ထေရိကာ ထေရီ အပိုင်း-၃ နိဂုံး
ရဟန္တာမိန်းမ အဖြစ်သို့ ရောက်တော်မူပြီးသော ထေရိကာ အရှင်မသည် ရှေးဘဝက မဏ္ဍာပ်ဆောက်လုပ်၍ လှူခဲ့ဖူးသော ကိုသိုလ်ပါရမီကံကို အကြောင်းပြု၍ မဏ္ဍပဒါယိကာ ဟူသော အမည်ဖြင့် ထင်ရှားကျော်စော ပြန်ချေသည်။ ထိုမဏ္ဍပ်ပဒါယိကာ ရဟန်းမိန်းမမြတ်သည် ရှေးရှေးဘဝတို့ကို ပုဗ္ဗေနိဝါသ အဘိညာဉ်ဖြင့် ကြည့်ရှု၍ နောင်လာ အမျိုးသမီးတို့နည်းတူ တုပကာ သမ္ဘာရ ပါရမီကုသိုလ်မျိုးကို စိုက်ပျိုးကြစေခြင်းငှာ အပါဒါန် တရားတော်ကို ဟောကြားတော်မူလေသည်။
“အို အရှင်မတို့၊ တပည့်တော်မသည် ယခုကမ္ဘာ၏ အတွင်း၌ ဒုတိယပွင့်တော်မူသော ကောဏာဂုံမြတ်စွာဘုရားအား မဏ္ဍာပ်ဆောက်လုပ် လှူဒါန်းခဲ့ဖူး၏။ တိစီဝရိတ် သင်္ကန်းကိုလည်း အမြဲလှူဒါန်းခဲ့ဖူး၏။ ထိုကုသိုလ်ကံကြောင့် ထိုထို မြို့ရွာ ဇနပုဒ်တို့ကို လှည့်လည် သွားလာသောအခါ ရောက်လေရာရာ အရပ် မြို့ရွာ ဇနပုဒ်တို့၌ မျက်နှာပွင့်လန်း၍ လှူဒါန်း ချီးမြှောက် ထောက်ပံ့ပူဇော်ခြင်းတို့ကို ရ၏။
“ဤသို့ သွားလေရာ၊ နေလေရာ၊ ရောက်လေရာ အရပ်၌ မျက်နှာပွင့်လန်း၍ လှူဒါန်းချီးမြှောက် ထောက်ပံ့ပေးကမ်း လှူဒါန်းပူဇော်မှုကို ခံယူခြင်းသည် မဏ္ဍာပ်ဆောက်လုပ်၍ လှူခဲ့ခြင်း၊ တိစီဝရိတ် သင်္ကန်းလှူခဲ့ခြင်း၏ ကုသိုလ်အကျိုးပါတည်း။ ထိုကုသိုလ်ကို အရင်းအခြေခံထား၍ ယခု နောက်ဆုံး ဖြစ်သော ဘဝ၌ ကိလေသာ အာသဝေါတရားတို့မှ လွတ်ကင်း၍ မဏ္ဍပဒါယိကာ အမည်ရှိသော ရဟန္တာအဖြစ်သို့ ရောက်ရပေသတည်း”



0 comments:
Post a Comment