သုမေဓာထေရီ
မယ်သုမေဓာ သဘာဘွဲ့ချီ ထေရီမြတ်လှ ရဟန္တာမ အလောင်းအလျာသည် ကောဏဂုံမြတ်စွာဘုရား လက်ထက်တော်တွင် အဆွေခင်ပွန်း မိန်းမသုံးယောက်တို့နှင့်တကွ မြတ်စွာဘုရားအား ဆည်းကပ်ပူဇော်ကြ၏။ အဆွေခင်ပွန်းများကား ဓနဉ္စာနီ ပုဏ္ဏေးမအလောင်းနှင့် ခေမာ မိဖုရားအလောင်းတို့ ဖြစ်ကြပေသည်။
၎င်းတို့သည် မြတ်စွာဘုရား ကျောင်းတိုက်တော် အာရာမ်အတွင်း၌ သံဃာတော်များ သီတင်းသုံးတော်မူရန် ကျောင်း ဆောက်လုပ်လှူဒါန်းကြ၏။ ထိုဘဝမှ စုတေကြသောအခါ ကျောင်းလှူဒါန်းရသော ကောင်းမှုကြောင့် နတ်ဘုံအသီးသီးတွင် ဆယ်ဘဝဖြစ်၍ လူဖြစ်ပြန်၏။ လူ့ဘဝမှ စုတေပြန်သော် နတ်ပြည်၌ အကြိမ်တစ်ရာ ဖြစ်ကြပြန်၏။ ထိုသို့လူဖြစ်လိုက် နတ်ဘဝတွင် အကြိမ်တစ်ထောင်ဖြစ်လိုက်၊ လူဖြစ်လိုက်၊ နတ်ပြည်၌ အကြိမ်တစ်သောင်း ဖြစ်လိုက်နှင့် ကျင်လည်ပြီး နောက်တွင် ယခုနောက်ဆုံးဘဝသို့ ရောက်ရှိလာခဲ့လေ၏။
ဓနဉ္စာနီပုဏ္ဏေးမ၊ ခေမာထေရီ၊ သုမေဓာထေရီတို့ သုံးယောက်တို့တွင် ဓနဉ္စာနီပုဏ္ဏေးမသည် ကောသလတိုင်း သာဝတ္ထိပြည် ပေဿနဒီ ကောသလမင်းကြီး၏ တိုင်းပြည်အတွင်း စဉ္စလိကပ္ပမြို့၌ ပုဏ္ဏားသူဌေး၏ သမီးဖြစ်လာသည်။ ဘဒ္ဒါကာပိလာနီနှင့် ခေမာထေရီတို့သည် သာဂလပြည်၌ မွေး၍ အရွယ်သို့ ရောက်ကြသောအခါ ဘဒ္ဒါကာပိလာနီမှာ ရာဇဂြိုဟ်ပြည် မဟာတိတ္ထိရွာ ကောသိဂေါတ္တသူဌေး၏သား ရှင်မဟာကဿပနှင့် လက်ထပ်သည်။ ခေမာထေရီမူ မဒ္ဒရာဇ်တိုင်း သာဂလပြည်၌ မဒ္ဒရာဇ်မင်းကြီး၏ သမီးတော် ဖြစ်၍ အရွယ်သို့ရောက်သောအခါ ရာဇဂြိုဟ်ပြည့်ရှင် ဗိမ္ဗိသာရမင်း၏ မိဖုရားကြီး ဖြစ်လာ၏။
သုမေဓာထေရီ အလောင်းကား မန္တာဝတီပြည် ကောဉ္စမင်းကြီး၏ သမီးတော် ဖြစ်လာခဲ့လေ၏။
(သုမေဓာထေရီ အပိုင်း-၂ အားဆက်တင်ပါမည်)



0 comments:
Post a Comment