သိင်္ဂါလမာတာထေရီ

အရပ် ဆယ်မျက်နှာတို့ကို ရှိခိုးခြင်းဖြင့် မှားယွင်းသော အယူရှိသော သင်္ဂါလ သတို့သားအား မြတ်စွာဘုရားသည် သိင်္ဂါလောဝါဒသုတ်ကို ဟောကြားဆုံးမရသည်ကို အစွဲပြု၍ သိင်္ဂါလမာတာ အမည်ရသော အရှင်မ၏ အကြောင်းကား ဤသို့ဖြစ်ပေ၏။
သိင်္ဂါလမာတာထေရီ အလောင်းအလျာသည် ပဒုမုတ္တရမြတ်စွာဘုရား ပွင့်တော်မူသောအခါ မြတ်စွာဘုရား၏ ခမည်းတော် အာနန္ဒာမင်းကြီး၏ အခြွေအရံဖြစ်သော အမတ်ကြီး၏ သမီး ဖြစ်ခဲ့ပေသည်။ များစွာသော ရတနာဖြင့် ချမ်းသာ ကြွယ်ဝ၏။ အဖဖြစ်သော အမတ်ကြီးနှင့် အတူတကွ ကျောင်းတော်သို့ လိုက်သွား၍ များစွာသော အခြွေအရံတို့နှင့် တရားတော်ကို နာယူ၏။
အမတ်ကြီး၏ သမီးသည် မြတ်စွာဘုရား၏ တရားတော်ကို နာယူပြီး သာသနာတော်၌ ကြည်ညို၍ ရဟန်းပြုခွင့် ရရန် အဖဖြစ်သော အမတ်ကြီးထံတွင် ဝင်ခွင့်တောင်းကာ ရဟန်းမိန်းမပြု၏။ ကာယဒုစရိုက်၊ ဝစီဒုစရိုက်တို့ကို ရှောင်ကြဉ်၍ အာဇီဝ ပါရိသုဒ္ဓိ သီလကို သုတ်သင်၏။ သန့်ရှင်း စင်ကြယ်စေ၏။ ကုလဒူသက အနေသနကို ရှောင်ကြဉ်၏။ သဒ္ဓါတရား သက်သက်ဖြင့် ကြည်ညို၍ လှူသော ကောင်းကင်ကျ ပစ္စည်းကိုသာလျှင် သုံးဆောင်၏။
ကြည်ညိုလေအောင် ဟန်ဆောင်ခြင်း၊ လောကွတ်ပြုခြင်း၊ သစ်သီးပေးခြင်း၊ ပန်းပေးခြင်းစသော အနေသနတို့ကို မသုံးစွဲ၊ နေမြဲတိုင်းနေ၍ ဘုရား တရား သံဃာ ရတနာသုံးပါး၌ အလွန် ရိုသေခြင်း ရှိ၏။ တရားတော်ကို မပြတ် နာလေ့ရှိ၏။ မြတ်ဘုရားကို မပြတ် ဖူးမြော်လေ့ရှိ၏။
တစ်နေ့သ၌ ပဒုမုတ္တရ မြတ်စွာဘုရားသည် ရဟန်း မိန်းမ တစ်ယောက်အား ‘သဒ္ဓါဓိမုတ္တ’ ဧတဒဂ် ပေးတော်မူ၏။ ယင်းသည်ကို ကြားသိသောအခါ အမတ်ကြီး၏ သမီးသည် သဒ္ဓါကြည်ညိုလှသဖြင့် ကောင်းမှုကုသိုလ် ပြုလုပ်ကာ သဒ္ဓါဓိမုတ္တဆုကို တောင်း၍ သိက္ခာသုံးပါးကို ဖြည့်ကျင့်လေသည်။ မြတ်စွာဘုရားသည် “ချစ်သမီး၊ ရတနာသုံးပါး၌ ကြည်ညိုသော ဆုတောင်းခြင်းသည် ပြည့်စုံလတ္တံ့၊ နောက်ကမ္ဘာ တစ်သိန်းထက်တွင် ပွင့်တော်မူသော ဂေါတမ မြတ်စွာဘုရား ထံတော်တွင် သိင်္ဂါလမာတာ ရဟန္တာမဖြစ်၍ ပြည့်စုံလတ္တံ့” ဟု ဗျာဒိတ် စကား မိန့်ကြားတော်မူ၏။
အမတ်ကြီးသမီး ရဟန်းမသည် ပဒုမုတ္တရ မြတ်စွာဘုရား၏ ဗျာဒိတ်စကားကို ကြားရ၍ အလွန် ဝမ်းမြောက်ပေသည်။ တစ်သက်ပတ်လုံး ရဟန်းမိန်းမတို့၏ အကျင့်ပဋိပတ်ဖြင့် ပူဇော်သည်။ မြတ်စွာဘုရားကို ချစ်ခင် မြတ်နိုးစွာ လုပ်ကျွေး ဆည်းကပ်သည်။ ထိုဘဝမှ စုတေသော် တာဝတိံသာ၌ ဖြစ်ခဲ့လေသည်။
သိင်္ဂါလမာတာထေရီ အပိုင်း-၂ နိဂုံး
ထိုမင်းကြီးသမီးသည် ယခု နောက်ဆုံးဘဝ၌ ရာဇဂြိုဟ်ပြည်ဝယ် ကြွယ်ဝချမ်းသာသော ရတနာရွှေငွေ ဆန်ရေစပါး ပေါများပြည့်စုံ ကုံထံလှစွာသော သူဌေးသမီး ဖြစ်လာ၏။ အရွယ်သို့ ရောက်၍ လင်ယောင်္ကျား၏ အိမ်သို့ ရောက်သောအခါ သိင်္ဂါလမည်သော သားကို မွေးဖွား၏။ ထိုသတို့သားသည် အရပ်ဆယ်မျက်နှာ တို့ကို ရှိခိုးနေစဉ် မြတ်စွာဘုရား ဆွမ်းခံကြွလာရာတွင် မြင်တော်မူ၍ သိင်္ဂါလောဝါဒသုတ်ကို ဟောတော်မူ၏။ ထိုအခါ၌ နှစ်ကုဋေသော လူတို့သည် ဓမ္မာဘိသမယကို ရကြ၏။
သိင်္ဂါလသူဌေးသား၏ မယ်တော် သိင်္ဂါလမာတာသည်လည်း သောတာပတ္တိဖိုလ်၌ တည်၍ မြတ်စွာဘုရား သာသနာတော်၌ ရဟန်းမိန်းမပြုကာ ဗုဒ္ဓါနုဿတိ ဘာဝနာကို ပွားစီးလျက် မကြာမြင့်မီပင် ရဟန္တာအဖြစ်သို့ ရောက်လေ၏။ ထိုသိင်္ဂါလမာတာ ဘိက္ခုနီသည် မြတ်စွာဘုရားကို မကြာခဏ သွားရောက်ဖူးမြော်၍ ဘုရားကို ဖူးမြင်ရခြင်း၌ အားရတင်းတိမ်ခြင်း မရှိချေ။
ထို့ကြောင့် မြတ်စွာဘုရားသည် ‘ငါ ဘုရားအား ကြည်ညိုခြင်း သဒ္ဓါဓိမုတ္တဂုဏ်၌ ဤ ဘိက္ခုနီသည် အလွန်ကဲဆုံး ဖြစ်ပေသည်’ ဟု သဒ္ဓါဓိမုတ္တဧတဒဂ် ထားတော်မူပေ၏။


0 comments:
Post a Comment