သုမေဓာထေရီ အပိုင်း-၂ အဆက်
“ချစ်သော သမီးတော် ထပါလော့၊ အခင်းမရှိသော မြေပေါ်၌ လှဲ၍ မနေပါလင့်၊ သာသနာတော်၌ မြတ်သော သီလ အကျင့်ကို ကျင့်ရသော ရဟန်းမိန်းမ အဖြစ်သည် အလွန်ဆင်းရဲလှ၏။ ချစ်သမီး သုမေဓာ၊ တိုင်းပြည်ကို အုပ်စိုးရသော မင်း၏ မိဖုရားကြီး အဖြစ်၌ စည်းစိမ် ဥစ္စာ အာဏာလွှမ်းမိုး အစိုးရခြင်း စည်းစိမ် ချမ်းသာသည်ကား အလွန်ကောင်းမွန်၏။ ချစ်သမီးသည်လည်း အလွန်နုနယ်၍ ငယ်လှပါသေး၏။ ကာမဂုဏ် တို့ကို ခံစား စံစား၍ နေပါဦးလော့။ ချစ်သမီးသည် ငယ်ရွယ်သေး၏၊ ရဟန်းပြုခြင်းကို ချစ်သမီး အလိုမရှိလေလင့်၊ ငါတို့ ခွင့်မပြုနိုင်”
“မယ်တော် ခမည်းတော်တို့၊ လူ၏ ဘဝ၌ဖြစ်သော အနှစ်သာရ မရှိသော ဤကဲ့သို့သော ကာမဂုဏ် စည်းစိမ်ကို မပြောဆိုကြပါကုန်လင့်၊ ကျွန်တော်မသည် ရဟန်းအဖြစ်ကိုသာ ပြုပေတော့အံ့။ ရဟန်းမပြုရလျှင် သေပါစေတော့၊ အခင်းမရှိသော မြေပြင်မှ မထတော့ပါ။
“မယ်တော် ခမည်းတော်တို့၊ ဤ ကိုယ်ကာယ အကောင်ပုပ်ကြီးသည် စက်ဆုပ်ရွံ့ရှာဖွယ်ရှိသည်။ မစင်ပုပ်ထဲ၌ ပိုးလောက်တို့ ပြည့်၍နေသကဲ့သို့ လည်းကောင်း၊ ခွေးကောင်ပုပ်၊ မြွေကောင်ပုပ်၊ ကြွက်သေကောင်ပုပ် တို့ကို ထည့်၍ထားသော သားရေအိတ်ကဲ့သို့ လည်းကောင်း၊ အရည်တစိုစို ကိုယ်မှ ယိုစီးသော မစင်ကြယ်သော အကောင်ပုပ်ရည် တို့ဖြင့် မကောင်းသော အနံ့ရှိ၍ ကြောက်မက်ဖွယ် ကောင်းသည်။ အသွေးအသားတို့ဖြင့် လိမ်းကျံ၍နေသည်။ ပိုးမျိုး ရှစ်ဆယ်တို့၏ တည်ရာဖြစ်သည်။
“ကျီးစာ၊ ငှက်စာ၊ လင်းတစာ ဖြစ်သော၊ ခွေးသေကောင်ပုပ်နှင့်တူသော ဤ ကိုယ်ကောင်ပုပ်ကို အဘယ်သူအား ပေးပါသနည်း။ ဤ ကိုယ်ကောင်ပုပ်ကြီးသည် စိတ်ဝိညဉ် ကင်းသည်ရှိသော် မကြာမြင့်မီပင် သုသာန်သင်္ချိုင်းသို့ စွန့်ပစ်ရလတ္တံ့။ ဆွေမျိုးအပေါင်းတို့သည် စက်ဆုပ်ရွံ့ရှာကြ၍ အမှိုက်ထင်းတုံးကဲ့သို့ စွန့်ပစ်ကြကုန်လတ္တံ့။
“သုသာန် သင်္ချိုင်း၌ ပိုးလောက်တို့၏ အစာဖြစ်၍ မိခင်ဖခင်တို့သော်လည်း စက်ဆုပ်ရွံ့ရှာကြလျက် မကိုင်လို မထိလိုကြဘဲ စွန့်ပစ်ကြကုန်လတ္တံ့။ အကယ်၍ ကိုင်မိငြားအံ့၊ လက်ကိုသုတ်သင်၍ ပစ်ကြလတ္တံ့။ အမိ အဖမှ တစ်ပါးသော လူတို့သည် ဝိညာဉ်ကင်းပြီးသော အသေကောင်ကြီးကို အဘယ်မှာ ဆက်ဆံ စပ်ယှက် လိုတော့အံ့နည်း။
“အို မယ်တော် ခမည်းတော်တို့၊ ကျွန်မ ပြောသော စကားတို့ကို စဉ်းစား၍ မှတ်သားကြပါ၊ ဆင်ခြင်ကြည့်ကြပါ။ အကြောတို့ဖြင့် ဖွဲ့ဆက်၍နေသော အရိုးစုဖြစ်သော အနှစ်သာရ ဘာတစ်ခုမျှ မရှိသော ဤ ကိုယ်၏အတွင်း၌ ချွဲသလိပ်၊ တံတွေး၊ နှပ်၊ အစေး၊ ကျင်ကြီး၊ ကျင်ငယ် ရွံရှာဖွယ်တို့ဖြင့် ပြည့်၍နေ၏။
“အကြင်သူသည် ဤ ကိုယ်အတွင်းသားကို လှန်လှော၍ အရေအသားတို့ကို ခွာ၍ ကြည့်ရှုငြားအံ့၊ မိမိ၏ အမိသည်ပင်လျှင် သည်းမခံနိုင်အောင် စက်ဆုပ်ရွံရှာခြင်း အော့ခြင်း ဖြစ်ပေလိမ့်မည်။
“အို မယ်တော် ခမည်းတော်တို့၊ ခန္ဓာငါးပါး၊ ဖြစ်ပျက်ဆင်းရဲ၊ အာယတန တစ်ဆယ့်နှစ်ပါး၊ ဖြစ်ပျက်ဆင်းရဲ၊ ဓာတ်တစ်ဆယ့်ရှစ်ပါး ဖြစ်ပျက်ဆင်းရဲ၊ အဝိဇ္ဇာ၊ သင်္ခါရ၊ တဏှာ၊ ဥပါဒါန်၊ ကံ တည်းဟူသော ရှေးဘဝ အကြောင်းတရား တို့ကြောင့် ဖြစ်သော ဆင်းရဲ၊ ပဋိသန္ဓေ နေရခြင်းကြောင့် ဆင်းရဲ၊ အလိုမရှိသော ဆင်းရဲတွေကို ဟုတ်မှန်သင့်လျော်သော အကြောင်းအားဖြင့် ပြောဆိုကုန်ငြားအံ့၊ ဤ ဆင်းရဲတွေကို မည်သူ အလိုရှိမည်နည်း။
“အကယ်၍ ဤ ဆင်းရဲတွေသည် တစ်နေ့လျှင် လှံအချက်ပေါင်း သုံးရာ သော်လည်းကောင်း၊ ကိုးရာ သော်လည်းကောင်း၊ အနှစ်တစ်ရာ ပတ်လုံး ကိုယ်ပေါ်သို့ကျ၍ ဤ ဆင်းရဲတွေကုန် ငြိမ်းပျောက်ခန်းငြားအံ့၊ အလွန်မြတ်သေး၏။ ကိုယ်ကို လှံအချက်ပေါင်း သုံးရာသော်လည်းကောင်း၊ ကိုးရာသော်လည်းကောင်း၊ အနှစ်တစ်ရာ ပတ်လုံးသော်လည်းကောင်း အထိုးအဆွကို ခံ၍ ပဋိသန္ဓေနေရခြင်း၊ ဆင်းရဲ ကုန်ခန်းငြိမ်းပျောက်ငြားအံ့၊ အလွန် ကောင်းမြတ်သေး၏။
“အနှစ်တစ်ရာမျှသာ ဆင်းရဲ၍ သံသရာဘဝ၌ ရှည်ကြာလှစွာ မရေတွက်နိုင်အောင် ပဋိသန္ဓေ နေရခြင်း ဆင်းရဲကုန်ခန်း၍ သွားသောကြောင့် အလွန် ကောင်းမြတ်၏။ အို ခမည်းတော် မယ်တော်တို့၊ လှံချက် သုံးရာသော်လည်းကောင်း၊ ကိုးရာသော်လည်းကောင်း အထိုးအဆွ ခံရသော ဆင်းရဲကို ယခုပင် ခံလိုပါ၏။ အနမတဂ္ဂသံသရာ၌ မရေတွက်နိုင်အောင် ခံရသော ပဋိသန္ဓေ နေရခြင်း ဆင်းရဲကို ကျွန်တော်မသည် အလွန် ကြောက်လှပါ၏။
“အကြိမ်ကြိမ် အခါခါ ဘဝပေါင်းများစွာ ပဋိသန္ဓေ နေရခြင်း ဆင်းရဲ၊ သေရခြင်း ဆင်းရဲတွေကို ခံကြရကုန်သော သင် ချစ်သားချစ်သမီးတို့၏ ကျင်လည် ဖြစ်ပျက်၍ နေရသော ဘဝသံသရာသည် ရှည်ကြာလှချေပြီ”
“အို မယ်တော် ခမည်းတော်တို့၊ ဤသို့ ဟောတော်မူသော မြတ်စွာဘုရား စကားတော်ကို ပညာရှိသော အကြင်သူသည် ဟုတ်တိုင်းမှန်ရာ အဓိပ္ပာယ်ကို သိငြားအံ့၊ ထိုပညာရှိသောသူသည် ရှည်ကြာလှစွာသော သံသရာဆင်းရဲ ပျောက်ကင်းပါလျှင် လှံအချက်ပေါင်း သုံးရာသော် လည်းကောင်း၊ ကိုးရာ သော်လည်းကောင်း၊ အထိုးအဆွ ခံရသည်ကို ပမာဏမပြုဘဲ ယခုပင် ခံဝံ့ရာ၏။
“အို မယ်တော် ခမည်းတော်တို့၊ နတ်ပြည် ဗြဟ္မာပြည်တို့၌ လည်းကောင်း၊ လူ့ပြည်၌ လည်းကောင်း၊ တိရိစ္ဆာန် ဘဝ၌ လည်းကောင်း အသူရကာယ် ပြိတ္တာဘဝ၌ လည်းကောင်း၊ ငရဲကြီး ငရဲငယ်တို့၌ လည်းကောင်း၊ မရေတွက်နိုင်အောင် ဆင်းရဲကို ခံခဲ့ရဖူးလှပြီ။ ဤကာမဂုဏ် ဟူသော အကြောင်းကြောင့် ငရဲကြီး ငရဲငယ်တို့၌ ဖရိုဖရဲ အပိုင်းပိုင်း အပြတ်ပြတ်ကျ၍ ဆင်းရဲ ညှိုးနွမ်း ပင်ပန်းရိရှားသော ဆင်းရဲဒုက္ခကို နတ်ပြည်တို့၌ လည်း ပုန်း၍ မလွတ်နိုင်။ နိဗ္ဗာန်ချမ်းသာထက် လွန်သော ချမ်းသာသည် မရှိ။
“အကြင်သူတို့သည် ပဋိသန္ဓေနေခြင်း၊ သေခြင်း၊ ဆင်းရဲကို ပယ်ရှားနိုင်ခြင်းငှာ လွတ်ကင်းစေခြင်းငှာ မြတ်စွာဘုရား သာသနာတော်၌ သက်ဝင်၍ အားထုတ်ကြကုန်၏။ ထိုအားထုတ်သော သူတို့သည် နိဗ္ဗာန်ချမ်းသာကို ရကြကုန်၏။
“အို မယ်တော် ခမည်းတော်တို့၊ ကျွန်မသည် ယနေ့ပင်လျှင် ဤ ကာမဂုဏ်ဘေးမှ ထွက်ပါတော့အံ့။ ဤ နန်းတော်၌ မပျော်မွေ့နိုင်ပါ။ အနှစ်သာရ မရှိသော ကာမဂုဏ်စည်းစိမ်တို့ဖြင့် အဘယ်မှာ အကျိုးရှိအံ့နည်း။ ကျွန်တော်မသည် ကာမဂုဏ်တို့ကို ငြီးငွေ့ ကြောက်ရွံ့ စက်ဆုပ်လှ၏။ ထန်းပင်ငုတ်ကဲ့သို့ နောက် အသစ်တစ်ဖန် ပြန်၍ မဖြစ်ပေါ်အောင် စွန့်ပစ်ပါအံ့”
သုမေဓာမင်းသမီး၏ ခမည်းတော်ကလည်း သမီးတော်အား ရဟန်းပြုခွင့် မပေးလို၊ ပေးလည်း မပေးနိုင်ပေ။ အဘယ့်ကြောင့်ဆိုသော် အနိကရတ္တမင်းသားအား သမီးတော်နှင့် ထိမ်းမြားပေးရန် သဘောတူပြီးသောကြောင့်တည်း။
“ချစ်မညီးသည့် သမီးတော်၊ အနိကရတ္တမင်းသားအား သမီးတော်ကို ပေးပြီး ဖြစ်ပေ၏။ သင်တို့ နှစ်ဦးလုံးသည်လည်း နုပျိုငယ်ရွယ်သော အသက်ရှိကြကုန်၏။ သမီးတော်သည် နန်းတော်မှ ထွက်ခွာသွားလျှင်လည်း အနိကရတ္တမင်းသားသည် သင့်အား တားမြစ်ပေလိမ့်မည်”
(သုမေဓာထေရီ အပိုင်း-၃ ဆက်တင်ပါမည်)



0 comments:
Post a Comment