အဘိဓမ္မာ အပိုင်း ၂၊ အခန်း ၈၊ ကမ္ဘာဖျက် တရား ၂ပါး
ဒီနေ့ တင်ပြရမည့်.. အကုသိုလ်အုပ်စု စေတသိက်နာမည်က.. “အဟိရိက= မကောင်းမှုပြုရမှာကို မရှက်တာ”။ ဘယ်မကောင်းမှုပဲ ပြုရပြုရ မရှက်ခြင်း သဘောပါ။ သူတစ်ပါး အသက်သတ်ရမှာပဲ ဖြစ်စေ၊ သူတစ်ပါး ပစ္စည်းခိုးရမှာပဲ ဖြစ်စေ၊ သူ့တစ်ပါး သားမယားကို ပြစ်မှားရမှာပဲ ဖြစ်စေ၊ လိမ်ပြောရမှာပဲ ဖြစ်စေ၊ သေရည်သေရက် သောက်ရမှာပဲ ဖြစ်စေ... ဘယ်အကုသိုလ် မကောင်းမှုပဲ ဖြစ်ဖြစ် အကုသိုလ် မကောင်းမှုလုပ်ရမှာ မရှက်တဲ့ သဘောထားမှန်သမျှသည် ဤ“အဟိရိက”ရဲ့ သဘောတရားပါပဲ။ အခြေခံတာကတော့ “မောဟ=အကြောင်းအကျိုး၊ အကောင်းအဆိုး”ကို မသိမှုကို အခြေခံပါတယ်။ ဒီတရားရဲ့ ဆန့်ကျင်ဘက် မကောင်းမှုပြုရမှာ ရှက်တတ်တဲ့ သဘောတရားက.. နောက်လာမည့် “သောဘနစေတသိက်အုပ်စုမှာ ဟိရီ-ဆိုပြီး” လာပါလိမ့်မယ်။ ဒီတရားကို ထင်ရှားနားလည်အောင် ဥပမာတင်စား ပြောပြကြတာကတော့... “ရွာဝက်”ဥပမာ ဖြစ်ပါတယ်။ ရွာဝက်သည် မစင် (သို့မဟုတ်) ရွံ့ဗွတ်ထဲမှာ လူးလှိမ့်ရမှာ မရွံရှာ၊ မရှက်သလို ထို့အတူ ဒီ“အဟိရိက”တရားကိန်းနေသူမှာလည်း မကောင်းမှုတည်းဟူသော မစင်၊ ရွံ့ဗွတ်မှာ ပျော်မွေ့ရတာကို၊ ပြုရတာကို မရှက်၊ မရွံပါဘူး။ ဒါက “အဟိရိက” စေတသိက်တရား၏ သဘောထားအဓိပ္ပါယ် ဖြစ်ပါတယ်။
နောက်တစ်ပါးက “အနောတ္တပ္ပ=မကောင်းမှုပြုရမှာကို မကြောက်လန့်ခြင်း။ ((ဒီတရားကို အသံထွက် ဖတ်ရမှာက “အနွတ်တပ်ပ”လို့ အသံထွက် ဖတ်ရပါမယ်။ မဖတ်တတ်သူတို့အတွက် ပြောပြတာပါ။)) အဓိပ္ပါယ်သဘောကတော့ အထက်မှာ ပြောပြခဲ့တဲ့ “အဟိရိက”နဲ့ အတူတူပါပဲ။ ထူးတာက ဒီတရားက မကောင်းမှု ပြုရမှာ မကြောက်လန့်တာ၊ လူပြောပြောမယ်ဆိုရင် “လက်ရဲ ဇက်ရဲ” မကောင်းမှုကို ပြုလုပ်ခြင်း သဘောပါ။ သူ့ကို ဘာဥပမာနှင့် နားလည်လွယ်အောင် တင်စားပြောလေ့ရှိကြသလဲဆိုတော့... “ဖယောင်တိုင် မီးလေးထွန်းထားလို့... ယင်းဖယောင်တိုင်မီးကို ၀င်တိုးကြတဲ့ ပိုးကောင်လေးတွေ” မြင်ဘူးမယ် ထင်ပါတယ်။ ယင်းပိုးကောင်လေးတွေက ယင်းမီးတောက်မီးလေးကို အေးချမ်းတဲ့ ရွှေတောင်အလား ထင်မှတ်ကာ သေရမည့်ဘေးကို မသိပဲ အတင်းတိုးဝှေ့ကြသည့် ပမာ၊ ထိုနည်းမခြား ဒီ“အနေတ္တပ္ပ” တရား ကိန်းနေစဉ်မှာ ထိုသူသည် မကောင်းမှုပြုရမှာ လုံးဝ ကြောက်လန့်ခြင်း၊ ရွဲ့ခြင်း မရှိပါဘူး။ ဒီသဘောသည် “အနောတ္တပ္ပ”တရား၏ သတ္တိကြောင့် ဖြစ်ပါတယ်။
အထက်မှာပြောပြတဲ့ “အဟိရိကနဲ့ ဒီ အနောတ္တပ္ပ”တရား -၂-ပါးက တစ်စုံဖြစ်ပါတယ်။ ဒီတရားနှစ်ပါးကို ကမ္ဘာဖျက်တရားလို့လည်း ခေါ်ပါတယ်။ ကမ္ဘာ့လူသားတွေ တိရစ္ဆာန်နှင့်မခြား နေထိုင်၊ ၀တ်စားဆင်ယဉ်မှုတွေ လုပ်နေကြတာသည် ဒီတရား -၂-ပါး သူတို့သန္တာန်မှာ ကိန်းအောင်းနေလို့ ဖြစ်ပါတယ်။ ယနေ့ ခေတ်လူငယ်အများ အရှက်အကြောက်မရှိပဲ ၀တ်စားဆင်ယင်ပုံများကလည်း မောဟကို အခြေခံပြီး... ဒီတရား-၂-ပါး သူတို့သန္တာန်မှာ ကိန်းနေသောကြောင့် မဖွယ်မရာ ၀တ်စားဆင်ယင်မှုများ ၀တ်ဆင်နေကြတာ ဖြစ်ပါတယ်။ တဖြည်းဖြည်းနဲ့ ဒီတရား-၂-ပါးကနေပြီး ကမ္ဘာကြီးဟာ ရှာက်ဖွယ်လိလိဖြစ်ကာ တိရစ္ဆာန်နှင့် မခြား လူနေမှုအဆင့်အတန်းတွေကျဆင်းကာ ပျက်သုံးသွားပါလိမ့်မယ်။ မြန်မာပြည်မှာ ပြောနေကြတဲ့ “မြန်မာ့ယဉ်ကျေးမှု ထိန်းသိမ်းပါဆိုတာကလည်း အဓိကကဆိုလိုရင်းက ဒီတရား-၂-ပါးကို မချိုးဖောက်ပါနဲ့”လို့ ပြောတာပါပဲ။
ဒီတရား-၂-ပါးကို မထိန်းသိမ်းရင် မြန်မာပြည်က လူနေမှုသည်လည်း တဖြည်းဖြည်း နိမ့်ကျသွားကာ... “ယိုသူ၊ ၀တ်စားဆင်ယင်သူ မရှက်, မြင်သူ ယှက်” ဘ၀မျိုး မကြာခင် ရောက်သွားမှာပါ။ ဒါကြောင့် ဒီတရား -၂-ပါးကို လေ့လာခြင်းဖြင့် မိမိတို့ ပတ်ဝန်းကျင်မှာ လူနေမှုအဆင့်အတန်း တရားနှင့်အညီ တိုးတက်အောင် ကျင့်ဆောင်နိုင်ကြပါစေလို့ တိုက်တွန်းရင်း..
ဒီနေ့ လောကကြီးကို ဖျက်ဆီးတတ်တဲ့ ဒီအဘိဓမ္မာတရား -၂-ပါးနှင့်ပဲ ရပ်နားပါအုန်းမယ်။

0 comments:
Post a Comment