ့ပါဘူး။ မိမိသိသလောက် ကြုံတွေ့ ရသလောက် နည်းလမ်းလေးတွေကိုပဲ အားပေးတဲ့ အနေနဲ့ ပြန်ဖောက်သည်ချဖြစ်ခဲ့ပါတယ်။
မျှော်လင့်ချက်၊ ရည်မှန်းချက်ဆိုတာ မရှိမဖြစ် လိုအပ်တဲ့ အရာတစ်ခုပါပဲ။ ရည်မှန်းချက် မရှိတဲ့သူဆိုတာ ရေလည်ကြောမှာ မျောနေတဲ့ သူနဲ့ တူပါတယ်။ ဦးတည်ချက်မရှိဘဲ မျောချင်ရာ မျောနေမိတဲ့ အတွက် ဘာမှ ထူးထူးခြားခြား ဖြစ်လာမှာ မဟုတ်ပါဘူး။ အောင်မြင်မှုဆိုတာ ကိုယ်နဲ့  မဆိုင်သလိုပဲ လမ်းခွဲလိုက် ကြရမှာပါ။
ရည်မှန်းချက် တစ်ခုခုရှိထားပြီဆိုရင် အဲဒီ ရည်မှန်းထားတဲ့ အရာကို ရုပ်လုံးပေါ်အောင် ထုဆစ်နိုင်ဖို့ ပါပဲ။ လက်တွေ့ ဘ၀မှာ တကယ်ဖြစ်လာဖို့ အတွက် ကိုယ့်ရည်မှန်းချက်က ခိုင်မာတဲ့ ရည်မှန်းချက်မျိုး၊ ပြင်းပြတဲ့ ရည်မှန်းချက်မျိုး ဖြစ်ဖို့ လိုအပ်ပါတယ်။ ကောက်ရိုးမီးလို အခု ၀ုန်းခနဲ တောက်ပြီး၊ ခဏလေးနဲ့  ငြိမ်းသွားတဲ့ စိတ်ဓာတ်မျိုးနဲ့ တော့ ကိုယ့်ရည်မှန်းချက်က ဘာမှ ဖြစ်လာမှာ မဟုတ်ပါဘူး။ တိကျ ပြတ်သားတဲ့ ဆုံးဖြတ်ချက်မျိုး၊ ခိုင်မာမှုမျိုး ရှိဖို့ လိုပါတယ်။
ပြီးတော့ ရည်မှန်းချက်ကို အကောင်အထည်ဖော်နေတုန်းမှာ အမှား တစ်ခုမဟုတ် တစ်ခု မဖြစ်မနေ တွေ့ ကြရဦးမှာပဲလေ။ အဲဒီ အချိန်မှာ အားငယ်စိတ်တွေ၊ သိမ်ငယ်စိတ်တွေ ဖြစ်မလာမိအောင် ကိုယ့်စိတ်ကို ထိန်းနိုင်ရမယ်။ အလုပ် အပေါ်ကို စိတ်မပျက်ဘဲ ခိုင်မာတဲ့ ယုံကြည်မှုမျိုး ရှိဖို့ နဲ့  ရှေးဆက်ပြီး ကြိုးစားလိုက်ဖို့ ပါပဲ။
ရည်မှန်းချက်တိုင်းမှာ..
ဆန္ဒပြင်းပြခြင်း။
ခိုင်မာတဲ့ ယုံကြည်မှုရှိခြင်း။
ကြိုးစားအားထုတ်ခြင်း ဆိုတဲ့ ..
အကြောင်းအရာတွေနဲ့ သာ စီချယ်ထားမယ်ဆိုရင် မအောင်မြင်နိုင်စရာ၊ ဖြစ်မလာနိုင်စရာရယ်လို့  မရှိပါဘူး ညီမရယ်လို့  ကွန်နရှင် မမိတမိကြားက အားပေးရင်း ရှင်လေးမော်ကိုယ်တိုင် လက်ကိုင်ကြိုးစားရအုံးမယ့် အဖြေလေးတွေကို ပေးခဲ့မိပါတော့တယ်။

0 comments:
Post a Comment