* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, March 30, 2010

ဆိုက်ကားသမားဦးနှောက်=ရိုးရိုးစဉ်းစားခြင်း။

ဆရာကြီး ဒေါက်တာမောင်မောင်စိန်ဟာ ပုံမှန်ဆိုရင် ကျွန်တော်တို့အတွက် အဖိုးဆရာလောက် တော်ရမယ့် ပုဂ္ဂိုလ်။ ကျွန်တော်တို့ရဲ့ ဆရာတွေ တော်တော်များများက သူ့တပည့်တွေချည်းပဲကိုး။ ဒါပေမဲ့ အဖိုးဆရာတော်ရမဲ့ ဆရာကြီးက ကျွန်တော်တို့ရဲ့ ဆရာဖြစ်လာပြီး ခပ်ကြမ်းကြမ်း စာမေးတဲ့ ဆရာတွေထဲမှာ ခေါင်ချုပ်ကြီးလည်း ဖြစ်နေတယ်။ ဒီတော့ သူ့ကို ကျောင်းသားတွေ ကြောက်ကြတာ ဆန်းသလား။ ဟုတ်ကဲ့။ မဆန်းဘူး။

ဆန်းတာက ကြောက်ရတဲ့ ဆရာကြီးဟာ အရေးကြီးတဲ့ ဆေးပညာအယူအဆတွေကို တပည့်တွေရဲ့ ခေါင်းထဲ စွဲမြဲနေအောင် ခပ်ကြမ်းကြမ်းရိုက်သွင်းသွားတဲ့ လက်ဦးဆရာပဲဆိုတာ အခုပြန်စဉ်းစားမိပြီး ကျောင်းသားဟောင်းများက ကျေးဇူးတင်နေကြတာကိုပဲ။ ဟုတ်တယ်။ ကြီးလေလေ ကျေးဇူးတင်လေလေပဲ။ ဒါတွေကို မေ့ဖို့ဖြစ်နိုင်မလား စဉ်းစားကြည့်တယ်။ မဖြစ်နိုင်ဘူး။ သူ့အယူအဆတွေဟာ တပည့်တွေအပေါ် အတော်လေးလွှမ်းမိုးနေတယ်။ ပြီးတော့ သူ့ရဲ့ ခပ်ရိုးရိုးစဉ်းစားခြင်းတွေဟာ ဆေးပညာသင်သူများအတွက် အသက်လည်း ဖြစ်နေတယ်။ ဥပမာကြည့်ကြစို့။

"နင်တို့ထဲက ဘလက်ဒီဖူး(bloody fool= သောက်ရူး) တစ်ကောင်က Artery (သွေးလွှတ်ကြော)ကို microscope နဲ့ ကြည့်တယ်။ ငါကမေးတယ်။ အဲဒါဘာတုန်း။ အာထရီပါတဲ့။ နင်ဘယ်လိုသိတုန်း ဆိုတော့ Endothelial Cells လေးတွေ တွေ့တယ်တဲ့။ အဲဒါနဲ့ ငါပြောလိုက်တယ်။ ဒီသောက်မိုက်ခရိုစကုပ် အစုတ်နဲ့ နင်ဒီလောက်တွေ့တယ်ပြောရအောင် နင်ရူးများနေလားဟဲ့လို့"

အမှန်ကတော့ ဆရာကြီးက Endothelial Cells ဆိုတဲ့ လေလုံးကြီးနဲ့ ညာပြောတာကို သဘောမကျဘူး။ စာအုပ်ထဲကဟာတွေနဲ့ ကိုက်ညီ အဆင်ပြေအောင်၊ ဆရာက စာဖတ်ထားမှန်းသိအောင် တကယ်မတွေ့ရဘဲ ညာပြောလိုက်တာမျိုးကို စက်ဆုပ်ပုံရတယ်။ နောက်ထပ်ဆက်ပြောသေးတယ်။

"နင်တို့ထဲမှာ ရှားရှားပါးပါး ပညာရှိတဲ့အကောင်လည်း ရှိတယ်။ အဲဒီကောင်ကို အာထရီမှန်း နင်ဘယ်လိုသိတုန်းမေးတော့ အကွင်းလိုက်ကြီးလေ။ ဆရာကြီး ဒီမှာလာကြည့်ပါလားလို့ ငါ့ကို ပြန်ပြောတယ်။ အဲ့ကောင်မဆိုးဘူး။ ပညာရှိတယ်။"

သွေးလွှတ်ကြောကို မိုက်ခရို စကုပ်နဲ့ ကြည့်ဖို့ ဖြတ်တယ်ဆိုတာမှာ အထဲက သွေးစီးဆင်းဖို့ အခေါင်းကိုပါ ပါအောင် ဖြတ်ရတယ်။ ဒီတော့ ကြည့်လိုက်တဲ့အခါ ၀လုံးပုံ အ၀ိုင်းလိုက် အကွင်းလိုက်ကြီးကို မြင်ရတာပဲ။ ဒါဟာ အရေးကြီးတယ်လေ။ ဒီလို အ၀ိုင်းလိုက်ကြီး ဖြစ်နေပြီဆိုရင် သွေးလွှတ်ကြောလား သွေးပြန်ကြောလား၊ ပြန်ရည်ကြောလည်း ဒီလောက်ပဲ စဉ်းစားရတော့မယ်။ ဒီလိုအ၀ိုင်းလိုက်ကြီး ဖြစ်နေတာကို မိုက်ခရိုစကုပ်နဲ့ မကြည့်ရင်တောင်မှ မြင်နေရတာပဲ။ ဆေးပညာ မသင်ဖူးတဲ့သူလည်း ဒါကိုသိတယ်။

ဒါပေမဲ့ ဒီအချက်အလက်ဟာ ရိုးလွန်းပေမဲ့ ခိုင်မာတယ်။ေ၀၀ါးခြင်း မရှိဘူး။ ဒါကြောင့် ဒီအချက်ကို အခြေခံပြီး စဉ်းစားတဲ့သူက အဖြေမှန်နဲ့ နီးစပ်နိုင်သွားတယ်။ ပြဋ္ဌာန်းစာအုပ်မှာ ရေးထားတာတွေ ရှိပါတယ်။ ဘယ်အချက် ဘယ်အချက်တွေကြောင့် အာထရီလို့ ပြောရတာပါ။ ဒီလိုဖြေရမယ်လို့ သင်ထားတာတွေလည်း ရှိတယ်။ အဲဒါတွေကတော့ စာမေးပွဲအောင်ရုံ သက်သက်ပဲ။ ဒါတွေမေ့သွားတဲ့အခါကျတော့ ခပ်ရိုးရိုးအချက်တစ်ခုကိုပဲ သဲလွန်စယူပြီး စဉ်းစားရတော့တယ်။

ဆရာကြီး သဘောကျတဲ့ ကျောင်းသားရဲ့ အဖြေဟာ အပြည့်အ၀ မှန်လှတယ် မဟုတ်ပါဘူး။ ဒါပေမဲ့ အဖြေမှန်နဲ့ နီးစပ်ဖို့ လမ်းကြောင်းပေါ် ရောက်သွားတယ်။ အဲဒီလမ်းကြောင်းပေါ်ကနေ ဆွေးနွေးရင်း၊ ဆွေးနွေးရင်း အဖြေမှန်ကို တဖြည်းဖြည်း ကပ်သွားတာပဲ။ ဆရာကြီးသုံးတဲ့ စဉ်းစားနည်းကို ရာရှင်နယ်လိုက်ဇ် ဖြစ်တယ်၊ common sense ဖြစ်တယ် ဘာဖြစ်တယ် ညာဖြစ်တယ် စတဲ့ ပညာရပ်စကားလုံးတွေနဲ့ ခွဲခြမ်းစိတ်ဖြာပြီး လျှောက်မပြောချင်ဘူး။ ရိုးရိုးစဉ်းစားနည်းကို ရိုးရိုးပဲ ပြောပြချင်တယ်။

တချို့နယ်ပယ်တွေမှာ ရိုးရိုးစဉ်းစားဖို့က ထင်ထားတာထက် အရေးကြီးတယ်။ ဒါနဲ့ပတ်သက်ပြီး ဆရာတစ်ယောက်က (percentage) ရာခိုင်နှုန်းဆိုတာကို ရှင်းပြတာ မှတ်မိနေတယ်။

"ဒီရောဂါဖြစ်ဖို့ အခွင့်အလမ်း ၉၅ ရာခိုင်နှုန်းရှိတယ်ဆိုတာ ဘာကိုပြသလဲဆိုရင် ကိုင်း လွန်းဝေ။ မင်းက လူနာတစ်ရာကို အဲဒီရောဂါပါလို့ မျက်စိမှိတ်ပြီး အခါတစ်ရာ မှန်းပြော။ ၉၅ ယောက်မှန်မယ်။ ၅ ယောက်မှားမယ်။ အဲဒီငါးယောက်ကို နောက်တဆင့် ဖော်ထုတ်ပေါ့။ အဲဒီလိုမဟုတ်ဘဲ မင်းက ငါးရာခိုင်နှုန်းလောက်ရှိတဲ့ ရောဂါကို လူနာတစ်ရာမှာ ရမ်းတုတ်။ ၉၅ ယောက်မှားမယ်။ ၅ ယောက်ပဲ မှန်မယ်။ ဒါကြောင့် တက်စ်ဘွတ်ခ်တွေရဲ့ ရှေ့ဖုံးမှာဘာရေးထားသလဲ။ common thing is common. အဖြစ်များတာက အဖြစ်များတယ်။ ယေဘုယျဟာ ယေဘုယျကျတယ် ဒီလိုရေးထားရတာပဲ။ Differential ပေးရင် အဖြစ်များတာကစပြီး စီကွ။ အဲဒါတွေက မင်းတို့ တလွဲလုပ်မစိုးလို့ ကြိုတင်ကာကွယ်ထားတာ။ ရှင်းလား"

တချို့နယ်ပယ်တွေမှာ ခိုင်မာရိုးရှင်းတဲ့ အချက်အလက်တွေကို မူတည်ပြီး ခပ်ရိုးရိုးပဲ စဉ်းစားတတ်တဲ့သူတွေ လိုအပ်တယ်။ အဲဒီရိုးရိုးလူတွေက မဟာပညာကျော်များကို ဘောင်ခတ်ပေးရတယ်။ အမှန်ကတော့ မဟာပညာကျော်များက သိပ်များများ မလိုအပ်ဘူး။ နည်းနည်းပါးပါးဆို ဖြစ်ပြီ။ တဆက်တည်းမှာ မဟာပညာကျော်များဟာ ခပ်ရိုးရိုးသမားတွေနဲ့ အပြန်အလှန် မှီခိုနေရတယ်။ အဲဒီလို မမှီခိုနိုင်ရင် အဲဒီအသင်းဟာ နာမည်ပျက်တာပဲ။

ကျွန်တော်ကသာ ရိုးရိုးစဉ်းစားခြင်းလို့ ဆိုပေမဲ့ ဆရာကြီး တကယ်သုံးစွဲတဲ့ စကားလုံးအသုံးအနှုန်းကတော့ နာမည်ကျော် "ဆိုက်ကားသမားဦးနှောက်" ပါတဲ့။ ဒီဆိုက်ကားသမားဦးနှောက်က ဆေးလောကမှာ အတော်အသင့် ကျော်ကြားတယ်။

"ဟေ့ ထိုင်နေတဲ့ ဘလက်ဒီဖူလ်းများ။ နင်တို့ ဆိုက်ကားသမားလောက် ဦးနှောက်ရှိရင် ဒီစာမေးပွဲကို အောင်တယ်။ ငါတစ်ခါက ဆိုက်ကားစီးဖို့ သွားတာ ဆိုက်ကားက တစ်စင်းပဲရှိတယ်။ အဲဒီ ဆိုက်ကားသမားကို ငါနဲ့ မိန်းမ၀၀ကြီးတစ်ယောက် လုနေရတယ်။ အဲတော့ နင်တို့ကြည့်။ ဆိုက်ကားသမား ဘယ်လိုစဉ်းစားသလဲဆိုတာ။ ငါသွားမဲ့လမ်းက မြို့ပြင်ဘက်ကို သွားမှာ။ လမ်းက အနိမ့်အမြင့် မရှိဘူး။ ခပ်ပြေပြေပဲ။ အဲ့ဒီ မိန်းမကြီးသွားမဲ့ဘက်က ကုန်းဆင်းတွေရှိတယ်။ အေးမှတ်ထား။ ကုန်းဆင်းရှိရင် ကုန်းတက်လည်း ရှိတယ်ကွ။ ဒီ့ထက်အရေးကြီးတာက ငါ့ခန္ဓာကိုယ်နဲ့ အဲ့မိန်းမကြီးရဲ ခန္ဓာကိုယ်ပဲ။ ငါက နင်တို့မြင်တဲ့ အတိုင်းပဲ။ အဲဒီဟာကြီးတော့ ၀တာမှ.. ဘာတဲ့ နင်တို့ဗမာစကားရှိပါတယ်။ လေးလုံး ဘယ်နှစ်ဖက် (လေးလုံးခြောက်ဖက်ပါ ဆရာကြီး)။ အေး..အေး..အဲဒါ။ အဲတော့ အဲဒီဆိုက်ကားသမား ဘယ်သူ့ကို ရွေးမယ်ထင်သတုန်း။ အေး ဆိုက်ကားသမားက နင်တို့ထက် ပညာရှိတယ်။ ငါ့ကိုတင်နင်းရင် လမ်းပြေပြေကို နင်းရမယ်။ ငါက ပိန်ပိန်ပါးပါးဆိုတော့ သူသက်သာမယ်။ ဟုတ်လား။ အဲဒီ၀၀ကြီးကို နင်းရင် ကုန်းဆင်းဆိုရင်လည်း ခြေကန်ပြီးထိန်းရတယ်။ ကုန်းတက်ဆိုရင်လည်း ဆင်းတွန်းရမယ်။ ပြန်လာရင် အတက်တွေချည်း တောက်လျှောက်တွေ့မယ်။ ဟုတ်လား။ အဲတော့ ငါ့ကိုရွေးတယ်။ ငါ့ကိုရွေးတော့ ဘာဖြစ်တုန်း။ ပြန်လာတဲ့အခါမှာ အမောဖြေစရာမလိုပဲ နောက်တစ်ယောက်ကို ကောက်တင်လာလိုက်တယ်။ ပိုက်ဆံလည်းပိုရတယ်။ သက်လည်းသက်သာတယ်။ ဟုတ်လား။ အေး.. အဲဒီ ဆိုက်ကားသမားလောက် ဦးနှောက်ရှိရင် နင်တို့ဆရာဝန် ဖြစ်မယ်။ မဟုတ်ရင် မဖြစ်ဘူး" တဲ့။

ဆိုက်ကားသမားဦးနှောက်လို့ သုံးနှုန်းတာဟာ ဆိုက်ကားသမားကို နှိမ့်ချစော်ကားတာ မဟုတ်ဘဲ ဂုဏ်တင်ထားတာကို တွေ့ရပါတယ်။ တချို့က ခေါင်းစဉ်ချည်းသက်သက်ကို ကြည့်မိတဲ့အခါ အဲဒီလို အလုပ်အကိုင်တစ်ခုခုကို နှိမ့်ချစော်ကားထားတယ်လို့များ ထင်ရာရောက်မလားလို့ တွေးမိတဲ့အတွက် မူလက ဆိုက်ကားသမားဦးနှောက် လို့ ရိုးရိုးရေးထားတာကို နောက်ကနေ ညီမျှခြင်းခံပြီး အဓိပ္ပါယ်ပါပေါက်အောင် ရိုးရိုးစဉ်းစားခြင်းလို့ပါ ဘာသာပြန်ပြီး ခေါင်းစဉ်ရှည်ရှည် ပေးလိုက်တယ်။

စကားတစ်လုံးကို ဘာသာပြန်ရတဲ့အခါ မူရင်းအဓိပ္ပါယ်ကနေ နည်းနည်းဖြစ်ဖြစ် ချော်တိမ်းသွားတတ်တယ်။ ဒါကြောင့် ကျွန်တော်ကတော့ ဆိုက်ကားသမား ဦးနှောက်ဆိုတဲ့ မူရင်းစကားကိုပဲ သဘော ကျပါကြောင်း...။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP