* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, January 2, 2010

မဇ္ဈိမ စာသင်သားတို့ရဲ့ ခြေလှမ်းများ…..

မဇ္ဈိမဒေသ စာသင်သားများ
မြတ်စွာဘုရားရဲ့ တန်ဖိုးရှိလှတဲ့ အနှိုင်းမဲ့ ခြေတော်ရာများစွာ ကြွချီတော်မူခဲ့ရာ မဇ္ဈိမဒေသမှာ ကျွန်ုပ် လျှောက်လှမ်းနေခဲ့သည်မှာ နှစ်အတော်တန် ရှိခဲ့ပြီပဲ။ အမိမြန်မာပြည် သာသနာတော်အတွက် မဇ္ဈိမဒေသမှာ စာပေပညာရပ်တွေ သင်ယူနေရင်း အချိန်တွေဟာလည်း တစ်စစီကြွေ၊ တစ်ရွေ့ရွေ့ ကုန်လွန်နေကြသည်မှာ နောက်ကြောင်းပြန်ကောက် စဉ်းစားလိုက်ရင် မနေ့တစ်နေ့ကလို ပါပဲလား။
ပညာသင်ယူခြင်း ပြီးဆုံးလို့ သိပ်မကြာခင် ကာလမှာ အမိမြန်မာပြည် ပြန်ရတော့မယ် ဆိုတော့ ၀မ်းသာခြင်း၊ ၀မ်းနည်းခြင်းတွေ ရင်မှာ ထွေးပိုက်ခြင်းနဲ့အတူ ကျွန်ုပ် တက်ရောက်နေတဲ့ မဇ္ဈိမဒေသ တက္ကသိုလ်တစ်ခုရဲ့ မိန်းလမ်းမကြီးမှာ တစ်ဦးတည်း လျှောက်လှမ်းနေမိတယ်။
ဝမ်းသာတာကတော့ မြန်မာပြည် ပြန်ရောက်ရင် သာသနာပြုလုပ်ငန်းတွေ လုပ်ရတော့မယ် ဆိုတဲ့ အတွက်ပါ။ ၀မ်းနည်းတာကတော့ တစ်ချိန်က မြတ်ဗုဒ္ဓရှင်တော်ရဲ့ ခြေတော်ရာတွေ ဖူးပွင့်ဝေဆာ ပွင့်လန်း ခဲ့ဖူးတဲ့ မဇ္ဈိမဒေသကို ခွဲခွာရတော့မယ် ဆိုတာပါပဲ။

အိန္ဒိယနိုင်ငံ မဇ္ဈိမဒေသမှာ ရှိတဲ့ တက္ကသိုလ် အသီးသီးမှာ စာပေပညာရပ်တွေကို သင်ယူနေကြတဲ့ ရဟန်းသံဃာတွေဟာ ရာနဲ့ချီပြီး ရှိနေကြတယ်။ ပညာရေး ပြီးဆုံးလို့ ကိုယ့်ပြေကိုယ့်မြေကို ပြန်ကြွပြီး သာသနာပြု လုပ်ငန်းတွေ လုပ်နေကြသလို ဆက်လက်ပြီး ပညာဆည်းပူးနေကြတဲ့ စာသင်သား သံဃာတော်တွေကလည်း ရှိနေဆဲပါ။
ဗုဒ္ဓသာသနာ ကွယ်ပျောက်ခဲ့ရတဲ့ မဇ္ဈိမ ဒေသမှာ အခုလို စာသင်သား ရဟန်းတော်တွေ စည်စည်ကားကား ရှိနေတာကိုက ဗုဒ္ဓသာသနာဟာ အသက်ပြန်ဝင်နေသလား လို့တောင် ခံစားမိတယ်။
စဉ်းစားရင်းနဲ့ မိုးကောင်းကင်ကြီးကို ကြည့်လိုက်တော့လည်း နေရောင်ထဲမှာ လွမ်းရိပ်သန်းနေတဲ့ တိမ်ညိုတိမ်လိပ်တွေဟာ လူးလွန့်ကာ လွတ်လွတ်လပ်လပ် လွင့်မျောနေကြလေရဲ့။ တက္ကသိုလ် ပရ၀ုဏ် အရပ်မျက်နှာ ၀န်းကျင်က တိုးဝင်လာတဲ့ လေပြေလေရူးလေးတွေ ကျီစယ်ကလူ ပြုလိုက်တော့ ညီညာစွာ ယိမ်းနွဲ့နေကြတဲ့ ပန်းပင်ကြီးတွေအောက်မှာ လျှောက်လှမ်းနေတဲ့ ကျွန်ုပ်ရဲ့ အတွေးဒီဂရီ တွေဟာလည်း စာပန်းချီ ချယ်မှုန်းလိုက်သည့်နှယ် ပန်းပွင့်လေးတွေလို ကြိုးနဲ့ သီကုံးနေမိတော့တယ်။
သားတို့၊ သမီးတို့ ထမင်းစားတဲ့ အခါ ဇွန်းသံ၊ ပန်းကန်သံတွေ မထွက်စေရဘူး။ စကားမပြောရဘူး။ မဆော့ရဘူးလို့ ဘုန်းဘုန်း သင်ပေးထားတယ် မဟုတ်လား
ဟာ… ဆရာတော်မှာ သားသမီးတွေ များလှချည်လား ဘုရား?”
ကလေးတွေကို ထမင်းစားချိန်မှာလည်း လိမ္မာယဉ်ကျေးအောင် ထိန်းကျောင်းနေရတဲ့ ကျွန်ုပ်မှာ ဒကာတစ်ယောက် ကျောင်းပေါ် ရောက်လာမှန်းတောင် သတိ မထားမိလိုက်ဘူး။
ဟုတ်တယ် ဒကာကြီးရေ။ ဒီကလေးတွေဟာ ဟိုတစ်လောကမှ ဘုန်းကြီးဆီကို ရောက်လာတာလေ။ ယောက်ျားလေးတွေကိုတော့ ဘုန်းကြီးကျောင်းမှာ ထားပြီး မိန်းကလေးတွေကတော့ ဟိုဘက်နားက သီလရှင်ကျောင်း ဆရာကြီးနားမှာ နေကြတယ်
ဆရာတော်မှာလည်း ဒီကလေးတွေကို ထိန်းကျောင်းနေရတာ တော်တော် ပင်ပန်းမှာပဲနော် ဘုရား
ပင်ပန်းတယ်လို့တော့ မဟုတ်ပါဘူး ဒကာကြီးရာ။ သာသနာ့ ၀န်ထမ်းတွေ ဖြစ်တဲ့ ရဟန်းသံဃာတွေ ဆိုတာက လူသားတွေရဲ့ ကောင်းကျိုးတွေကို ကျတဲ့နေရာကနေ နိုင်တဲ့တာဝန်တွေကို ထမ်းဆောင်ကြရမှာပဲ မဟုတ်လား
ဆရာတော်ရဲ့ ကိုယ်ပိုင်ကလေးတွေ မဟုတ်ဘဲ သူများကလေးတွေကို ထိန်းကျောင်းနေရတာလည်းပဲ သိပ်တော့ မလွယ်ပါဘူး ဘုရား
အဲဒီ ဒကာကြီး ပြောလိုက်မှ နိုင်ငံခြားသား တစ်ယောက် ကျွန်ုပ်ကို မေးခဲ့ဖူးတဲ့ မေးခွန်းလေးတစ်ခုကို သွားသတိရမိတယ်။
ဘုန်းကြီးတွေမှာ ကိုယ်ပိုင်ဇနီးလည်း မရှိ၊ ကိုယ်ပိုင်သားသမီးလည်း မရှိဘဲနဲ့ ဘ၀ကို ဘယ်လိုမျိုး ရပ်တည်နေကြသလဲ?”
နိုင်ငံခြားသား မေးတဲ့ မေးခွန်းကလည်း မေးသင့်ပါတယ်။ သူပြောတာက သူ့ဘက်က ကြည့်ရင် ဟုတ်သလိုလို ဖြစ်နေပေမဲ့ ကျွန်ုပ်ဘက်က ကြည့်မယ် ဆိုရင်တော့ မေးခွန်းကို ယထာဘူတ ကျကျ ပြန်လည်ချေပ ရတော့မယ်။
ရဟန်းတစ်ပါးရဲ့ မိသားစုဟာ မိမိကို ထောက်ပံ့နေကြတဲ့ ဒကာ၊ ဒကာမတွေပဲလေ ကမ္ဘာလောကကြီးမှာ ရှိကြတဲ့ လူသား အားလုံးကျတော့ ဆွေးမျိုးတွေပဲပေါ့ လို့ ဖြေလိုက်မှ နိုင်ငံခြားသားလည်း သဘောပေါက်သွားတော့တယ်။
ကျွန်ုပ်က ဝေးလံခေါင်းပါးတဲ့ ရွာတွေကို ခရီးထွက်ပြီး ဒီကလေးတွေကို ခေါ်လာခဲ့ရတာ။ မြန်မာပြည်ရဲ့ ပထ၀ီ အနေအထားကို ကြည့်မယ်ဆိုရင် တောင်တန်းဒေသတွေ၊ မြေပြန့်ဒေသတွေ၊ ပင်လယ်ကမ်းရိုးတန်း ဒေသတွေ ဆိုပြီး အပိုင်းတွေ ခွဲကြည့်လို့ရပါတယ်။
အလွန်ဝေးလံခေါင်းပါးတဲ့ တောင်ပေါ်ဒေသတွေ ဆိုရင် နယ်မြေဒေသ ပထ၀ီ အခြေအနေအရ လမ်းပန်း ဆက်သွယ်ရေးက သိပ်ကောင်းတာ မဟုတ်ဘူးလေ။ ကားလမ်း မရှိသေးတဲ့ ကျေးရွာတွေကို သွားဖို့ဆိုရင် အခက်အခဲ တော်တော် ရှိတယ်။ ရွံ့တောထဲမှာ လမ်းလျှောက်ရတဲ့ အခါလည်း ရှိ။ တောတိုးပြီး တောင်ပေါ်တက်ရတဲ့ အခါလည်း ရှိ။ မိုးရွာလို့ တစ်နေကုန် မိုးစိုခံပြီး တစ်ရွာမှ တစ်ရွာကို ခြေကျင်ခရီး ကြွချီရတဲ့ အခါလည်း ရှိ။ မြစ်တွေ၊ ချောင်းတွေကို ကျော်ဖြတ်ရတဲ့ အခါလည်း ရှိတယ်။
ကျွန်ုပ် ခရီးထွက်လို့ ပင်ပန်းနွမ်းနယ်လာတဲ့ အခါ မြတ်စွာဘုရားကို အောက်မေ့ သတိရမိတယ်။ မြတ်စွာဘုရားတောင် ရဟန်းတွေနဲ့ အတူ ခြေကျင်ခရီး ကြွချီပြီး သာသာနာ ပြုခဲ့လို့ ဗုဒ္ဓသာသနာတော်ဟာ ဒီနေ့ ဒီအချိန်ထိ ကမ္ဘာမှာ ၀င့်ထည်စွာ ဆက်လက် ရပ်တည်နေနိုင်ခဲ့တာ မဟုတ်လား။
“ငါတို့ ရဟန်းတွေသာ ကာစီးပြီးမှ သာသနာပြုဖို့ စိတ်ကူးနေကြမယ် ဆိုရင် ကားလမ်း မရှိတဲ့ နယ်မြေ ဒေသတွေကို သာသနာဟာ ရောက်မှာ မဟုတ်တော့ဘူး”
အဲဒီလိုပဲ ကိုယ့်ကိုယ်ကို အားပေးရင်း ကားလမ်း မရှိတဲ့ ရွာတွေကိုလည်း ခြေကျင်ကြွ ခရီးထွက် သာသနာ ပြုရတာပဲ။ မြတ်စွာဘုရားက တပည့်ရဟန်းတွေကို သာသနာ ပြုဖို့အတွက် ခရီးထွက်ခိုင်းတယ်။ ကျွန်ုပ်လည်း မြတ်စွာဘုရားရဲ့ မိန့်မှာတဲ့ စကားတော်ကို လိုက်နာပြီး ခရီးထွက် သာသနာ ပြုနေတာလေးကို ပြန်စဉ်းစားရင်း ကိုယ့်ကိုယ်ကို ပြန်ပြီး ဂုဏ်ယူမိနေပြန်ရော။
ဟော… နယ်စပ်ဒေသနားက ရွာတစ်ရွာကိုတော့ ရောက်လာပြီ။ ရွာထဲကို ကျွန်ုပ် ရောက်တော့ ကလေးတွေဟာ ထွက်ပြေးကုန်ကြပါလေရော။
ဟောဗျာ… ဘယ်လိုဖြစ်ကြတာပါလိမ့်။ ကလေးတွေ ကြောက်လန့်ပြီး ထွက်ပြေးရလောက်အောင် ကျွန်ုပ်ကပဲ ရုပ်ဆိုးနေလို့လား။ ကိုယ့်ကိုယ်ကို ပြန်စဉ်းစားတော့ ဒီလောက်လည်း မဖြစ်တန်ရာပါဘူး။ ကိုယ့်ကိုယ်ကိုကတော့ ရုပ်မဆိုးဘူးလို့ ထင်တာပဲ ဗျို့။ နောက်မှ စဉ်းစားမိတယ်။ သြော်… သူတို့လေးတွေက ရဟန်းသံဃာကို မြင်မှ မမြင်ဖူးကြပဲကိုး။ ဒါကြောင့်မို့ အထူးအဆန်း ဖြစ်ပြီး ထွက်ပြေးကုန်ကြတာ။
အဲဒီရွာက ဖိုးခွားလေး ဆိုတဲ့ ကလေးတစ်ယေက်နဲ့ အတူ ကျွန်ုပ် ရောက်လာတာလေ။ အဲဒီ ဖိုးခွားလေးကတော့ ကျွန်ုပ်ရဲ့ ဘုန်းတော်ကြီးသင် ပညာရေး ဘကကျောင်းမှာ အလယ်တန်းအဆင့် ပညာတွေ သင်ယူနေတာ။ ကျွန်ုပ်ဟာ ဖိုးခွားလေးကို လူမမယ် အရွယ်လေးကတည်းက ပြုစုစောင့်ရှောက် လာခဲ့ရတာပါ။
ဖိုးခွားလေးရဲ့ မိခင်ကြီးကလည်း အသက်ကြီးပြီ။ ဖခင်ကြီးကတော့ ဖိုးခွားလေး နှစ်နှစ်သား အရွယ်လောက်မှာ မိသားစုအတွက် အစာရှာဖို့ တောထဲသွားရင်း မြွေကိုက်လို့ ဆုံးပါးသွားခဲ့ရတယ်။ အခုဆိုရင် ဖိုးခွားလေးဟာ ကျွန်ုပ်ရဲ့ ဘကကျောင်းကနေ သင်ပေးလိုက်တဲ့ အတတ်ပညာ၊ အသိပညာတွေနဲ့ ဘ၀ကို ရင်ဆိုင်နိုင်ဖို့ ခွန်အားတွေ အတင့်အသင့် ရရှိနေပြီ ဖြစ်တဲ့ ကလေးတစ်ယောက် ပါပဲ။
ဖိုးခွားလေးရဲ့မိခင် နေတဲ့ အိမ်ကိုတော့ ရောက်သွားပြီ။ ကျွန်ုပ်မှာ ပါလာတဲ့ စားစရာ မုန့်တွေ ရွာထဲက ကလေးတွေကို ခေါ်ကျွေးလိုက်မှ ကလေးတွေဟာ ကျွန်ုပ်နားက မခွာကြတော့ဘူး။ ပေးကမ်းခြင်း ဆိုတာ လူချစ်လူခင် ပေါများတတ်တာ သဘာဝပဲလေ။ လူတိုင်းလိုလိုဟာ ကိုယ်ကသာ သူများဆီက လိုချင်တာ။ ကိုယ်ဆီက ပေးရမှာ ဆိုရင်တော့ စိတ်ကူးဖို့ မေ့နေတတ်ကြတယ်။ ပုထုဇဉ်တွေ ဆိုတော့လည်း အခက်သား။
ကျွန်ုပ်အနားမှာ ၀ိုင်းဝိုင်းလည်နေကြတဲ့ ကလေးတွေရဲ့ မျက်ဝန်းအိမ်ထဲကို လှမ်းကြည့်လိုက်တော့ သူတို့လေးတွေဟာ ဖြူစင်သန့်ရှင်းပြီး အပြစ်ကင်းစင်နေကြတယ်။ ပြီးတော့ သူတို့လေးတွေရဲ့ ဘ၀ အာမခံချက်တွေကို မျှော်လင့်တောင်းတရင်း ကျွန်ုပ်ကို ကြည့်နေကြတယ် လို့ ထင်မြင်ယူဆမိတယ်။ အနာဂတ်အတွက် အားကိုးရာကို ရှာနေကြတယ် ဆိုရင်လည်း မမှားနိုင်ဘူးပေါ့။
အဲဒီရွာမှာ ဘုန်းကြီးကျောင်းတော့ မရှိ။ ဒါပေမဲ့ ရွာသားတွေမှာက စေတနာ သဒ္ဓါတရားတော့ ရှိကြသည်မှာ အမှန်ပင်။ ကျွန်ုပ် ရောက်လာတော့ ရွာသားတွေက သိပ်ကို ပျော်ကြတယ်။ ကျွန်ုပ်ကိုလည်း ခင်ခင်မင်မင်နဲ့ နွေးထွေးမှုတွေ ပေးနေလေရဲ့။ ကျေးလက်ဒေသရဲ့ ဧည့်ဝတ်ကျေပွန်မှု၊ ဖော်ရွေပွင့်လင်းမှု၊ ရိုးသားဖြူစင်မှုတွေဟာ စစ်မှန်တဲ့ သဒ္ဓါတရား ရှိသူတွေရဲ့ ပြယုဂ် တချို့ပဲ မဟုတ်လား။
ကျွန်ုပ် အဲဒီရွာကို ရောက်လာရတဲ့ ရည်ရွယ်ချက်တွေက မိဘနှစ်ပါးစလုံး မရှိကြတော့တဲ့ ကလေးတွေ၊ မိဘ မစုံလင်တော့တဲ့ ကလေးတွေ၊ မိဘတွေက ဆင်းရဲကြလို့ ပညာမသင်နိုင်ကြတဲ့ ကလေးတွေကို ပညာဒါန အလှူပေးချင်လို့ ပါ။ နောက်တစ်နည်း ပြောရရင်တော့ ကလေးတွေရဲ့ နောင်အနာဂတ် ကာလအတွက် ဘ၀အာမခံချက်တွေကို ပေးချင်တဲ့ ဆန္ဒကတော့ အရင်းခံပါပဲ။ ဒီထက်ပိုပြီး ပြည့်စုံအောင် ဖြည့်စွက်ပြောမယ် ဆိုရင်တော့ ကလေးတွေရဲ့ သံသရာ အာမခံချက်တွေကိုပါ ပေးဖို့ ဆိုရင် ပိုပြီး မှန်နေပါလိမ့်မယ်။
Helping hands are better than praying lips.
ကူညီတဲ့ လက်တွေဟာ ဆုတောင်းနေတဲ့ ပါးစပ်တွေထက် ပိုကောင်းတယ် တဲ့။
ဒီစာတန်းလေးဟာ ကျွန်ုပ်အတွက်ပင် ဖြစ်များဖြစ်နေမလား လို့တောင် တွေးမိတယ်။ အခု ရောက်နေတဲ့ ဖိုးခွားလေးရဲ့ ရွာမှာက ဗုဒ္ဓဘာသာဝင်တွေ နည်းတယ်။ ဘာသာခြားတွေက ပိုများနေတယ်။ ဗုဒ္ဓဘာသာတွေကလည်း ရဟန်းသံဃာနဲ့ ဝေးနေတော့ အမည်ခံ ဗုဒ္ဓဘာသာ အဆင့်လောက်ပဲ ရှိနေကြတယ်။ ဗုဒ္ဓ ဆုံးမခဲ့တဲ့ အဆုံးအမ သြ၀ါဒတွေကို မယ်မယ်ရရ ဂဃနဏ သိကြတာမဟုတ်သေးဘူး။
မြတ်ဗုဒ္ဓရဲ့ ဆုံးမသြ၀ါဒ အနှစ်သာရကို ပိုင်ပိုင်နိုင်နိုင် မသိကြသေးဘူး ဆိုရင် ဗုဒ္ဓဘာသာဝင်တွေဟာ ဘာသာခြားတွေရဲ့ ခေါ်ဆောင်ရာ နောက်ကို လိုက်သွားကြတော့မှာ။ ဗုဒ္ဓဘာသာရဲ့ အနှစ်သာရကို သိရှိစေဖို့ ကြိုးစားပြီး သာသာနာ ပြုရမှာက ကျွန်ုပ်တို့ရဲ့ တာဝန်တစ်ရပ် ပေပဲမဟုတ်လား။
မိဘမဲ့ ကလေးတွေ၊ မိဘ မစုံလင်တဲ့ ကလေးတွေ၊ မိဘတွေက ဆင်းရဲနွမ်းပါးလို့ ကျောင်းမနေနိုင်တဲ့ ကလေးတွေကို ကျွန်ုပ်ကတော့ စာရင်းပြုနေပြီ။ တချို့ ကလေးတွေကို တောင်ယာတဲလေးတွေမှာ လိုက်ခေါ်ရတာ ရှိသေးတယ်။ တစ်အိမ်နဲ့ တစ်အိမ် အလှမ်းကွာဝေးလွန်းလှတော့ အော်မကြား ခေါ်မကြား နေရာကို ရောက်နေပါလား။ တစ်တောင်ပေါ် တစ်တောင်တက်ပြီး တစ်အိမ်တက် တစ်အိမ်ဆင်းနဲ့ သွားရ လာရတာ တော်တော် မလွယ်တဲ့ ကိစ္စပါပဲ။ သာသနာပြု ခြေလှမ်းတွေကို လှမ်းနေရတဲ့ ကျွန်ုပ်ရဲ့ ခြေထောက်တွေဟာ ညောင်းလှတယ်လို့ကို မငြီးနိုင်ပေါင်။
ကလေးတွေလည်း စုံသလောက် ဖြစ်သွားပြီ။ ဒါနဲ့ ကလေးတစ်ယောက်ကို ကျွန်ုပ် မေးကြည့်တယ်။
သား ကြီးလာရင် ဘာလုပ်မှာလဲ? ဘုန်းဘုန်းကို ပြောပါဦး
သားကြီးလာရင် ဆရာဝန်ကြီး လုပ်မှာ ဘုန်းဘုန်းရ။ ပြီးရင် သားတို့ရွာကို ပြန်လာပြီး အမေ့ကို ဆေးကုပေးမှာပေါ့
သြော်… တယ်လည်း ချီးကျူးဖို့ ကောင်းတဲ့ ကလေးပါလား။ ကလေးက ဆရာဝန် ဖြစ်ချင်နေတာလည်း မပြောနဲ့ဦးလေ။ သူ့ရဲ့ အမေက ကျန်းမာရေး ချူချာပြီး နာတာရှည် ရောဂါမျိုး ဖြစ်နေတော့ မကြည့်ရက်လို့ ဖြစ်မှာပါ။ လိမ္မာလိုက်တဲ့ ကလေးပဲ။ ကျွန်ုပ်တောင် အဲဒီ ကလေးကို ကြည့်ပြီး စိတ်မကောင်း ဖြစ်ရတယ်။
အေး… ကြိုးစားပေါ့ သားရယ်။ ဘုန်းဘုန်းက ငါ့သား ဆရာဝန်ကြီးဖြစ်အောင် ကျောင်းထားပေးမယ်နော်
ကလေးက ခေါင်းလေး တညိမ့်ညိမ့်နဲ့ ၀မ်းသာနေရှာတယ်။
ကဲ… ဟောဒီက သမီးလေးကရော ကြီးလာရင် ဘာလုပ်မှာလဲကွဲ့
သမီးကတော့ ကျောင်းဆရာမ လုပ်မှာ ဘုန်းဘုန်း
ခေါင်းလေး ဘယ်ညာယိမ်းပြီး လက်ကလေးထောင်ရင်း ကျွန်ုပ်ကို သူ့ရဲ့ ရည်ရွယ်ချက်လေး ပြောပြနေတာ။
ဟုတ်တာပေါ့ သမီးရ။ ဆရာမ ဖြစ်အောင် ကြိုးစားနော်။ သမီးက ဆရာမ ဖြစ်ရင် သမီးရဲ့ ရွာကို ပြန်လာပြီး စာတွေ ပြန်သင်ပေးပေါ့။ ဟုတ်လား။ ဘုန်းဘုန်းကလည်း ငါ့သမီး ဆရာမ ဖြစ်အောင် စာတွေ သင်ပေးမယ်နော်”
ဟုတ်ကဲ့ ဘုန်းဘုန်း
ကလေးတွေဟာ ရည်ရွယ်ချက်လေးတွေနဲ့ ပျော်ရွှင်နေကြတာကို ကြည့်ပြီး ရင်ထဲမှာ ကြည်နူးနေမိတာက ကျွန်ုပ်ပါ။ ကလေးတွေရဲ့ မိဘတွေရင်ထဲမှာ သူတို့ရဲ့ ကိုယ်ပိုင်ကလေးတွေ အတွက် ဘယ်လို ကြည်နူးနေကြသလဲ ဆိုတာကိုတော့ ကျွန်ုပ်မတွေးတတ်။ ကလေးတွေရဲ့ ရည်ရွယ်ချက်လေးတွေဟာ ကျွန်ုပ်အတွက်တော့ အားရှိစရာတွေချည်းပါလား။ သူတို့လေးတွေမှာ မျှော်လင့်ချက် လင်းရောင်ခြည်တွေ သန်းနေကြပြီ။
နွံအထဲမှာ နစ်မြုပ်နေတဲ့ ပတ္တမြားဟာ အဖိုးမဖြတ်နိုင်လောက်အောင် တန်ဖိုးကြီးမားနေပေမဲ့ တူးဖော်ပြီး အရောင်တင် သွေးပေးမယ့်သူ မရှိဘူး ဆိုရင် ဒီပတ္တမြားဟာ တန်ဖိုးမဲ့သလို ဖြစ်နေမယ်။
တောတောင်ထဲက ရွာတွေမှာ နေထိုင်နေရပြီး ဘ၀ကို အောင်မြင်အောင် ကြိုးစားချင်စိတ် ထက်သန်တဲ့ ကလေးတွေကို အားပေးမယ့်သူတွေ၊ ကူညီပေးမယ့်သူတွေ၊ မြေတောင်မြှောက်ပေးမယ့် သူတွေ မရှိရင်တော့ သူတို့လေးတွေရဲ့ အနာဂတ် ရည်ရွယ်ချက် ဘ၀ပန်းတိုင်ဟာ မှုန်ဝါးဝါးနဲ့ လမ်းပျောက်နေတော့မှာပဲ။ အဲဒီ ကလေးတွေရဲ့ မျှော်လင့်ချက် ပန်းတိုင်တွေကို ရောက်အောင် လမ်းကြောင်းမှန်ကို ပို့ဆောင်ပေးရမှာက ကျွန်ုပ်တို့မှာ တာဝန် အပြည့်အ၀ ရှိနေတယ်လေ။
လူ့စွမ်းအား အရင်းအမြစ်တွေကို တန်ဖိုး ရှိလာအောင် ထုတ်ဖော်ရမယ်။ မြှင့်တင်ရမယ်။ လူ့စွမ်းအား အရင်းအမြစ်တွေကို ကောင်းမွန်အောင် အသုံးချနိုင်ရင် နိုင်ငံတော်အတွက်ရော သာသနာအတွင်ပါ အဖိုးတန်လာမယ့် သားကောင်း ရတနာတွေ ပေါ်ထွန်းလာကြမှာ မဟုတ်လား။
အဲဒီ အချိန်မှာ ရွာက ဒကာကြီးတစ်ယောက်က
ဆရာတော်... ကလေးတွေ အများကြီးကို ဘယ်လိုလုပ်ပြီး စားဝတ်နေရေး ဖြေရှင်းပေးနေသလဲ ဘုရား
ဒကာကြီးကတော့ သူ့ရွာက ကလေးတွေအတွက် စိုးရိမ်နေဟန် တူပါတယ်။
ဒကာကြီးရေ… ဘုန်းကြီးကလည်း ချမ်းသာလို့တော့ မဟုတ်ပါဘူး။ ဘုန်းကြီးဆိုတာက ကိုယ်ပိုင်စီးပွားရေး ရှိတာမှ မဟုတ်ဘဲ။ ဒကာ၊ ဒကာမတွေက လှူဒါန်းမှ သာသနာပြုဖို့ ၀တ္ထုငွေ ရတာပါ။ ဘုန်းကြီးတို့ရဲ့ အရင်းအနှီးကတော့ သီလ၊ သမာဓိ၊ ပညာ ဆိုတဲ့ သိက္ခာ သုံးပါးပါပဲ။ အဲဒီ အရင်းအနှီးလေးတွေနဲ့ သာသနာ ပြုနေရတာပါပဲ
ဒါဆိုရင် ဆရာတော်က တော်တော်လေးကို အနစ်နာခံ အပင်ပန်းခံပြီး အလုပ်တွေကို လုပ်နေရတာပေါ့နော်”
ဒီလိုပဲ လုပ်ရတာပေါ့ ဒကာကြီးရာ။ ရဟန်းသံဃာ ဆိုတာက အနစ်နာခံ၊ အပင်ပန်းခံပြီး ပေးဆပ်ခြင်းမှာသာလျှင် ပျော်မွေ့နေကြရတာ မဟုတ်လား။ ရဟန်းသံဃာတွေရဲ့ ဘ၀တစ်ခုလုံးကို သာသနာအတွက် လှူဒါန်းထားရတာ။ ရယူခြင်း ဆိုတာထက် ပေးဆပ်ခြင်းတွေနဲ့ပဲ နေထိုင်နေကြရတဲ့ ဘ၀ဟာ သိပ်ကို မွန်မြတ်လှပါတယ်
ပေးဆပ်ခြင်းနဲ့ လျှောက်လှမ်းနေကြရတဲ့ ခြေလှမ်းတွေ ဟာ အဓိပ္ပာယ် အပြည့်အ၀ ရှိနေတယ်ဆိုတာ ကျွန်ုပ် ယုံကြည်တယ်။ ဘ၀မှာ ရလာတဲ့ ခန္ဓာကိုယ်ကို ကာမဂုဏ်တွေမှာသာ အသုံးချနေမယ် ဆိုရင် ဘ၀ရဲ့ အဓိပ္ပာယ် ဘယ်ရှိနိုင်တော့မလဲ။ ဘ၀ရဲ့ အနှစ်သာရ ဘယ်မှာ ရှာဖွေလို့ ရနိုင်ဦးမှာလဲ။ ဒီခန္ဓာကို သာသနာအတွက်၊ အများအကျိုးအတွက် အသုံးချပြီး ပေးဆပ်နေရတာကိုက ကျွန်ုပ် ကျေနပ်နေတာ။
ဆရာတော်… ဆွမ်း အဆင်သင့် ဖြစ်ပါပြီ။ ဆွမ်း ဘုဉ်းပေးပါဦး ဘုရား
ဒကာမ တစ်ဦးက ဆွမ်း ဘုဉ်းပေးဖို့ ကျွန်ုပ်ကို လာပင့်လျှောက်နေပြီ။
ဆွမ်းဟင်းကတော့ သိပ်အကောင်းကြီးတော့ မဟုတ်ပါဘူး ဘုရား။ ဆရာတော် ဒီရွာကို ကြွလာတာနဲ့ ချက်ချင်းပဲ တောထဲသွားပြီး ဟင်းသီးဟင်းရွက်လေးတွေ လိုက်ရှာပြီး ချက်လိုက်တာ ဘုရား။ ဘုဉ်းပေးလို့ရော ကောင်းပါ့မလား မသိဘူး ဘုရား
ခင်ရာ ဆွေမျိုး၊ မြိန်ရာ ဟင်းကောင်း ဆိုတာ ဒကာမကြီး ကြားဖူးမှာပါ။ ဒကာ၊ ဒကာမတွေရဲ့ စေတနာတွေနဲ့ ချက်ပြုပ်ထားတဲ့ ဆွမ်းဟင်း၊ ဆွမ်းထမင်းတွေဟာ ဘုန်းကြီးတို့ အတွက်တော့ သိပ်ကို အရသာရှိပါတယ် ကွဲ့
သာသနာ ပြုနေတဲ့ ရဟန်းတွေဟာ ဒီလိုပဲ အဆင်ပြေသလို ဆွမ်းဘုဉ်းပေးပြီး အဟာရမျှတအောင် သုံးဆောင်ရတာပါပဲ။ အဲဒီလိုမျိုး ရှိတာလေးနဲ့ တင်းတိမ်ပြီး နေရတာလေးကိုက လောဘ ကိလေသာ ကင်းပြီး ကုသိုလ် ဖြစ်နေတာပေါ့။
ကျွန်ုပ်မှာ လောဘ လုံးဝ မရှိတော့ဘူး လို့တော့ မဆိုလိုပါဘူး။ တစ်ခါတလေလည်း လောဘ တက်မိသေးတယ်။ အဲဒီ လောဘက ကျွန်ုပ်အတွက်တော့ မဟုတ်ပါဘူး။ ကျွန်ုပ် ရဲ့ ဘုန်းတော်ကြီးသင် ပညာရေး ဘကကျောင်းမှာ ထိန်းသိမ်း စောင့်ရှောက်ထားရတဲ့ ကလေးတွေအတွက်ပါ။ ကလေးတွေရဲ့ စားဝတ်နေရေး တွေကို ကျွန်ုပ်ကပဲ ဖြေရှင်းပေးနေရတာ မဟုတ်လား။
တတ်နိုင်ရာကို လှူဒါန်းကြတဲ့ ဒကာ၊ ဒကာမတွေကိုလည်း ကျေးဇူးတင်လို့ မဆုံးနိုင်ဘူး။ ဟုတ်တယ်လေ။ ရဟန်း ဆိုတာ ဒကာ၊ ဒကာမတွေရဲ့ ပစ္စည်းလေးပါး အထောက်အပံ့နဲ့ပဲ သီတင်းသုံး နေထိုင်ကြရတာ။ သာသနာကို တည်ဆောက်တယ် ဆိုတာ သံဃာတွေနဲ့ ချည်း တည်ဆောက်လို့ မှ မရတာ။ လှူဒါန်းတဲ့ ဒကာ၊ ဒကာမတွေလည်း ရှိနေဦးမှ သာသနာလည်း ရှိနေတော့မှာပေါ့။ နှစ်ဦးနှစ်ဖက် ဟန်ချက်ညီနေမှ သာသနာလည်း ရေရှည် တည်တံ့နေမှာ။
ဒီရွာလေးမှာ သုံးညကျိန်းစက်ခဲ့ပြီ။ သုံးရက်လုံး နီးပါး ခြေကျင်ခရီးနဲ့ပဲ လမ်းလျှောက်ကြွနေရတာ ဆိုတော့ တစ်ကိုယ်လုံးလည်း ကိုက်ခဲ နာကျဉ်နေတယ်။ ဒါကြောင့်လား မသိ၊ ညတိုင်း ကျိန်းစက်လို့ ကောင်းလိုက်ပါဘိ။
အရုဏ်ဆွမ်းအတွက် နံနက်အစောကြီး ထပြီးး တည်ချက်နေကြတဲ့ ရွာသားတချို့ကို ကြည့်ပြီး သူတို့ကို လေးစားနေမိတယ်။ ကျွန်ုပ် အတွက်တင် မကဘူး။ ကလေးတွေအတွက်ပါ တည်ချက်နေကြတာကိုး။ အရုဏ်ဆွမ်း ဘုဉ်းပေးပြီးတာနဲ့ ကျောင်းနေမယ့် ကလေးတွေကို ခေါ်ပြီး ခရီးပြန်ကြွရတော့မယ်။
ရွာကနေ ကားသွားနေတဲ့ မြေနီကြမ်းလမ်းကို ရောက်ဖို့ ၄ နာရီလောက် လမ်းလျှောက်ရဦးမယ်။ ကားလမ်းကို ရောက်မှ ကားစီးရမှာ။ အရုဏ်ဆွမ်း ဘုဉ်းပေးပြီးတာနဲ့ ရွာသားတွေလည်း တောထဲမှာ သူတို့ စိုက်ပျိုးထားကြတဲ့ ဥယျာဉ်ထဲက ဟင်းသီးဟင်းရွက်တွေကို ခူးလာပြီး ကျွန်ုပ်ကို လှူကြတယ်။ တတ်နိုင်တဲ့ဘက်ကနေ လှူဒါန်းကြတဲ့ ရွာသားတွေကို သာဓု အကြိမ်ကြိမ် ခေါ်နေမိတယ်။
ဖိုးခွားလေး အပါအ၀င် ကလေးတွေနဲ့အတူ ကျွန်ုပ်က တောလမ်းလေးအတိုင်း ရွာသားတစ်ချို့ရဲ့ လမ်းပြ အကူအညီနဲ့ ရွာက ထွက်လာခဲ့ပြီ။ ရွာသားတွေက သွားနေကျ ဆိုတော့ ဆူးတောထဲလည်း လွယ်လွယ်ကူကူပင်။ ကျွန်ုပ်ရဲ့ ခြေထောက်မှာတော့ ဆူးစူးတဲ့ အပြင် ခြေသလုံးမှာလည်း ဆူးခြစ် ဒါဏ်ရာတွေနဲ့ သွေးခြည်ဥများတောင် ဖြစ်လာလေပြီ။ တချို့နေရာမှာတော့ သွေးထွက်တဲ့အထိကို ဖြစ်သွားတာ။
သာသနာအတွက် လျှောက်လှမ်းနေရတဲ့ ခြေလှမ်းတွေမှာ ဒါဏ်ရာ အနာတရ ဖြစ်နေပေမဲ့ လှမ်းနေတဲ့ ခြေလှမ်းတိုင်းဟာ အဖိုးတန်တွေချည်း ဆိုတာကို သိနေတော့ နာကျဉ်တဲ့ ဝေဒနာကိုလည်း မမှုအားပါဘူး။ မှိုင်းညို့ညို့ အုပ်ဆိုင်းနေတဲ့ သစ်တော သစ်ပင်တွေ၊ လျှိုမြောင် တောင်ကြားတွေ အောက်မှာ နေခြည်ပြောက်လေးတွေက ကျွန်ုပ်နဲ့ ကလေးတွေကို ကြိုကြားကြိုကြားနဲ့ အနွေးဓာတ်ကို ပေးနေကြတယ်။
ရတနာလို တန်ဖိုးရှိလာမယ့် သားသမီးတွေ ဖြစ်အောင် ပြုစုပျိုးထောင် ပေးရဦးမှာပါလား။ နောင်တစ်ချိန်မှာ ဒီကလေးတွေဟာ တိုင်းပြည်ရဲ့ တာဝန်၊ သာသနာရဲ့ တာဝန်တွေကို လက်ဆင့်ကမ်း သယ်ဆောင်ပြီး နေရာဒေသ အသီသီးမှာ တာဝန်ကိုယ်စီနဲ့ လုပ်ငန်းခွင် ၀င်နေကြမှာကို မြင်နေမိပြီး ကျွန်ုပ်တော့ဖြင့် ကြည်နူးလွန်းလို့ အိုဗျာ ဘယ်လို ပြောရမှန်းတာင် မသိတော့ပါဘူး။
ကလေးတွေကို ကြည့်ပြီး တွေးရင်းတွေးရင်း ပီတိလှိုင်း အဟုန်တွေဟာ ရင်ထဲမှာ ညှင်သာစွာ ရိုက်ခတ်နေလိုက်တာက လျှောက်လှမ်းနေတဲ့ ကျွန်ုပ် ခြေလှမ်းတွေကိုတောင် ပေါ့ပါး နေပါပြီကော။ သာသနာအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ ခြေလှမ်းတွေပါလား။
သစ်ပင်ထက်က သစ်ရွက်ခြောက်၊ ပန်းပွင့်ခြောက်လေး တွေနဲ့အတူ သစ်ကိုင်းခြောက်တို့ ကြွေကျတဲ့ အသံဟာ ကျွန်ုပ်ရဲ့ အတွေးအာရုံတွေကို လှန့်နှိုးလိုက်ပြီ။ ညနေစောင်း လေအေးတွေလည်း ကျွန်ုပ်ရဲ့ ခန္ဓာကိုယ်ကို ညှင်သာစွာ ထွေးပွေ့နေတာကို သိလိုက်ရပြီ။ အစောနက အတွေးတွေတောင် မိုးကောင်းကင်ထဲ ရေခိုးရေငွေ့လေးတွေ ပျံတက်သွားသလို လွင့်ပျောက်ကုန်ပါရောလား။ မဇ္ဈိမဒေသမှာ ရှိတဲ့ တက္ကသိုလ် မိန်းလမ်းမကြီးမှာ လမ်းလျှောက်ရင်း အတိတ်ပုံရိပ်တွေကို သီဖွဲ့နေလိုက်တာ ဘယ်လောက် ကြာသွားမှန်းတောင် မသိတော့ပါဘူး။
အင်း… ညနေခင်း ဆည်းဆာ နေမင်းကြီးတောင် ကျွန်ုပ် သီတင်းသုံး နေထိုင်ရာ တက္ကသိုလ်က အဆောင်ဆီ ပြန်ဖို့ သတိပေး နှုတ်ဆက်နေသည့်အလား အနောက်ဘက် ကမ္ဘာမြေကြီး အထက်မှာ နီညိုရောင် သန်းနေချေပြီ။
ဟိုးအရင် အတိတ်အချိန်က သာသနာပြု လျှောက်လှမ်းခဲ့တဲ့ ကျွန်ုပ်ရဲ့ ခြေလှမ်းတွေဟာ အလွန်တန်ဖိုး ရှိလှပါလား လို့ တစ်ကိုယ်တည်း တွေးရင်း ပီတိ ဖြစ်နေမိတယ်။ မြတ်စွာဘုရား ဒေသစာရီ ကြွချီတော်မူခဲ့တဲ့ မဇ္ဈိမ ဒေသ မြေမြတ်မဟာ အပေါ်မှာရှိတဲ့ တက္ကသိုလ် ပရ၀ုဏ် မှာလည်း ပညာတွေ သင်ယူရင်း ခြေလှမ်းတွေ လှမ်းနေခဲ့ပြီးပြီ။ အမိမြန်မာပြည်မှာလည်း နောက်ထပ် သာသနာ ပြုဖို့အတွက် ခြေလှမ်းတွေကို လှမ်းရပေဦးတော့မည်။
အမိမြေနဲ့ သာသနာကို ကျေးဇူးဆပ်ဖို့ မြန်မာပြည်အနှံ့ အဓိပ္ပာယ်ရှိတဲ့ ခြေလှမ်းတွေ၊ အဖိုးတန်လှတဲ့ ခြေလှမ်းတွေ လှမ်းရဦးမှာပါလား ဆိုတာကို တွေးနေရင်း…
ကျွန်ုပ်အပါအ၀င် မဇ္ဈိမဒေသ စာသင်သားတို့ရဲ့ လျှောက်လှမ်းနေကြတဲ့ ခြေလှမ်းတွေဟာ တန်ဖိုးမဖြတ်နိုင်တော့ပါလား…..


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP