* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, March 30, 2010

အိန္ဒိယသို့ ခရီးတခေါက်။


ဘဂ်လားဒေရှ်သံဃာ့ရာဇာအား ဂါရ၀ပြု

သီတဂူဆရာတော် အိန္ဒိယ ခရီးစဉ်
ဆရာတော်ကြီးသည် နှစ်စဉ် ဘာသာ စာပေ ယဉ်ကျေးမှုများ ထွန်းကားရာ အိန္ဒိယနိုင်ငံသို့ ကြွရောက်လေ့ရှိသည်။ ယခုတစ်ခေါက်တော့ ဘီအေပြီးကျောင်းသားရဟန်း ၆ ပါး၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း) ၀န်ထမ်း ၂ယောက်၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) ၀န်ထမ်း ၂ယောက်နှင့် မန္တလေး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ကျောင်းအမတို့ လိုက်ပါလာမည်ဖြစ်ပါသည်၊ ခရီးစဉ်သည် အိန္ဒိယတပြည်လုံး ဖြစ်သဖြင့် ရက်ပေါင်း ၄၀ ကျော်ကြာမြင့်မည်၊ ဧပြီလ တစ်ရက်နေ့ ဘုံဘေက စ၍ မေလ ၁၀ နီပေါနိုင်ငံ ခတ္တမန္ဒုခရီးဆုံးမည်ဖြစ်ပါသည်။ ဆရာတော်ကြီး၏ ခရီးစဉ် အပြည့်အစုံကို သာကီနွယ်စံအိမ် တွင် ကြည့်နိုင်ပါသည်။

အမျိုးသမီးတစ်ယောက် သီတဂူစတားရဲ့ ဘလော့ဂ်ကို မကြမကြာ လာလည်တတ်သည်၊ သီတဂူဆရာတော်ကြီး အိန္ဒိယသို့ ခဏခဏ ကြွသွားတာကိုလဲ ဂရုပြုထားဟန်တူပါသည်။ ဒါ့ကြောင့် သူက မေးသည်။ အရှင်ဘုရား သီတဂူဆရာတော်ကြီးက အိန္ဒိယသို့ ဘယ့်ကြောင့် ခဏခဏကြွသွားလဲဘုရား? တဲ့။ ဒကာမရဲ့ အမေးလဲခြုံမိငုံမိသွားအောင် သီတဂူဆရာတော်ကြီး၏ အိန္ဒိယခရီးစဉ်ကို သိလိုကြသော ပြည်တွင်း ပြည်ပမှာ ရှိနေကြတဲ့ ဆရာတော်ကြီး၏ တပည့် ဒကာ ဒကာမ၊ ကျောင်းသား ကျောင်းသူ အစရှိသူတို့ပါ သိရအောင် ဒီပို့စ်ကို တင်ပြလိုက်ရခြင်းဖြစ်ပါသည်။

အိန္ဒိယသို့နှစ်စဉ်ကြွခြင်း

ဆရာတော်ကြီး အိန္ဒိယပြည်ကြီးသို့ လှည့်လည်ရခြင်းအကြောင်း ၄ ချက်ရှိပါသည်။
၁။ အိန္ဒိယပြည်ကြီးသည် ဘုရားပွင့်ရာ နေရာဖြစ်သဖြင့် မြတ်ဗုဒ္ဓ၏ ဓမ္မနှင့် ၀ိနယ တရားတော်များ ဟောကြားရာနေရာများနှင့် တတိယ သင်္ဂါယနာတင်ခေတ် အသောကမင်းကြီး၏ သာသနာပြုရာ ပထ၀ီအနေအထားတို့ကို လေ့လာခြင်း၊ ရှေးဟောင်းစာပေ ယဉ်ကျေးမှုများကို လေ့လာခြင်းနှင့် မြတ်ဗုဒ္ဓ၏ သံဝေဇနိယ လေးဌာနတို့၌ ကြွရောက်ကာ မြတ်ဗုဒ္ဓ၏ ကျေးဇူးဂုဏ်တို့ကို အာရုံပြု၍ ရိုသေဂါရ၀ပြုခြင်းများ ပြုလုပ်ခြင်း။ မြေမြတ်မဟာဝယ် ဓာတ်ဆက်ခြင်းတို့ပင်ဖြစ်ပါသည်။

ကြားဖျက်၍
မြေမြတ်မဟာဝယ် ဓာတ်ဆက်လာခြင်းတို့ပင် ဖြစ်ပါသည်ဆိုတာလေးကို စီဘောက်ကနေ ကိုမိုးညို(ဒေလီ) အရှင်က နားမရှင်းလို့ ရှင်းအောင် ဖွင့်ပါဦးတဲ့။

အဓိပ္ပါယ်က ကိုယ်လိုသလိုတွေးလို့ ရတဲ့သဘောရှိပါတယ်။ ကောင်းတဲ့ဘက်က တွေးရင် ကောင်းတာ ထွက်လာမှာပါ၊ မကောင်းတဲ့ဘက်(ရှုထောင့်)က တွေးရင် အဓိပ္ပါယ်မဲ့ ထွက်လာမှာပါ။ အဓိပ္ပါယ်အမျိုးမျိုး ကိုယ်လိုရာ စွဲပြီး ဖွင့်ဆိုနိုင်ပါသည်။
ဥပမာ- ဘုရားပွင့်ရာ၊ ဗောဓိဥာဏ်ရတဲ့ နေရာ၊ အဂ္ဂသာဝက၊ မဟာသာဝက နှင့် သာဝကများစွာ ဗောဓိဥာဏ်ရသွားကြတဲ့နေရာဖြစ်၍ မြေမြတ်မဟာဟု အသုံးပြုပါသည်။ ထိုမြေမြတ်မဟာဝယ် ဗောဓိအမျိုးမျိုးရသွားခဲ့ကြသည်။ များစွာသောစွမ်းအင်တွေကို ရရှိခဲ့တဲ့ နေရာဖြစ်ပါသည်။ ဓာတ်ဆိုတာလဲ အဓိပ္ပါယ်အမျိုးမျိုးဖွင့်ဆိုနိုင်ပါတယ်၊ ထိုများစွာထဲကမှ ဓာတ်ဆိုတာကိုတော့ စွမ်းအင်လို့ ယူဆလိုက်ပါတယ်၊ ကုသိုလ်ဓာတ်(ကုသိုလ်စွမ်းအင်) အကုသိုလ်ဓာတ် (အကုသိုလ်စွမ်းအင်)နှင့်အထက်ဖော်ပြပါ ဗောဓိဓာတ်တွေပေါ့။ ဆိုလိုသည်မှာ ထိုမြေမြတ်မဟာဝယ် များစွာသော စွမ်းအင်တွေရှိခဲ့ပါတယ်။ အဲဒီမြေမြတ်မဟာဝယ် ကိုယ်က ဘာကိုယူမလဲ? ဒီအသုံးအနှုန်းလေးက တောင်မြို့ မဟာဂန္ဓာရုံကျောင်းတိုက် ယခုလက်ရှိ နာယကချုပ်ဆရာတော် အသုံးပြုခဲ့တဲ့ စကားလေးပါ။
မှတ်ချက်။ ။ ကိုယ်လိုရာ စွဲ၍တွေးနိုင်ပါတယ်၊ နှစ်သက်သလိုတွေးနိုင်ပါတယ်။ အကြောင်းကား----။ စကားလုံးတွေ ဝေါဟာရတွေ ထိုစကားလုံးများ၏ အဓိပ္ပါယ်တွေနှင့် စကားလုံးနှင့် ထိုအဓိပ္ပါယ်တို့၏ ဆက်နွယ်ပုံကိုက လူသားတွေရဲ့ စိတ်က ဖန်တီးထားတာဖြစ်ပါသည်။ Mental construction ဟု ခေါ်ပါသည်။ Philosophical Language အကြောင်း လေ့လာလျင် သိနိုင်ပါသည်။



နိုင်ငံတကာ တိပိဋက ရွတ်ဖတ်ပူဇော်ပွဲတွင်

၂။ အိန္ဒိယပြည်ရှိ တက္ကသိုလ်များ၊ ဘာသာရေးအဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများ စသည်တို့မှ ပင့်ဖိတ်ခြင်းတို့ကြောင့် လဲကြွရပါသည်။ ဥပမာ- ပြီးခဲ့တဲ့နှစ်က ပူနေးတက္ကသိုလ်က ပင့်ဖိတ်ခြင်းကြောင့် ၎င်း၊ ဗုဒ္ဓဂယာ မဟာဗောဓိပင်အရင်းဝယ် နိုင်ငံတကာ ပိဋကတ်သုံးပုံ ပူဇော်ပွဲကြီးက lecture or speech ပေးရန် ပင့်ဖိတ်ခြင်းကြောင့်၎င်း၊ ယခုအခေါက်မှာလဲ ဟိုက်ဒရာဘက်တက္ကသိုလ်တွင် အသစ်ဖွင့်မည့် Buddhist Study Department တွင် lecture and advice ပေးရန် ပင့်ဖိတ်ခြင်းကြောင့်၎င်း ကြွရောက်ခြင်း။

ထိုင်းသီလရှင်နှင့် ထိုင်းယောဂီ

၃။ နှစ်စဉ် အိန္ဒိယနိုင်ငံ၏ ပြည်နယ်အသီးသီး တက္ကသိုလ်အသီးသီးမှာ ပညာသင်ကြားနေကြသော ရဟန်းတော် ၃၀၀ ကျော်တို့အား နှစ်စဉ် ပညာရေးအထောက်ပံ့ အလှူတော်များအတွက် ကြွရောက်ခြင်း။ ဆရာတော်ကြီးနှင့် ပြည်တွင်းပြည်ပရှိ သီတဂူဒကာဒကာမများ၏ ကောင်းမှုဖြင့် သံဃာ အပါး ၃၀၀ ကျော်တို့အား တပါးလျင် အမေရိကန် ဒေါ်လာ ၁၀၀ စီ လှူဒါန်းနိုင်ခဲ့ပါသည်။ သို့ဖြစ်၍ ဆရာတော်ကြီးမှာ ထိုစာသင်သား ၃၀၀ ကျော်တို့အား လှူဒါန်းနိုင်ရန် နှစ်စဉ် အမေရိကန် ဒေါ်လာ ၄၀၀၀၀ (လေးသောင်း) ၀န်းကျင် လိုအပ်လျက် ရှိနေပါသည်။

ပူနေးမြို့ ကာလလိုဏ်ဂူ မှတ်တမ်းတင်

၎။ နှစ်စဉ် ဆရာတော်ကြီးသည် သီတဂူသာသနာပြုအဖွဲ့ကြီးနှင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များတွင် အလွန်ကျေးဇူးများသော တပည့် ရဟန်း၊ ကျောင်းသား၊ ၀န်ထမ်း၊ သီတဂူသာသနာပြုအဖွဲ့ကြီး၏ ကပ္ပိယကာရကများနှင့် ကျောင်းဒကာကျောင်းအမများကို အိန္ဒိယပြည် တပြည်လုံးသို့ နေရာအနှံ့အပြား ပို့ပေးလေ့ ရှိပါသည်။

ပူနေးတက္ကသိုလ် ရှေးဟောင်းသုတေသန ဌာနမှ ဆရာမ ရှင်းပြနေစဉ်

သီတဂူစတားရဲ့ အမှတ်တရ
မှတ်မှတ်ရရ ၂၀၀၄ ခုနှစ်ကပေါ့၊ သီတဂူစတားသည် လေယာဉ်တခါမှ မစီးဖူးပါ၊ လေဆိပ်တောင် မရောက်ခဲ့ဘူးပါ၊ ကောင်းကင်ပျံသန်းနေသော လေယာဉ်ကိုသာ မြင်ဖူးခြင်းဖြစ်ပါသည်၊ လေယာဉ်စီးချင်သည်၊ လေယာဉ်စီးရဘို့ အိပ်မက်လဲ ခဏခဏ မက်ခဲ့ဘူးသည်။ ဆရာတော်က ၂၀၀၄ ခုနှစ်အတွက် အိန္ဒိယခရီးစဉ်အတွက် တပည့်ရဟန်း ၇ ပါးရွေးသည်၊ ကံကောင်းချင်တော့ သီတဂူစတားလဲ ၇ပါးထဲမှာ စာရင်းပါသွားသည်၊ ပျော်လိုက်တဲ့ဖြစ်ခြင်း၊ လေယာဉ်စီးရတော့မယ် နိုင်ငံခြားကို သွားရတော့မယ် ဆိုတဲ့ ငါ့အိပ်မက်တော့ တကယ် ဖြစ်လာပြီပေါ့။ အဲဒီအချိန်က English Diploma လဲပြီးကာစဆိုတော့ ဘိုလိုက စမ်းကြည့်ချင်နေတဲ့အချိန်ပေါ့။ ဆရာတော်ကြီးသည် အိန္ဒိယကို တနှစ် ၂ခေါက် အနဲဆုံးရောက်နေတာဖြစ်ပေမဲ့ တပည့်တွေကို ကိုယ်တိုင်ပင်ပန်းခံပြီး လိုက်ပါ ချီးမြောက်သည်။ ဆရာတော်ကြီး ဂျပန်ရောက်နေခိုက် သီတဂူစတားတို့ အဖွဲ့က ကာလကတ္တားသို့ဆရာတော့် အရင် ၆ရက်လောက် စောရောက်နေသည်၊ မြန်မာကျောင်းသားတွေ နေတဲ့ အိမ်မှာနေရင်း ကာလကတ္တားမြို့ကြီးကို လည်ကြသည်။ မြေအောက်ရထား ပထမဆုံးစီးဖူးသည်။


ပူနေးအမှတ်တရလေးတွေ

ဟိုတယ်
ဆရာတော်ရောက်လာမှ ကာလကတ္တား လေဆိပ်အနီး ဟိုတယ်ကြီးတစ်ခုမှာ ပထမဆုံး ဟိုတယ်တည်းခိုရတယ်၊ ဟိုတယ်အတွေ့အကြုံမရှိတော့ ညအိပ်ယာဝင် အဲယားကွန်းကြောင့် အလွန်ချမ်းနေသည်၊ စောင်ရှာမတွေ့၊ တော်တော်ကို ‘အ’ လိုက်တဲ့ ဖြစ်ခြင်း၊ အမှန်တော့ ခြုံစောင်သည် ကိုယ်အိပ်သည့် ကုတင်ပေါ်ခင်းထားသည်ကို အိပ်ယာခင်းထင်၍ မခြုံဘဲ တညလုံး အအေးခံခဲ့ရဖူးးသည်။ သူငယ်ချင်းတစ်ယောက်ဆိုရင် ရေချိုးခန်း ရေပန်း အပူဖွင့်ထားပြီး အားရပါးရ အကုန်ဖွင့်ပြီးချိုးရာ တအားအော်သည်၊ ပူတယ်ဟဆိုပြီး ရေချိုးခန်းမှ တိုးလို့တွဲလောင်းနှင့် ပြေးထွက်လာသည်။ အူကြောတွေ နာအောင် ရီလိုက်ရသည်၊ နောက်နေ့မနက် ဆရာတော်က သိသွားတော့ အားရပါးရကို ရီတော့သည်။

ပို၍ပျော်စရာတစ်ခု
ဟိုတယ်မှာ ညရောက်တော့ ဆရာတော်က တပည့်တွေ အားလုံခေါ်သည်၊ ငါ မင်းတို့အတွက် လက်ဆောင်တွေ သယ်ခဲ့တယ်ကွ၊ မင်းတို့ သဘောကျရဲ့လားတဲ့။ ကင်မရာ ၇ လုံးအိပ်ထဲကဆွဲထုတ်တော့ ၀ါးးးးးးးးပျော်လိုက်သည့်ဖြစ်ခြင်း၊ တစ်လုံးက ဒီဂျစ်တယ် အကြီးဆုံး ရဟန်းကိုပေးသည်၊ ကျန် ၆ လုံးကိုတော့ မဲဖောက်သည်၊ သီတဂူစတားလဲ ကံကောင်းချင်တော့ အကောင်းဆုံး ကင်မရာရသည်၊ အဲဒီခေတ်က ဖလင်ခေတ်၊ ဒီဂျစ်တယ်ပေါ်ခါစပဲ ရှိသေးသည်၊ သီတဂူစတားတို့ရသည့် ဖလင်ကင်မရာတွေမှာ အကောင်းစားတွေချည်းပဲ ဖြစ်သည်။ အားလုံးက ပျော်လိုက်ကြသည်။ ၇ ပါးမှ ကင်မရာတစ်လုံးကို သူများထံမှ ငှါးလာခဲ့ရသည်၊ အခုတော့ ကိုယ်ပိုင် ကိုယ်စီ ကင်မရာလေးတွေနဲ့ပေါ့။

ဆရာတော်ကြီး၏ တပည့်တွေအပေါ် ချီးမြောက်မှုမှာ အံ့သြစရာပင်ဖြစ်ပါသည်၊ ခရီးစဉ်တလျောက်လုံး ဆရာတော်က တပည့်တွေ ပျင်းမှာဆိုးလို့ ဟာသတွေ ပြောသည်၊ ငယ်ငယ်က အတွေ့အကြုံ၊ စာသင်သားဘ၀ အင်္ဂလိပ်စာ ခိုးဖတ်ခဲ့တဲ့ အကြောင်းတွေ ပြောပြသည်။ ဆရာတော်သည် ငယ်စဉ်ကထဲက စာဖတ်အရမ်းဝါသနာပါသည်ကို အဲဒီခရီစဉ်ကျမှ ကောင်းကောင်းသိခွင့်ရသည်။ ခရီးစဉ်တခုလုံးအတွက် ကားတစ်စီး အပြတ်ငှါးထားသည်။ ကားသမား တစ်ယောက်တည်းပါသည့်အတွက် အရမ်းအန္တရာယ်ကြီးသည်၊ တနေကုန် တခါတရံ တညလုံး ကားမောင်းရသည်၊ ဗာရာဏသီကနေ ညပိုင်း ၇နာရီလောက်က ထွက်ခဲ့ရာ ခချူရာဟိုသို့ မနက် ၆ နာရီမှရောက်သည်၊ တည်းခိုခန်းတစ်ခု ငှါးပြီး ခဏနားပြီး လည်စရာများ လှည့်လည်ကာ ပြန်ထွက်လာခဲ့ရာ ကားမောင်းရင်း ကားသမား အိပ်ငိုက်သွားခိုက် ကား လမ်းဘေး ချော်ကြသွားခဲ့ရသည်။ ကားသမားကို ဆိုင်တစ်ဆိုင်မှာ ၃ နာရီလောက် အနားယူခိုင်းရသည်၊ ကားပေါ် နေပူကျဲကျဲကြီးမှာ ဆရာတော်ထိုင်စောင့်နေရသည်၊ အချို့ကတော့ အပြင်ဘက်ထွက် လမ်းလျှောက်၊ အချို့ကတော့ ဆရာတော်ကြီးအား ၀တ်ဖြည့်ကြသည်။ ဆရာတော်ကြီး သက်တော်ကြီးရင့်ပေမဲ့ တပည့်တွေထက် မာသည်မှာလဲ အံ့သြစရာ။ ကားပေါ်မှာတပည့်တွေက ပင်ပန်း၍ အိပ်ပြီး လိုက်လာကြရာ ဆရာတော်က ဟေ့ကောင်တွေ မင်းတို့ အိပ်လိုက်တော့ ဘာအတွေ့အကြုံရမှာလဲဟို မိန့်သည်၊ အချို့လဲ ၀မ်းလျှော၊ အချို့လဲ ဖျား၊ အချို့ ပင်ပန်းသဖြင့် မစားနိုင် မသောက်နိုင်ဖြစ်ပေမဲ့ ဆရာတော်ကြီးမှာ ဘာမှမဖြစ်။ ခရီးစဉ်အကြောင်း ရေးရင်တော့ ကုန်မည်မထင်။

ပေး၍သာသနာပြု
ဤသို့အားဖြင့် ဆရာတော်ကြီးသည် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးစသည်များကို ဆောင်ရွက်ခြင်းဖြင့်၎င်း၊ တပည့်သာဝကများကိုလဲ ပစ္စယာနုဂ္ဂဟ-Material properties support များကို ပေး၍ချီးမြောက်ခြင်း နှင့် (Ministry၊ ဓမ္မာနုဂ္ဂဟာ- mental, spiritual progress support စိတ်ဓာတ်ဖွံ့ဖြိုးမှုများ ပေး၍ချီးမြောက်ခြင်း Missionary)ဖြင့် သာသနာပြုတော်မူခြင်းပင် ဖြစ်ပါတော့သတည်း။ ။

သီတဂူစတား
၂၉-၃-၂၀၁၀






0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP