* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, December 27, 2009

အဘိဓမ္မာအပိုင်း -၂၊ အခန်း ၂

မနေ့က ပြခဲ့တဲ့ စေတသိက်တရားများ၏ တစ်ပါးသည် အဓိပ္ပါယ်ကို ပြောပြပါမယ်။ ပထမဆုံး အုပ်စုက...

သဗ္ဗစိတ္တသာဓာရဏ=စိတ်အားလုံးနှင့် အတူတကွ တွဲဖြစ်သော စေတသိက် =၇-ပါး။

နံပါတ်-၁- ဖဿ=ထိတွေ့မှုသဘော

ဖဿ=တွေ့ထိမှုစေတသိက်တရား၏ သဘောအဓိပ္ပါယ်...

ဖဿ=တွေ့ထိမှုဆိုတာ... သာမာန် အရာဝတ္ထုအချင်းချင်း ထိတွေ့မှုကိုဆိုလိုတာတော့ မဟုတ်ပါဘူး။ အဆင်း၊ အသံစသည့်အာရုံများနှင့် မျက်စိ၊ နားအကြည်ရုပ်စသည့် တရားသဘော -၂-ခုထိခိုက်မှုကို ဖဿ-ထိတွေ့မှုလို့ခေါ်တာပါ။ ဥပမာ= မျက်စိအကြည်နှင့် အဆင်းအာရုံ -၂-ခုရဲ့ ထိတွေ့မှုကြောင့် မြင်စိတ် ဖြစ်ခြင်း၊ နားအကြည်နှင့် အသံထိတွေ့မှုကြောင့် ကြားစိတ်ဖြစ်ခြင်း၊ နှာခေါင်း အကြည်နှင့် အရသာ ထိတွေ့မှုကြောင့် အရသာကို သိစိတ် ဖြစ်တယ်... စသည် အဲဒီလို ထိတွေ့မှုကို “ဖဿ=တွေ့ထိမှုလို့ ခေါ်တာပါ။ ဒီသဘောသည် တရားရှုမှတ်သူတို့အတွက် အင်မတန်သိသင့်ပါတယ်။

ဒီဖဿကို ပညာရှင်တွေက ဘယ်လို ဥပမာနှင့် သိသာအောင် ပြောပြခဲ့သလဲဆိုတော့...

ချဉ်စူးလှသော သံပုရာသီး (သို့မဟုတ်) ချဉ်တဲ့အသီး တခုခု စားနေသူကို မြင်ရသောအခါ ဘေးလူက ကိုယ်တိုင် မစားရဘဲလျက် ထိုစားနေသူ အာရုံ၌ ဖဿ=ထိတွေ့မှု၏ ဓာတ်သဘောထိခိုက်မှုကြောင့် မြင်ရသူ၏လျှာရည် ကျလာတဲ့ သဘောမျိုး၊

နောက်တစ်ခု... သစ်ပင်ခေါင်ဖျား၌ လိမ့်ကျလုမျှ တက်ရောက်နေသူကို မြင်ရသောအခါ ဘေးကနေ မြင်နေသော ကြောက်ရွံ့တတ်သူမှာ မြေပေါ်၌ နေရင်းကပင် ခြေတုန်နေတတ်သကဲ့သို့ သဘောမျိုး၊

နောက်တစ်မျိုး... သေးငယ်သော ခွေးစသော တိရစ္ဆာန်များသည် ခြင်္သေ့ ကျားစသော သားကောင်းကြီးများကို မြင်ရသောအခါ ထိုခွေးစသော သတ္တ၀ါတို့မှာ ကြောက်ရွံ့ပြီး ကွတကွတဖြစ်ကာ မပြေးနိုင်ဖြစ်တတ်ခြင်းမျိုး။

ဤဥပမာများသည် ကိုယ်ထိလက်တွေ့ ကိုယ့်သန္တာန်သို့ ဒါရိုတ်ထိခိုက်မှု မဟုတ်ဘဲလျက် ဖဿသဘောတရား၏ ဓာတ်သဘော ထိခိုက်မှုကြောင့် ဖြစ်ရခြင်းမျိုးပါ။ ကြားကနေ တရား-၂-ပါး ထိတွေ့ဖို့ရာ ဆက်စပ်ပေးတဲ့ တရားကို (ဖဿ)တရားလို့ ဤကဲ့သို့ ခေါ်ပါတယ်။

ပါဠိအဆိုကတော့... “စက္ခုဉ္စ ပဋိစ္စ ရူပဉ္စ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ၊ တိဏ္ဏံ သင်္ဂတိ ဖေဿာ ဆိုလိုတာက “မျက်စိအကြည်+အဆင်းအာရုံတို့ကြောင့် မြင်စိတ်ဖြစ်၊ ယင်း-၃-ခုတို့၏ တွေ့ဆုံမှုသဘောကို ဖဿ=ထိတွေ့မှုလို့ခေါ်ပါတယ်။ တခြား- ကြားတဲ့အခါ၊ နံတဲ့အခါစသည်မှာလည်း အတူတူပါဘဲ။

အကျဉ်းချုပ်မှတ်သားရမှာက.. ဖဿစေတသိက်တရား၏ သဘောသည် ကိုယ်လက်ခြေအင်္ဂါတစ်ခုခုဖြင့် ထိတွေ့လို့ ဖြစ်လာခြင်းကို မဆိုလိုပါဘူး၊ တရားသဘောအရ ထိတွေ့မှုကို ဆိုလိုတာပါ။ တကယ်လို့ အရာဝတ္ထု -၂-ခုကို ထိတွေ့မှုမျိုးကိုမှ ထိတွေ့မှု=ဖဿတရားလို့ ခေါ်မယ်ဆိုရင် သိမ်မွေ့တဲ့ မျက်စိအကြည်ရုပ်လေးကို သွားထည့်မယ်ဆိုရင် မျက်စိကန်းမယ်ပေါ့။ ဆိုလိုတာက တရားသဘောအရ မျက်စိအကြည်ရုပ်နှင့် အဆင်းလေး မြင်လို့ တွေ့ရတဲ့၊ ထိတွေ့ရတဲ့ သဘောမျိုးကိုသာ ထိတွေ့မှု=ဖဿလို့ ခေါ်ခြင်းပါ။ တရားရှုမှတ်တဲ့အခါ ဤထိတွေ့မှုကနေ တဆင့် ခံစားမှု=ဝေဒနာ၊ တပ်မက်မှု=လောဘစသည်မဖြစ်အောင်... ဒီလို တရားသဘောမျိုးတွေပဲ ရှိတာပါလား စသည်ဖြင့် ၀ိပဿနာဉာဏ်အသိဖြင့် သိသည့်တိုင်အောင် ကျင့်ကြံရမှာပါ။

ဒါက ဖဿစေတသိက်ရဲ့ သဘောအဓိပ္ပါယ်ပါ။

နံပါတ် -၂- ဝေဒနာ=ခံစားမှုသဘော

ခံစားမှုကို လိုရင်းအနေအားဖြင့် -၃-မျိုး ခွဲခြားနိုင်ပါတယ်။

၁။ ကောင်းသော အခြင်းအရာအားဖြင့် ခံစားတာ (သုခဝေဒနာ)

၂။ မကောင်းသော အခြင်းအရာအားဖြင့် ခံစားတာ (ဒုက္ခဝေဒနာ)

၃။ အလယ်အလတ် သဘောအခြင်းအရာအားဖြင့် ခံစားတာ (ဥပေက္ခာဝေဒနာ)

ဝေဒနာကို တော်တော်များများ နားလည်နေကြတာက ရောဂါဝေဒနာခံစားခြင်း အနေအားဖြင့်သာ သိနားလည်ကြပါတယ်။ တကယ်တမ်းကျတော့ ယင်းသဘောတရားမျိုးသည် အစစ်အမှန် ဝေဒနာမျိုးမဟုတ်ပါဘူ။ ပြင်းထန်းစွာခံစားနေရမှု သဘောအပေါ်တင်စားပြီး ရောဂါဖိစီးခံစားနေရသူကို ဝေဒနာခံစားနေရတယ်၊ ဝေဒနာဖြစ်နေတယ် စသည်ဖြင့် သုံးကြတာပါ။

အမှန်မှာက... မျက်စိနှင့် အဆင်းတိုက်ဆိုက်မှုမှာ ဖဿတရားဖြစ်တယ်၊ ယင်းဖဿ=ထိတွေ့မှုအပေါ်မှာ ဆက်လက်ပြီး ကောင်း၊ မကောင်းခံစားခြင်း သဘောမျိုးပါ။ ခံစားမှု သဘောက မနှစ်သက်စရာဆိုရင် ဒုက္ခဝေဒနာဖြစ်မယ်၊ ဒေါသဖြစ်မယ်။

နှစ်သက်စရာဆိုရင် သုခဝေဒနာဖြစ်မယ်၊ တပ်မက်မှုတွေ တိုးပွားမယ်။

တရားရှုမှတ်တဲ့အခါ ဒီဝေဒနာ=ခံစားမှုအဆင့်မှာ ရပ်အောင်.. ဆက်ပြီး အကုသိုလ်တရားများ မဖြစ်အောင် ရှုပွားရပါတယ်။

ဤဝေဒနာအဆင့်မှာ ကောင်း၊ မကောင်းခံစားမှုကို ပြတ်အောင် မရှုပွားနိုင်ဘူးဆိုလျှင် ပဋိစ္စသမုပ္ပါဒ်တရားတော်အရ “ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာ ပစ္စယာ တဏှာ၊ တဏှာပစ္စယာ ဥပါဒါနာ ဖဿ=တွေ့ထိမှုကြောင့် ဝေဒနာ=ခံစားမှုဖြစ်၊ ခံစားမှုကနေ တရားသဘောအရ မသိ၊ မရှုပွားနိုင်ရင် တပ်မက်မှု=တဏှာဖြစ်၊ တဏှာဖြစ်ပြီးဆိုရင် စွဲလမ်းမှု=ဥပါဒါန်တွေဖြစ်... ဤလိုဤလို မိမိတို့သန္တာန်မှာ အဘိဓမ္မာတရားတွေက လည်ပတ်ကာ ဖြစ်နေတာပါ။ ဒါကြောင့် အဘိဓမ္မာတရားတွေဆိုတာ အစတုန်းကပြောခဲ့သလို ဘုန်းကြီးတွေသာ သင်ရမည့် စာလည်း မဟုတ်၊ စာအုပ်ထဲမှာသာ ရှိတဲ့ အဘိဓမ္မာစာလည်း မဟုတ်ပါ။ မိမိတို့သန္တာန်မှာ နေ့စဉ်၊ နေစဉ် (သွားနေစဉ်၊ စားနေစဉ်စသည့် နေစဉ်တွေမှာ) ဖြစ်နေတဲ့ တကယ့်အရှိ တရားတွေဖြစ်သဖြင့် ကိုယ့်မှာ ရှိတာကို ကိုယ်သိအောင် လုပ်ရမည့် တရားတွေပါ။ ဒီလို စာအသိ သိရင်ကိုပဲ ဖြစ်လာမည့် အပူ ကင်းအောင် ထိမ်းနိုင်ပါတယ်။ ဖြစ်မည့် အပူ မဖြစ်အောင် သိရင် ကာကွယ်ရပါတယ်။ တကယ် အပူကင်းဖို့ကိုကား ၀ိပဿနာရှုမှတ်ခြင်းဖြင့်သာ လုပ်နိုင်ပါတယ်။

ကိုင်း... ဒီနေ့တော့ ဒီ(ဖဿ၊ ဝေဒနာ) တရား-၂-ပါးနဲ့ပဲ ရပ်ပါအုန်းမယ်။ နောက်နေ့များမှာ ဆက်လက် ပြောပြပေးပါမယ်။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP