* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, January 2, 2010

၃-အခြေခံရင် ၄-ရမယ်

ယနေ့.... တစ်သုံးလုံးနေ့... (၀၁-၀၁-၁၀)
ဗုဒ္ဓဘာသာမှာ အသုံးပြုသော သုံးဂဏန်း...

ဗုဒ္ဓဘာသာမှာ “စရိယ သုံးပါး”
ဗုဒ္ဓလောင်းလျာနှင့် ဗုဒ္ဓမြတ်စွာတို့သည် (ဘုရားမဖြစ်ခင်ရော၊ ဘုရားဖြစ်ပြီးပါ) စရိယတရား သုံးပါးကို နှလုံးသားမှာ ကိန်းဝပ်စေလျှက် အများအကျိုးအတွက် ကျင့်ကြမြဲ ဖြစ်ပါတယ်။ စရိယတရား သုံးပါးဆိုတာ “လောကတ္ထစရိယ=လောကလူသားအကျိုးငှာကျင့်ခြင်း, ဉာတတ္ထစရိယ=ဆွေမျိုးမိတ်သင်္ဂဟအကျိုးငှာ ကျင့်ခြင်း, ဗုဒ္ဓတ္ထစရိယ= ဘုရားဖြစ်ဖို့ရန် အကျိုးငှာ ကျင့်ခြင်း။”
မိမိတို့အနေ့ဖြင့် ဤ “အတ္ထစရိယ (အကျိုးစီးပွား) သုံးပါးကို ကျင့်သုံးလို့ ရပါတယ်၊ ကျင့်သုံးလည်း ကျင့်သုံးနေကြပါတယ်။
မိမိတို့ တတ်နိုင်သလောက် လုပ်နေကြ, ကူညီနေကြတဲ့ အများကောင်းကျိုးများသည် “လောကတ္ထစရိယ”ပါ။
မိဘဆွေမျိုးများအား ပြန်လည် ထောက်ပံ့, ကူညီနေကြခြင်းစသည်သည် “ဉာတတ္ထစရိယ”ပါ။
မိမိအတွက် ကောင်းတာလုပ်၊ ကောင်းတာပြော၊ ကောင်းတာကြံနေကြခြင်းသည် “အတ္တတ္ထစရိယ” မိမိအတွက် လုပ်နေခြင်းပါ။ (“ဗုဒ္ဓအစား မိမိဆိုတဲ့ “အတ္တတ္ထ”ပါ။)
ဒါက ဗုဒ္ဓလောင်းလျာတို့ ပါရမီဖြည့်စဉ်ကတည်းက ကျင့်သုံးလာတဲ့ ဗုဒ္ဓဘာသာအခြေခံ “စရိယ သုံးပါး” ဖြစ်ပါတယ်။

နောက်တစ်ခု... ဗုဒ္ဓဘာသာရဲ့ သရဏဂုံသုံးပါး
ဗုဒ္ဓဘာသာအများစုသည် သရဏဂုံသုံးပါးကို ကိုးကွယ်အားထားရာအဖြစ် လက်ခံထားကာ ဆည်းကပ်ကိုးကွယ်ကြပါတယ်။ သရဏဂုံသုံးပါးကို ကိုးကွယ်အားထားရာအဖြစ် လက်ခံထားတယ်, ဆည်းကပ်တယ်ဆိုတာ... ယင်းသရဏဂုံသုံးပါးကို မိမိတို့၏ အပြစ်များကို ဆေးကြောပေးရန်အတွက်တော့ မဟုတ်ပါဘူး။ လမ်းညွှန်ပေးတဲ့ ဆရာ (၃)ဆူ အနေအားဖြင့် ကိုးကွယ်ဆည်းကပ် အားထားကြခြင်း ဖြစ်ပါတယ်။ မိမိတို့လုပ်တဲ့ မကောင်းမှု အပြစ်များကိုတော့ ဗုဒ္ဓဘာသာအလိုအရ မည်သူတစ်ယောက်ကမျှ ကြားဝင် တာဝန်ယူလို့ မရပါဘူး။ မိမိလုပ်တဲ့ အလုပ် မိမိတို့ကိုယ်တိုင်ပဲ ခံရမယ်၊ စံရမယ်ဆိုတဲ့ “ကမ္မ၀ါဒ”ကို ဗုဒ္ဓဘာသာက အခြေခံထားတာပါ။ ကိုယ်ဗိုက်ဝချင်ရင် ကိုယ်တိုင်စားရမယ်... ကိုယ်ဗိုက်ဝဖို့ သူများက လာစားပေးလို့ မရဘူးပေါ့၊ ဗုဒ္ဓဘာသာ “ကမ္မ၀ါဒ”က အဲဒီလိုပါ။ ဒါက ရတနာ “သုံးပါး”ကို လမ်းညွှန်ပေးတဲ့ ဆရာအနေအားဖြင့် ဆည်းကပ်ခြင်း သဘော။

နောက်တခါ... ဗုဒ္ဓဘာသာမှာ... ပိဋကတ် “သုံးပုံ”ဆိုတာ ရှိတယ်။
ဘာတွေလဲ... ကိုယ်နှင့် နှုတ်ကို ထိန်းသိမ်းဖို့ ဗုဒ္ဓမြတ်စွာ ချမှတ်ခဲ့တဲ့ “စည်းကမ်းသီလ” (Morality) အကြောင်းများကို စုစည်းထားတဲ့ “၀ိနည်းပိဋက”
စိတ်ထမ်းဖို့ နည်းစနစ်၊ လူနေမှုစနစ်စသည်များပါဝင်လျှက် “သမာဓိ” (Concentration)အကြောင်းကို ဟောကြားထားတဲ့ “သုတ္တန်ပိဋက”
မိမိတို့ ခန္ဓာကိုယ်မှာ ဖြစ်နေတဲ့ သဘာဝတရားတွေကို ခွဲခြမ်းစိတ်ဖြာကာ သိနိုင်ဖို့ ပညာ (Wisdom)အကြောင်းကို ဟောပြောထားတဲ့ “အဘိဓမ္မာပိဋက”။
ပိဋကသုံးပုံသည် ကျမ်းစာ အနေအားဖြင့်...
ဝိနည်းပိဋကတ် = ၀ိနည်း (၅)ကျမ်း
အဘိဓမ္မာပိဋကတ်= အဘိဓမ္မာ(၇)ကျမ်း
သုတ္တန်ပိဋကတ်=(၃၇)ကျမ်း။
သုတ္တန္တပိဋကတ်= ထိုမှ ကြွင်းသော ဗုဒ္ဓစကားတော်များကို သုတ္တန္တပိဋကတ်၌ ထည့်သွင်းသည်။
စုစုပေါင်း (၄၉)ကျမ်း ဖြစ်သည်။ ၄င်း (၄၉)အုပ်ကို လိုရင်း အကျဉ်းချုပ်လိုက်တော့ (သီလ၊ သမာဓိ၊ ပညာ) သုံးပါးပဲ ရှိပါတယ်။
သီလကို အခြေခံလျှက် သမာဓိသည်သို့ တက်လှမ်းရမယ်၊ ဒါမှ ပညာက ထက်မြက်မယ်။ မိမိတို့တစ်တွေ စိတ်မငြိမ်တဲ့အခါ ကိုယ်ကျက်ထားတဲ့ စာတောင် မမှတ်မိတဲ့အခါမျိုး, ပြန်စဉ်းစားမရတာမျိုးစသည် ဖြစ်ဘူးမှာပါ။
မိမိက စင်ကြယ်သင့်တဲ့ သီလမစင်ကြယ်ဘူးဆိုရင် “သမာဓိ”အခြေခံကာ တည်ဆောက်ရတဲ့ မိမိစိတ်လေးက ဂနာငြိမ်မှာ မဟုတ်ပါဘူး၊ စိတ်ဂနာမငြိမ်ရင် ပညာဟာ စူးရှမှာ မဟုတ်ပါဘူး။ ပိဋကတ်သုံးပုံရဲ့ အခြေခံ (သို့မဟုတ်) ဗုဒ္ဓတရားတော်ဟာ ဤကဲ့သို့လည်း အချိပ်အဆက်အနေအားဖြင့် အကြောင်းအကျိုး ဆက်စပ်နေတာပါ။ ဒါက ပိဋကတ်သုံးပုံရဲ့ အနှစ်သာရ သုံးပါးပါ။

မိမိဘ၀လွတ်မြောက်ဖို့အတွက် အခြေခံ စရိယတရား (၃)ပါးကို ကျင့်ရမယ်။ စရိယသုံးပါးသည် သတ္တ၀ါမှန်းသမျှ ကင်းလို့ မရပါဘူး၊ လူသားကလည်း လူသားအလျောက်၊ နတ်ကလည်း နတ်အလျောက်၊ တိရစ္ဆာန်ကလည်း တိရစ္ဆာန်အလျောက် ကျင့်ကြရပါတယ်။ လူသားနှင့် နတ်ကတော့ ကျင့်တာ ဟုတ်ပါတယ်။
တိရစ္ဆာန်တွေက ကျင့်စဉ်ရှိလို့လားလို့ စောဒက တတ်စရာ ရှိပါတယ်။ သူတို့မှာလည်း... မိခင်ကနေ သားသမီးများအပေါ် အစာကျွေးခြင်း၊ နို့တိုက်ခြင်းစသည်များဖြင့် ဉာတတ္ထစရိယကိုကျင့်ကြပါတယ်။ ဘုရားလောင်း ကျေးမင်းဆိုရင်... အပေါင်းအဖော်အများအတွက် ကျင့်ခဲ့တဲ့ လောကတ္ထစရိယလည်း ရှိခဲ့ဘူးပါတယ်။ တိရစ္ဆာန်များမှာလည်း ဒီကျင့်စဉ်ဝတ္တရားများ ရှိတယ်ဆိုတာပါ။
ဒီကျင့်စဉ်သုံးပါးကို အခြေခံ... သရဏဂုံသုံးပါးဟူသော ဆရာ သုံးဆူကို ဆည်ကပ်နည်းခံ.... သီလ, သမာဓိ, ပညာကို ကျင့်သုံးပွားများမယ်ဆိုရင် လေးနက်နဲ့ လေးပါးသစ္စာကို ဗုဒ္ဓဘာသာအလိုအရ ရရှိပါလိမ့်မယ်ဆိုတာ တင်ပြရင်း....

ဗုဒ္ဓဘာသာအခြေခံ “သုံး”၏ တရားကိုယ် အထက်ပါ အနှစ်သာရတရားများကို ကျင့်“သုံး”၊ လိုက်နာကြပြီး လေးနက်တဲ့ တရားများသိနိုင်ကြပါစေ


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP