ဒီရာသီမှာ လူတိုင်းဖျားနေကြလေသည်
"ဒီရာသီမှာလူတိုင်းဖျားနေကြလေသည်
လူတိုင်းကစားခွင့်ရသော်လည်း
လူတိုင်းနားခွင့်မရ
ကဗျာဓားတွေခုတ်ကြသည်
ပ၀ါပါးတွေအုပ်ကြသည်
ကဗျာဓားတွေကို ပ၀ါပါးတွေနှင့် အုပ်ကြသည်
ပ၀ါပါးတွေကို ကဗျာဓားတွေနှင့် ခုတ်ကြသည်
ကဗျာဓားတွေခုတ်ထားသော ပ၀ါပါးတွေကို ကဗျာဓားတွေနှင့် အုပ်ကြသည်
ပ၀ါပါးတွေ အုပ်ထားသော ကဗျာဓားတွေကို ပ၀ါပါးတွေနှင့် ခုတ်ကြသည်...
ပ၀ါပါးနှင့်ကဗျာဓားများလုံးထွေးလျက်
မထွေးနိုင်မအန်နိုင်ဖြစ်နေကြသည်
ကဗျာဓားနှင့်ပ၀ါပါးများလုံးထွေးလျက်
မပြေးနိုင်မကြံနိုင်ဖြစ်နေကြသည်..."
ဒန်းနစ်သည် အသက် ၁၄ နှစ်သာ ရှိသေးသော ကောင်ကလေးတစ်ဦး ဖြစ်သော်လည်း ဆီးချိုရောဂါဖြစ်နေသည်မှာ တစ်နှစ်နီးပါးရှိလေပြီ။ ကျွန်တော်တို့ ဆေးရုံကို ရောက်လာတော့ သူသည် အင်ဆူလင်အမျိုးအစား နှစ်မျိုးကို တစ်နေ့လေးကြိမ် ထိုးနေရပြီး သွေးအတွင်း သကြားဓာတ်ပမာဏကို ထိန်းချုပ်၍ မရ ဖြစ်နေသည်။ အသည်းကိုလည်း အဆီဖုံးစ ပြုနေပြီ။ ဦးနှောက်နှင့် အာရုံကြောအထူးကု၏ မှတ်ချက်အရ အာရုံကြောရောဂါများလည်း စတင်နေပြီ ဖြစ်သည်။ အခြားကလေးငယ်များတွင် ဆီးချိုရောဂါ (အမျိုးအစား ၁) ဖြစ်ပြီးသည့်နောက် လေးငါးနှစ်ခန့်ကြာမှသာ အဆိုပါ ဆီးချိုနောက်ဆက်တွဲရောဂါများ ဖြစ်ပေါ်လေ့ရှိသော်လည်း သူကတော့ တစ်နှစ်အတွင်း စတင်လာသည်။ ဤသို့ နောက်ဆက်တွဲ ရောဂါများ ပုံမှန်ထက် စောစော စတင်ရသည်မှာ သွေးအတွင်း သကြားဓာတ်ပမာဏကို တိတိကျကျ မထိန်းချုပ်နိုင်ခြင်းနှင့် အခြားအကြောင်းများကြောင့် ဖြစ်သည်။ အသေးစိတ် မေးမြန်းကြည့်သောအခါ ဆရာဝန် (Endocrinologist) နှင့်ပုံမှန် ပြသခိုင်းထားသည်ကို မလိုက်နာခြင်း၊ အင်ဆူလင်ကို ပုံမှန်မထိုးခြင်း၊ သွေးအတွင်း သကြားဓာတ်ကို အချိန်မှန်မစစ်ခြင်း၊ အစားအသောက်ဇယား (၉) အတိုင်း စားသောက်ခိုင်းသည်ကို မလိုက်နာခြင်းများ တွေ့ရသည်။
ဒန်းနစ်၏ မိဘများသည် ချောင်လည်ကြဟန်လည်း မတူပါ။ သူဆေးရုံတက်နေစဉ် သူ့အမေသည် ချိန်းထားသော ရက်ထက် တစ်ရက်နောက်ကျပြီးမှ လူနာတွေ့အဖြစ် ခဏတစ်ဖြုတ် ရောက်လာသည်။ စိတ်မကောင်းစရာ ရှိသည်မှာ ဒန်းနစ်တွင် ကိုယ်ပိုင် သကြားတိုင်းစက် (glucometer) ရှိဟန်မတူ။ ကျွန်တော့်ကိုတော့ ရှိသည်ဟု ပြောသည်။ ထုတ်ပြခိုင်းလျှင် ငြင်းဆန်သည်။ တစေ့တစောင်း အကဲခတ်ကြည့်သောအခါ ဘေးမှ ကောင်ကလေး တစ်ယောက်နှင့် အပေါင်းအသင်း ဖြစ်နေပြီး ထိုကောင်ကလေး၏ သကြားတိုင်းစက် (glucometer) ကို အသုံးပြုနေသည်ကို တွေ့ရသည်။ သို့ဖြစ်၍ သကြားဓာတ်များကို သတ်မှတ်ထားသည့် အချိန်တွင် တိုင်းတာရန် မကြာခဏ ပျက်ကွက်တတ်သည်။ ဖြစ်နိုင်ဖွယ် နောက်တစ်ချက်မှာ ကိုယ်ပိုင် သကြားတိုင်းစက် ရှိသော်လည်း ငွေကြေးအနည်းငယ် ကုန်ကျမည့် သကြားစစ်တံ ကလေးများကို ချွေတာဟန် တူသည်။ ငွေကြေးတတ်နိုင်သည့် ကလေးများက မတတ်နိုင်သည့်ကလေးများကို ဤသို့နားလည်မှုဖြင့် ကူညီပေးတာ မကြာခဏတွေ့ရပါသည်။ ဆေးရုံတက်သည့် နှစ်ပတ်တာ ကာလအတွင်း တစ်ခါတည်းသာ လာတွေ့ဖူးသည့် ဒန်းနစ်၏ အမေကို ကျွန်တော် တွေ့ဖူးချင်သော်လည်း မတွေ့လိုက်ရပါ။
နှစ်သစ်ကူးပြီးနောက်ပိုင်း ဆရာဝန်၊ သူနာပြုများ၏ အားလပ်ရက် ၁၀ ရက်ရှိသဖြင့် သကြားဓာတ်တည်ငြိမ်သည့် လူနာများကို ဘော့စ်က မူလထက်စောစော ဆေးရုံဆင်းပေးသည်။ ဆင်းမည့်လူနာများတွင် ဒန်းနစ်လည်း ပါဝင်သည်။ ဘော့စ်က ကျွန်တော်ရေးထားသည့် ဆေးရုံဆင်းလက်မှတ်ကို စစ်ဆေးရင်း ဒန်းနစ်နှင့် သူ့အဖေကို ရောဂါအကြောင်း ရှင်းပြနေသည်။ သူ့အဖေသည် သုန်မှုန်နေသော အသက် ၄၀ ပတ်ဝန်းကျင်ခန့် လူတစ်ဦး ဖြစ်လေသည်။ သူက ဘော့စ် ရှင်းပြနေသည်ကို စိတ်ဝင်တစား နားထောင်နေခြင်း မရှိသည့် အပြင် အခြားမိဘများလို ပြန်လှန် မေးခွန်းများ ထုတ်ခြင်းလည်း မရှိ။ ရောဂါအခြေအနေကို ကောင်းကောင်း နားလည်ဟန်လည်း မတူ။ သားဖြစ်သူကို မျက်ထောင့်နီကြီးနှင့် မကြာခဏ ကြည့်တတ်သော ဖခင်တစ်ဦးဖြစ်ကြောင်း အကဲခတ်မိသည်။
နာတာရှည်ရောဂါ တစ်ခု ဖြစ်လာလျှင် ထိုရောဂါသည် ဝေဒနာရှင်ကိုသာ ဖိစီးနှိပ်စက်တတ်သည် မဟုတ်ဘဲ ထိုဝေဒနာရှင်၏ ပတ်ဝန်းကျင် မိသားစုကိုပါ ဖိစီးနှိပ်စက်လေ့ရှိသည်။ ဒန်းနစ်၏ နာတာရှည်ရောဂါသည် သာမန် လက်လုပ်လက်စားများဖြစ်သော သူ့မိဘနှစ်ပါးကို ဖိစီးနှိပ်စက်ဟန် တူသည်။ မည်သို့ပင်ဖြစ်စေ ဒန်းနစ်သည် သဘောကောင်း ယဉ်ကျေးသော ချစ်စဖွယ် ကောင်ကလေး တစ်ယောက်သာ ဖြစ်ပြီး သူ့ရောဂါဖြစ်ရခြင်းအတွက် သူ့ကို အပြစ်တင်ရန်အကြောင်းလည်း မရှိပါ။ သို့ရာတွင် "ခံစားမှုသည် အကြောင်းပြချက် ကို မစောင့်" ဟူသော စကားအရ စိတ်ခံစားမှုသည် အကျိုးသင့်အကြောင်းသင့် ဆင်ခြင်ခြင်းထက် မကြာခဏ စောနေတတ်တာကို သတိမူမိပါသည်။
ဆေးရုံတွင် အသက် (၃) နှစ်ခန့်ကတည်းက ဆီးချိုဖြစ်ကာ အင်ဆူလင် စထိုးနေရသော ကလေးသူငယ်များစွာ ရှိပါသည်။ မိဘနှင့် ပတ်ဝန်းကျင်ထံမှ သူတို့ရရှိသော မေတ္တာ ကရုဏာနှင့် နားလည်ပံ့ပိုးမှု ပမာဏမှာ တစ်ဦးနှင့်တစ်ဦး မတူညီကြဘဲ အံ့သြဖွယ် ကောင်းလောက်အောင် ကွဲပြားခြားနားနေကြသည်။ အချို့က လူနာများအပေါ် "ဒီတစ်သက် ကိုယ်လူမမာ မဖြစ်တော့မယ့်အတိုင်း" ပြုမူ ဆောင်ရွက်တတ်ပါသည်။ ဆရာအရင်းဖြစ်သော ဒေါက်တာဒေါ်မြင့်မြင့်၏ မှတ်ချက်ကို ပြန်သတိရသည်။ "လွမ်းဝေရေ၊ အစ်မတို့ Medical ကို လာတက်တဲ့ လူနာတွေက နာတာရှည်တွေ ဆိုတော့ လူနာရှင်တွေက စိတ်မရှည်ကြတော့ဘူး။ ဆေးရုံတက်ရင်း တစ်လက နှစ်လကျော်လာရင် လူနာကို လာမတွေ့ကြတော့ဘဲ နောက်ဆုံး လူနာနဲ့ ဆရာဝန်နဲ့ ပဲ ကျန်ခဲ့တော့တယ်။" ဟု ညည်းညူဖူးသည်။ တစ်ခါတစ်ရံတွင် ဆေးရုံဆင်းသွားသည့် လူနာက မဆင်းသေးသည့် လူနာကို လာတွေ့ခြင်း၊ လူနာအချင်းချင်း ကူညီဖေးမခြင်း၊ ရောဂါသည်အချင်းချင်း အကောင်းဆုံးမိတ်ဆွေများ ဖြစ်သွားကြခြင်းများ တွေ့ဖူးပါသည်။
ကျွန်တော်၏ ဇာတ်လိုက်ကျော် မက္ကဆင်းဆိုလျှင် သူ့ကုတင် သူ့အခန်းတွင် ဘယ်တော့မှ ရှိမနေဘဲ မိန်းကလေးများ၏အခန်း၊ ကြီးကောင်ဝင်စ ကလေးများ၏ အခန်း၊ ကလေးအနှီးထွေးလေးများ၏ အခန်း အနှံ့ လျှောက်သွားနေလေ့ရှိသည်။ သူကား အသက်ငါးနှစ်သာ ရှိသေးပြီး မိဘမဲ့ဂေဟာမှ ဖြစ်သည်။ တွေ့ရာကလေးများက သူ့ကို ကူညီကြ၊ လက်ဆောင်များပေးကြ၊ အစားအသောက်များ ပေးကြသည်။ သူက မိဘမဲ့ဂေဟာမှ ဖြစ်သဖြင့် သူ့ကို အထွေအထူး လာတွေ့မည့် လူနာရှင် မရှိပါ။ သူ့အတွက် ရောက်ရာအရပ်သည် ပျော်မွေ့ဖွယ် ဌာန ဖြစ်ရလေသည်။ တစ်ခါက ရှစ်နှစ်သားအရွယ် ကောင်လေးတစ်ဦးက မက္ကဆင်းကို သူ၏ လည်နေသည့် သွားပွတ်တံကလေးအကြောင်း စိတ်ရှည်လက်ရှည် ရှင်းပြနေတာ တွေ့ရဖူးသည်။ တကယ့် ညီရင်းအစ်ကိုသဖွယ် ရှင်းပြနေခြင်း ဖြစ်သည်။ မက္ကဆင်းက ပါးစပ်အဟောင်းသားနှင့် နားထောင်လိုက် သွားပွတ်တံမှ ခလုတ်များကို နှိပ်ကြည့်လိုက်နှင့် ဖြစ်နေသည်။ ခက်ထန်သော ပညာတတ်လူကြီးများကို ကိုယ်ချင်းစာတရားအကြောင်း ရှင်းပြရန်မတတ်နိုင်သော ကျွန်တော်သည် ကလေးများ၏ အဆိုပါ ဆက်ဆံရေးကို ရင်သပ်ရှုမော ဖြစ်ခဲ့ရသည်။ လူနာ ဖြစ်ဖူးသူအချင်းချင်း ကိုယ်ချင်းစာတရား မှရသော အသိဖြင့် ကရုဏာများ ရရှိလာသည်ဟု ကောက်ချက်ဆွဲရမည်ပင် ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ကျွန်တော်တို့ ဆေးဝန်ထမ်းများသည် တွေ့ကြုံသမျှ စရိုက်အဖုံဖုံကို လူ့သဘာဝပဲရယ်လို့ ခွင့်လွှတ်ရသည်သာ ဖြစ်၏။ သို့မဟုတ် ခေါင်းထဲက ထုတ်ပစ်လိုက်သည်သာ ဖြစ်၏။ "စရိုက်သုံးလတ်၊ ကျင့်ဝတ်ထူးခြား၊ လူသုံးပါးနှင့်၊ မခြားရောပြွမ်း၊ ပေါင်းဖက်ကျွမ်းလည်း၊ မ၀ှမ်းမကော၊ သူ့သဘောကို၊ လိုက်လျောညီထွေ၊ ကျင့်တတ်စေ" ဟူသော ဂမ္ဘီသာရပျို့လာ ဆုံးမစကားအတိုင်း ကျွန်တော်တို့၏ အလုပ်သည် ကျွန်တော်တို့ကို လူအမျိုးမျိုး အထွေထွေနှင့် သင့်အောင်မြတ်အောင် ပေါင်းသင်းရန် တာဝန်ပေးအပ်ထားသည် မဟုတ်တုံလော။
သို့ရာတွင် တစ်နေ့ကတော့ ကျွန်တော်သည် ကျွန်တော်၏ ကိုယ်ချင်းစာ သီဝရီကို မိမိဖာသာ ပြုံးချင်ချင် ဖြစ်ခဲ့ရသည်။ လျူဘို့ဗ် (အချစ်) ဟု အမည်ရသော ကလေးမလေးကို သူ၏အဘွားက လာကြိုသည်။
"ဘွားဘွားရယ် ဘာလို့ နောက်ကျနေတာလဲ"
"ဘွားဘွားဖျားနေလို့ သမီးရယ်၊ ဆေးခန်းဝင်ပြနေရတယ်"
"ဘွားဘွားက ဘာလို့ဖျားရတာလဲဟင်"
"မြေးလေးရဲ့ ဒီရာသီမှာ လူတိုင်းဟာ ဖျားနေကြတာကပဲ"
ဒီရာသီမှာ လူတိုင်းဖျားနေကြပါသည်။ နွေရာသီမရောက်မချင်း ဖျားနေကြဦးမည် ဖြစ်သည်။ "ဒီဝဲကြောင့် မငြိုငြင် ရေအီလျှင် ဒီသရဲ ရှဲရမည်ပင်"ဟု ဆရာဇော်ဂျီက ပြောဖူးသည်။ သို့ရာတွင် နွေရာသီ ရေအီလို့မှ ဒီသရဲရှဲပါ့မည်လားလည်း မပြောတတ်။ အချို့က မဖျားဖူးသဖြင့် ကိုယ်ချင်းမစာတတ်ကြတာပါဟု ဆင်ခြေပေးကြသည်။ ထိုအချို့သည်လည်း မကြာမီ ဖျားကောင်း ဖျားကြမည် ဖြစ်ပါ၏။ ဘာပဲဖြစ်ဖြစ် ဦးနှောက်နှင့် နှလုံးသားတို့၏ ဟာမိုနီ ကိုတော့ အားလုံးထိန်းသိမ်းနိုင်ကြမည်ဟု မျှော်လင့်ရပါသည်။

0 comments:
Post a Comment