* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, January 2, 2010

ဂေါတမ ဗုဒ္ဓ မြတ်စွာဘုရား (အပိုင်း-၂)

ရေးသားသူ ထူးပ သောကြာနေ့၊ ဇန်နဝါရီလ ၁၊ ၂၀၁၀
ဂေါတမ ဗုဒ္ဓ မြတ်စွာဘုရား (အပိုင်း-၂)

ပါရမီ ၁၀ ပါး

ဗျာဒိတ်တော် ရပြီးလျှင် ဘုရားအဖြစ်သို့ ရောက်ရန် ဆယ်တန်သော ပါရမီတို့ကို သုမေဓာ ရသေ့ဘဝမှ စ၍ ဖြည့်ကျင့်လေတော့၏။ ထို ပါရမီများမှာ......

၁) ဒါန ပါရမီ = စွန့်ကြဲပေးကမ်းလှူဒါန်းခြင်း၊
၂) သီလ ပါရမီ = သီလ စောင့်ထိန်းခြင်း၊
၃) နေက္ခမ္မ ပါရမီ = လောကစည်းစိမ်စွန့်လျက် တောထွက်ခြင်း၊
၎) ပညာ ပါရမီ = အသိအလိမ္မာ ဉာဏ်ပညာနှင့် ပြည့်စုံခြင်း၊
၅) ဝီရိယ ပါရမီ = ကြီးမားသော ဝီရိယရှိခြင်း၊
၆) ခန္တီ ပါရမီ = အရာရာ၌ သည်းခံခြင်း၊
၇) သစ္စာ ပါရမီ = မှန်ကန်သောစကားကို ဆိုခြင်း၊
၈) အဓိဋ္ဌာန် ပါရမီ = မဖြစ်မနေ စွဲမြဲသည့် ဇွဲစိတ်ရှိခြင်း၊
၉) မေတ္တာ ပါရမီ = သတ္တဝါများအား မေတ္တာစိတ်ထားခြင်း၊
၁၀) ဥပေက္ခာ ပါရမီ = ဆင်းရဲချမ်းသာကို သင့်တင့်အောင်ရှုခြင်း၊

ဤပါရမီ ၁၀ပါးကို ကိုယ်လက်အင်္ဂါ စွန့်ရသည်အထိ ဖြည့်ကျင့်သောအခါ ဥပပါရမီ ဆယ်ပါး ဟုခေါ်သည်။ အသက်ကို စွန့်ရသည်အထိ ဖြည့်ကျင့်သောအခါ ပရမတ္ထပါရမီဆယ်ပါး ဟု ခေါ်သည်။ ထို့ကြောင့် ပါရမီဆယ်ပါး၊ ဥပ ပါရမီဆယ်ပါး၊ ပရမတ္ထ ပါရမီဆယ်ပါး၊ အပြားအားဖြင့် သုံးဆယ်ရှိ၏။ ပါရမီဆယ်ပါး အပြားသုံးဆယ်ဟု အများသိကြ၏။

ထိုအချိန်မှစ၍ ဗောဓိသမ္ဘာရအပေါင်းကို ဖြည့်ဆည်းကြတော်မူခဲ့ရာ ယခုဘဒ္ဒကမ္ဘာထက်တွင် မဟာသမ္မတမင်း၊ သုဒဿနဝရမန္ဓာတ်မင်း၊ မာဃဒေဝမင်း၊ နေမိမင်း၊ တေမိမင်း၊ သိဝိရာဇ်မင်း၊ စန္ဒကုမာရ၊ မဟာဂေါဝိန္ဒ။ အကိဗြာဟ္မဏ၊ သင်္ခဗြဟ္မဏ၊ ဓနဉ္စယ၊ သသရာဇာ ဟတ္တိနာဂ၊ ဘူရိဒတ္ထ၊ စမ္ပေယျ၊ စူဠဗောဓိ၊ မဟိံလ၊ ရုရုမိဂ၊ မာတင်္ဂ၊ ဂမ္မာစမ္မ၊ ဇယဒိသ၊ သင်္ခပါသ၊ ယုဝဉ္စယ၊ သောမနဿ အယောဃရ၊ သောဏဒန္တ၊ ကပိရာဇ၊ သန္ဓယုတ၊ ဝဋ္ဋပေါတက၊ မစ္ဆဇ၊ ကဏှာဒီပါယန၊ မဟာသုဘသောမ၊ သုဝဏ္ဏသာမ၊ ဧကရာဇာ၊ မဟာလောမဟံသ တစ်ကြိမ်စီအားဖြင့် သုံးဆယ့်ငါးကြိမ် ဖြစ်တော်မူပြီးသော် ရင့်မာသဖြင့် ဘုရားမဖြစ်မီ နောက်ဆုံးလူ့ဘဝဖြစ်သော ဝေဿန္တရာမင်း၏ အဖြစ်သို့ ရောက်တော်မူလေသည်။

ဝေဿန္တရာမင်းအဖြစ်မှ စုတေလေသော် တုသီတာနတ်ပြည်၌ သေတကေတု အမည်ရှိသော နတ်မင်းဖြစ်၍ နတ်တို့၏ အရေအတွက်အားဖြင့် အနှစ်လေးထောင်၊ လူတို့၏အရေအတွက်အားဖြင့် သက်တမ်းနှစ် ငါးဆယ့်ခုနှစ်ကုဋေ၊ ခြောက်သန်းစေ့အောင် စည်းစိမ်ခံစား၍နေလေသည်။

ဤသို့နတ်စည်းစိမ်ခံစားနေစဉ် စုတေချိန်နီး၍ နိမိတ် (၅)ပါး ထင်လတ်၍ လူ့ပြည်တွင် အနှစ်တစ်ထောင်ခန့်ကပင် ဘုရားပွင့်တော်မူမည်ဟု အုတ်အော်သောင်းတင်း ဗုဒ္ဓကောလာဟလ ဖြစ်လျက်ရှိနေလေရာ စကြာဝဠာတစ်သောင်းအတွင်းရှိ သိကြား နတ် ဗြဟ္မာအပေါင်းတို့က လေ့လာရှုမျှော်ကြလေသော် အလောင်းတော် သေတကေတုနတ်သားကို တွေ့မြင်ကြသည်။ ထို့ကြောင့် အလောင်းတော်နတ်သားထံချဉ်းကပ်၍ လူ့ပြည်သို့ဆင်းသက်ကာ ဘုရားဖြစ်ရန် အချိန်တန်ပြီဖြစ်ကြောင်း တောင်းပန်တိုက်တွန်း ပြောဆိုကြလေသည်။

အလောင်းတော် သေတကေတ နတ်သားကလည်း လောကကို ကြည့်ခြင်း ၅ ပါး ဖြစ်သော.......

၁) ကာလ - ဘုရားဖြစ်ထိုက်သောကာလ ဟုတ်မဟုတ်
လူတို့၏သက်တမ်း တစ်သိန်းမှ တစ်ရာသက်တမ်းရှိသောကာလ

၂) ဒီပ - ဘုရားဖြစ်ရာ နေရာကျွန်း
စကြဝဠာအတွင်း မြင်းမိုရ်တောင်၏ လက်ယာ၌ရှိသော ဇမ္ဗူဒိပ်ကျွန်း

၃) ဌာန - ဘုရားဖြစ်ရာနေရာ အရပ်ဒေသ
ဇမ္ဗူဒိပ်ကျွန်း အလယ်တွင်ရှိသော မဇ္ဈိမဒေသ

၎) ကုလ - ဘုရားဖြစ်ရမည့် အမျိုးအနွယ်
အမျိုးလေးပါးရှိရာတွင် သာကီဝင်မင်းမျိုးနှင့် ပုဏ္ဏားမျိုးသာ

၅) အာယုပရိစ္ဆေဒ - မယ်တော်၏ အာယုပရိစ္ဆေဒ အသက်အပိုင်းအခြား
မယ်တော်သည် အယုတ်တရားတို့မှ ကင်းလျက် ဖွားမြင်ပြီး၇-ရက်မြောက်တွင် ကံကုန်မည့် အသက်အပိုင်းခြား
စသည့် ကြည့်ခြင်း ငါးပါးကို ကြည့်ရှုဆင်ခြင်လေသည်။

လူတို့၏ သက်တမ်းသည် အသင်္ချေယျမှ ဆယ်နှစ်တိုင်အောင် တဖြည်းဖြည်း ယုတ်လျော့သွား၏။ ထိုဆယ်နှစ်မှတစ်ဖန် အသင်္ချေယျတိုင်အောင် တဖြည်းဖြည်းတက်လာ၏။ ထို ဆုတ်ကပ် တက်ကပ် တစ်ခုကို အန္တရကပ် ဟုခေါ်သည်။ အသင်္ချေယျမှ တစ်သိန်းကြား ကာလအတွင်းဖြစ်သော လူတို့၏သက်တမ်းသည် အလွန်ရှည်ကြာလွန်းသဖြင့် ထိုခေတ်တွင် လူတို့၏ ဇာတိ၊ ဇရာ၊ မရဏတည်း သုံးပါးနှင့်စပ်သော တရားစကားကို ဟောကြားသော်လည်း မယုံကြည်ကြ၊ ထိုကာလမျိုးသည်ကား မြတ်စွာဘုရားတို့ပွင့်သည့် ကာလမျိုးမဟုတ်ချေ။

လူတို့၏ အနှစ်တစ်ရာကာလ၏ အောက်တွင်လည်း သတ္တဝါတို့ ကိလေသာပြန့်ပြော၍ လောဘ၊ ဒေါသ၊ မောဟတရား အားကြီးသဖြင့် ဟောကြားဆုံးမသော တရားတို့ကို မလိုက်နာ၊ မကျင့်ကြံလိုကြချေ။ ထိုကာလအတွင်းလည်း ဘုရားမပွင့်ကြပေ။
တစ်သိန်းမှ တစ်ရာသက်တမ်းရှိသောကာလတွင်သာ ဘုရားတို့ပွင့်မြဲဖြစ်သည်။ ယခုလူတို့၏သက်တမ်းသည် တစ်ရာသက်တမ်းဖြစ်၍ သင့်တော်သောအချိန်ဖြစ်ကြောင်း တွေ့မြင်လေသည်။

မြင်းမိုရ်တောင်၏ လက်ယာ၌ရှိသော ဇမ္ဗူဒိပ်ကျွန်းသည်သာ မြတ်စွာဘုရားတို့ပွင့်ရာ ကျွန်းဖြစ်သဖြင့် ထိုကျွန်း၌ပင် ဘုရားပွင့်တော်မူရန် ဖြစ်သည်။

ဇမ္ဗူဒိပ်ကျွန်း၌လည်း မဇ္ဈိမဒေသ သည်သာလျှင် ဘုရားတကာတို့ ပွင့်ရာအရပ်ဖြစ်သည်။

အမျိုးလေးပါးတို့တွင် သာကီဝင်မင်းမျိုး တို့သည်သာ မြင့်မြတ်သောအမျိုးဖြစ်၍ မင်းမျိုးတို့တွင်လည်း သက္ကတိုင်း ကပိလဝတ်ပြည်ကို အစိုးရသော သုဒ္ဓေါဒန မင်းကြီးသည် မဟာသမ္မတမင်းမှစ၍ သုံးသိန်း သုံးသောင်း လေးထောင့် ငါးရာ ခြောက်ဆယ်ခုနှစ်ပါးသော (၃၃၄,၅၆၇) ဥက္ကာဝံသ၊ မဟာဝံသ၊ အသမ္ဘိန၊ ခတ္ထိယ အစစ်ဖြစ်သည်။ ထိုမင်း၏ မိဖုရားဖြစ်သော သီရိမဟာမာယာ သည်လည်း အယုတ်တရားမှကင်းလျက် ငါးပါးသီလတရားရှိသဖြင့် အမိဖြစ်ထိုက်သူ ဖြစ်သည်။ ထို့ကြောင့် သေတကေယတု နတ်သားသည် နန္ဒဝန် ဥယျာဉ်သို့ ဝင်ပြီးစုတေကာ မိဖုရား သီရိမဟာမာယာ၏ ဝမ်းတိုက်၌ ပဋိသန္ဓေစွဲ၍ တည်လေသည်။
Printer Friendly
, , , |

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP