စမိသူတစ်ယောက်အကြောင်း။
အစကတော့ ဘာညာမဟုတ်
ငုတ်တုပ်ထိုင် တရေးတည်းရေးမယ်
အားတင်း မောင်းတင်ဒေါင်းတင်နဲ့
လာထားစမ်း
အတွေးတွေ အခေါ်တွေ။
ခုတော့
နွေ စမ်းရေတွင်းလို
ရိုးရိုးခပ်လို့လည်း အဆင်မပြေ
ဒူးထောက်ခပ်တော့ သဲကျွံ
ရေနောက်မှာစိုးသလို
ဆံပင်သုံးချောင်းတော့ ဖြူသွားပြီ။
စမိတော့ အပိုအလုပ်လည်း
မထင်မိ။
ကိုယ်တွေးတာ ကိုယ်ရေးမယ်ပေါ့။
တွေးတိုင်းရေးရရင်
အကျိုးမများ အချိန်ကုန်စေမှာ
တွေးပူတာတစ်ဒုက္ခ။
မီးပျက်ရင် အေးမယ်လို့ထင်သလား
ထွေးတင်တို့အမေ ပြောသလို
“ယပ်တောင်ရှာပေးစမ်း
ယပ်တောင်”။
မရေးတော့ဘူးကွာဆိုတော့
စိတ်က တစ်နုံ့နုံ့။
မျက်လုံးက ပေကလပ် ပေကလပ်နဲ့
ပြူးပြဲကြည့်ချင်သေးတာ။
(ရှင်ကြီးမော်-ရှင်လေးမော်တို့ မျက်မှန်နဲ့
ခန့်နေတာကြည့်တော့)
တစ်တက်စားလည်းကြက်သွန်ဖြူ
နှစ်တက်စားလည်း ဖြူ
တခေါင်းလုံးဖြူသွားတော့လည်း
သူတို့နဲ့အပြိုင် ခန့်လို့ရတာပေါ့။
(မစရသေးတဲ့သူတွေ အားကျစရာမလို)
တနှစ်မပြည့်သေးတဲ့
ဘလော့ဘ်မှိုင်း မိနေသူတယောက်ရဲ့
ခေါင်းဖြူစကားနဲ့ အတွေးပါ။


0 comments:
Post a Comment