* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, January 2, 2010

အစ်ကို ၀ိမုတ္တိသုခထံမှ မွေးနေ့အမှတ်တရ ဆုံးမစာ...

ညီမရေ...

ညီမမွေးနေ့ အတွက် တစ်ခုခု ရေးပေးဖို့  အကို့ ကို ပြီးခဲ့တဲ့လကတည်းက ပြောထားပေမယ့် အကို့ ဘက်က မအားတာရော၊ ဘာအကြောင်းအရာကို ညီမအတွက် အထူးပြုပြီး ရေးပေးရမလဲလို့  ခေါင်းထဲကမပေါ်လာတာရောနှင့် အခုမှဘဲ ရေးဖြစ်ပါတယ်။ မွေးနေ့ လက်ဆောင်က နဲနဲတော့ နောက်ကျနေပြီ။ စိတ်တော့မရှိပါနှင့်ညီမရေ။ နောက်ကျတဲ့အတွက် ခွင့်လွှတ်ပါနော်။
ညီမနှင့်အစ်ကိုနှင့်က ဘာသာရေးဘက်မှာဆို သံလျင်တောရဆရာတော် ဦးနိပုဏရဲ့  တပည့်တွေဖြစ်နေတာရယ်၊ ပညာရေးဘက်မှာလည်း ကျောင်းမတူပေမယ့် မွေးထုတ်ပေးတဲ့ မိခင်ပညာရေးအဖွဲ့ အစည်းတစ်ခုရဲ့  အောက်က မောင်နှမတွေဖြစ်နေတာရယ်တွေကြောင့် ညီမမွေးနေ့ 
အတွက် အစ်ကို့ အနေနှင့် အမှတ်တရ ချီးမြှောက်မှုတစ်ခုခုကတော့ လုပ်ပေးမှကို ဖြစ်မှာလေ။
အစ်ကို တက္ကသိုလ်ရောက်စအချိန်တွေမှာ ဘာသာာရေးကို စိတ်ဝင်တစားလေ့လာဖြစ်ရင်းက တဖြည်းဖြည်း မိရိုးဖလာယုံကြည်မှုကနေ ကိုယ်တိုင် သဒ္ဓါတရားနှင့် ရတနာသုံးပါးကို ယုံကြည်ကိုးကွယ်ဖြစ်တဲ့ အခြေအနေကို ရောက်ခဲ့ပါတယ်။ အဲဒီအချိန်မှာ မြတ်စွာဘုရားရှင်ရဲ့  အဆုံးအမတွေကို ကိုယ်တတ်နိုင်သလောက် လိုက်နာလိုစိတ်တွေ ဖြစ်လာခဲ့ပါတယ်။ နောက်ပိုင်းတော့ ဘုရားရှင်တိုင်းရဲ့  အနှစ်ချုပ်အဆုံးအမဖြစ်တဲ့ “ မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား” ဆိုတာလေးကို သတိပြုမိခဲ့ပြီး အဲဒီအဆုံးအမတော်ကိုဘဲ ကိုယ်နိုင်သလောက် လိုက်နာထိန်းသိမ်းဖို့ 
ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ ဒီအဆုံးအမတော်ကိုဘဲ နောက်တစ်ဘက်ကနေပြောတော့ မကောင်းမှုရှောင် တာက သီလသိက္ခာ၊ ကောင်းမှုဆောင် ဆိုတာက သမာဓိသိက္ခာ၊ ဖြူအောင်စိတ်ကိုထား ဆိုတာက ပညာသိက္ခာရယ်လို့  သိက္ခာ (၃)ပါးနှင့် ပိုင်းခြားသတ်မှတ်ထားတာကိုလည်း သိရှိသဘောပေါက်ခဲ့ပါတယ်။ ဒီအဆုံးအမတော်သုံးပါးကို မိမိစွမ်းနိုင်သလောက် ကြိုးစားထိန်းသိမ်းစောင့်ရှောက်ရင်း ပြည့်စုံသွားတဲ့ တစ်နေ့ မှာ သံသရာက လွတ်မြောက်မှုကို ရရှိနိုင်တယ်ဆိုတာကိုလည်း သဘောပေါက်ခဲ့ရပါတယ်။ ဒီအဆုံးအမတော်သုံးပါးကို ထိန်းသိမ်းစောင့်ရှောက်မှုနှင့်အတူ ယောနိသော မနသိကာရ လို့ ခေါ်တဲ့ အသင့်အတင့်မှန်ကန်စွာနှလုံးသွင်းမှုကလည်း အရေးပါမှန်းကို နားလည်ခဲ့ရပါတယ်။
အကိုတို့ တတွေ အထူးပြုဘာသာာတွေသင်ရတဲ့အချိန်ကျတော့ ဆရာတွေက ဖော်မြူလာတွေ ဖြစ်ပေါ်လာပုံအဆင့်ဆင့်ကို သရုပ်ခွဲတွက်ချက်ပြကြပါတယ်။ အဲဒီမှာ တစ်ချို့ ကိစ္စတွေမှာ ဖော်မြူလာကနေတွက်ထုတ်လို့ ရတဲ့အဖြေနှင့် တကယ့်အပြင်မှာ လုပ်လို့ ရနိုင်တဲ့ အနေအထားနှင့် နဲနဲဟနေတတ်တာတွေ ရှိတာကို တွေ့ ရတတ်ပါတယ်။ အဲဒီလို အခြေအနေမျိုးမှာ ဖော်မြူလာက ပေးတဲ့ ရလဒ်ကို Ideal Case လို့ သတ်မှတ်လိုက်ရပါတယ်။ ကောင်းတော့ကောင်းတယ်။ ဒါပေမယ့် လက်တွေ့ မှာ ဒါမျိုးရဖို့  မဖြစ်နိုင်ဘူးပေါ့။ ဖော်မြူလာနှင့် တွက်ထုတ်လို့ ထွက်လာတဲ့ အဖြေတချို့ ဟာ Ideal Case တွေဖြစ်နေတာကို တွေ့ ရတတ်ပါတယ်။အပြင်ဘက်လောက ဘ၀ကို ဖြတ်သန်းကြရတဲ့အချိန်တွေမှာ ကျောင်းတုန်းက သင်ခဲ့ရတဲ့ Ideal Case တွေလိုမျိုး အခြေအနေတွေဟာ အကိုတို့  ဖြတ်သန်းနေရတဲ့ နေ့စဉ်ဘ၀မှာ အမြဲလို ကြုံနေရတတ်တာကို တွေ့ ရပါတယ်။ တကယ်ဆို ဒီကိစ္စဟာ ဒီလိုမျိုးဖြစ်သင့်ပါလျက်နှင့် အဲဒီလိုဖြစ်မလာဘူး။ လုပ်လို့ မရဘူး ဆိုတာမျိုးတွေ ခဏခဏကြုံဆုံရပါတယ်။ အကိုတို့ တစ်တွေဟာ များသောအားဖြင့် စိတ်ထဲမှာ Ideal တွေကို မှန်းဆမျှော်လင့်ထားပေမယ့်လို့  တကယ့်အခြေအနေမှာတော့ စိတ်ထဲကစံနှင့် နဲနဲလေးလွဲနေတာတွေ ရှိနေတတ်တာပါဘဲ။ ဒီအခါမှာ အလိုမကျမှု၊ စိတ်မကျေနပ်မှု၊ စိတ်မချမ်းမြေ့မှုတွေ ရင်ထဲမှာ ခံစားရပြီး ပူလောင်ကြရတော့တာပါဘဲ။ ဒီလိုမျိုးခံစားရပြီဆိုတဲ့အချိန်ကျရင်ဖြင့် မြတ်စွာဘုရားရှင်တိုင်းရဲ့ အဆုံးအမတော်ကို သတိရမိပါတယ်။ ကိုယ့်စိတ်ထဲမှာ မကျေနပ်မှုတွေကြောင့် ဖြစ်နေတဲ့ပြဿနာကို ဖန်တီးတဲ့ အခြေအနေ (သို့ ) ပုဂ္ဂိုလ် တစ်ဦးဦးနှင့်ပတ်သက်ပြီး မကောင်းတဲ့ အပြုအမူတွေ၊ အပြောအဆိုတွေကို ကိုယ်က လုပ်လိုက်တော့မယ့်အခြေအနေမှာ မကောင်းမှုကို ရှောင် ဆိုတဲ့ သီလ သိက္ခာတော်ကြောင့် ထိန်းသိမ်းဖို့  သတိပေးလိုက်သလိုဖြစ်သွားပါတယ်။ ကိုယ်မနှစ်မြို့ တဲ့ ဒီမကောင်းတဲ့ ပြဿနာ (ပုဂ္ဂိုလ်) နှင့်ပတ်သက်တဲ့ အတွေးတွေ၊ အကြံအစည် စိတ်ကူးတွေကိုလည်း ကောင်းမှုဆောင် ဆိုတဲ့ သမာဓိသိက္ခာက လှမ်းထိန်းလိုက်ပါတယ်။ နောက်ဆုံးမှာတော့ ဖြူအောင်စိတ်ကိုထားဆိုတဲ့ ပညာသိက္ခာတော် နှင့်အညီ အကျိုးရှိမယ့် အပြုသဘောဆောင်မယ့် လုပ်ဆောင်မှု၊ ကြံစည်မှု၊ ပြောဆိုမှုတွေနှင့် ယခင်က စိတ်ထဲမှာ ဖြစ်နေတဲ့ မကောင်းတဲ့ ဖြစ်စဉ်ကြီးတစ်ခုလုံးကို အစားထိုးဖို့  လုပ်ဆောင်နိုင်သွားပါတယ်။ ဒီလိုမျိုးဆောင်ရွက်လိုက်နိုင်ဖို့ အတွက် လိုအပ်တာကတော့ အသင့်အတင့်နှလုံးသွင်းလိုက်နိုင်ဖို့ 
(တနည်းသဘောထားမှန်ဖို့၊တည့်ဖိုပါဘဲ။တကယ်တော့သူလိုသလိုဖြစ်နေတဲ့လောကကြီးထဲမှာ
ကိုယ်ကအလိုက်သင့်နေနေကြရတဲ့သူတွေဖြစ်နေရတော့ အကြိမ်ပေါင်းများစွာမှာ ကိုယ့်စိတ်တိုင်းကျအခြေအနေမျိုးကတော့ ဖြစ်လာမှာ မဟုတ်ပါဘူး။ ဒီလို စိတ်တိုင်းကျမဖြစ်တိုင်းမှာ စိတ်ထဲမှာ မကျေနပ်မှုတွေဘဲဖြစ်နေရရင် နောက်ဆုံးတော့ ကိုယ်ဘဲ စိတ်ပင်ပန်းရပြီး ဘုရားဟောအဆုံးအမနှင့်လည်း အလှမ်းဝေးသလိုလည်း ဖြစ်သွားနိုင်ပါတယ်။ ဒီတော့ အစ်ကိုတို့  ညီမတို့ တွေအားလုံးက အစ်ကိုတို့ ရင်ထဲမှာရှိနေတဲ့ Ideal တွေကို အသိ၊သတိတွေနှင့်ထိန်းကြောင်းရင်း ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်အောင်နေမယ်၊ ငါ့စိတ်ကို့  ဘယ်အကြောင်းအရာကြောင့်မှ ဖြူစင်တာလေး ပျက်မသွားအောင် ကြိုးစားထိန်းနေမယ်လို့  သံဓိဋ္ဌာန်ချမှတ်ရင်း နေ့ စဉ်ဘ၀ကို ကျော်ဖြတ်ကြမယ်ဆိုရင် ဘာပဲဖြစ်ဖြစ် အနည်းဆုံးတော့ စိတ်သက်သာမှုကို ခံစားကြရမှာပါ။ လောကအကျိုးကို ဆောင်ရွက်ကြတဲ့အခါစိတ်မချမ်းမသာဖြစ်နေတဲ့သူနှင့်စိတ်အေးချမ်းနေတဲ့သူနှင့်နှစ်ဦးမှာ အေးချမ်းနေတဲ့သူက ပိုပြီးအများအကျိုး ဆောင်ရွက်နိုင်လိမ့်မယ်ဆိုတာကိုတော့ ညီမ သိပြီးသား ဖြစ်မှာပါလေ။ အစ်ကိုတို့ လုပ်ဖို့ လိုအပ်တာကတော့ သဘောထားမှန်မှန်နှင့် လောကကို ကြည့်တတ်၊ နားလည်မှုပေးတတ်ဖို့ ပါဘဲလေ။
ကဲ ညီမရေ... အစ်ကိုလည်း ဟိုရေး ဒီရေးနှင့် တော်တော်လေးတော့ စာရှည်သွားပြီ။
ညီမတစ်ယောက် အစ်ကိုရေးတဲ့စာထဲက ညီမအတွက် အသုံးတည့်မယ့် တစ်ခုခုတော့ ရနိုင်ကောင်းရဲ့ လို့  မျှော်လင့်မိပါရဲ့။ ဒါလည်းဘဲ Ideal ဖြစ်ချင်ဖြစ်နေမှာပါလေ။ :)
ညီမလေး တစ်ယောက် ယခုမွေးနေ့ မှသည် နောင်နှစ်ပေါင်းများစွာ မွေးနေ့ ရက်ပေါင်းများစွာကို စိတ်ချမ်းသာကိုယ်ကျန်းမာစွာဖြင့်ဖြတ်သန်းနိုင်ပါစေ။မြတ်စွာဘုရားရှင်ရဲသာသနာတော်ကိုစောင့်ရှောက်နိုင်တဲ့သူဖြစ်ပါစေ။
လောကအကျိုး၊မိမိအကျိုးကို သယ်ပိုးဆောင်ရွက်နိုင်သူဖြစ်ပါစေ.... လို့  ဆုတောင်း ဆန္ဒပြုရင်း....

ခင်မင်စွာဖြင့်
ဝိမုတ္တိသုခ
၃၁-၁၂-၂၀၀၉ (ကြာသပတေးနေ့ )

ကျမ ငယ်စဉ်ကလေးဘ၀ကတည်းက ဘာသာတရားကို ကြည်ညိုလေးစားတက်အေင် ဆုံးမသွင်သင်ပေးခဲ့သော ၊ ကျမတို့၏ မိဘသဖွယ်လည်းဖြစ်တော်မူသော ကျေးဇူးတော်ရှင် သံလျှင်တောရကြီး၏ နာယက ၊ မန္ထလေးတိုင်း ပျော်ဘွယ်မြို့နယ် ၊ ယင်းတော်မြို့မ ၊ မင်းကျောင်းသာသနာ့ရိပ်သာ နှင့် မင်းကျောင်းပရိယတ္တိစာသင်တိုက်ကြီး၏ နာယက ဆရာတော် ဘဒန္တနိပုန ၏ သားသမီး တပည့်များအဖြစ် ၊ ပြီးတော့ မေဂျာတူ မောင်နှမများဖြစ် အစ်ကို ၀ိမုတ္တိုသုခ နှင့် ကျမ ရင်းနှီးခင်မင်ခွင့်ရခဲ့ပါတယ်။ အရာအားလုံးအတွက် ရင့်ကျက်မှုမရှိခဲ့သေးတဲ့ ကျမ နှင်းဟေမာ ရဲ့ လိုအပ်ချက်များကိုအထိုက်အလျှောက်ဆုံးမလမ်းညွှန်မှုများပေးခဲ့သည့်အတွက်အထူးပင်ခင်မင်လေးစားအပ်သော အစ်ကို ၀ိမုတ္တိသုခ ထံမှ မွေးနေ့အမှတ်တရ စာလေးတစ်စောင်ဖြစ်လို့ စာဖတ်သူများ အားလုံးအတွက်လည်း အကျိုးရှိစေဖို့ရည်ရွယ်ပြီး 2010 အတွက် နှစ်သစ်လက်ဆောင် ပထမဆုံး ပို့စ်လေးတစ်ခုအဖြစ် ပြန်လည်ဝေမျှ ပေးလိုက်ပါတယ် ....။ မအားလပ်သည့်ကြားမှ အမှတ်တရ မွေးနေ့စာလေးတစ်စောင်ကို ရောက်အေင် ပေးပို့ခဲ့သော အစ်ကို ၀ိမုတ္တိသုခ ကိုလည်း အထူးပဲ ကျေးဇူးတင်မိပါတယ် ......။

ရောက်လာသူအားလုံး နှစ်သစ်မှာ အေးချမ်းသာယာရှိကြပါစေ.....
အားလုံးကိုခင်မင်လေးစားလျှက် ...

နှင်းဟေမာ
1 Jan 2010



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP