စေတနာပါမှ ဒါနဖြစ်တယ်
သဒ္ဒါုဖြူဖွေး မေတ္တာကူပြီးစင်ကြယ်သန့်ရှင်း တွယ်တာမှုကင်းတဲ့စိတ်နဲ့ ကိုင်ပိုင်ပစ္စည်းကို တစ်ပါးသူလက်တွင်းသို့ စွန့်ကြဲပေးကမ်းနိုင်ခြင်းဟာ “ဒါန” ပြူတာပါ။ အလှူဒါနဆိုတာ နည်းမှန်လမ်းမှန်ပြုတတ်ရင် ဘဝကိုလည်း လှစေတယ်။ လောကကိုလည်း လှစေတယ်။ စိတ်ကိုလည်း လှစေပါတယ်။
ဒါနနဲ့ပတ်သတ်ရင် အစွန်းနှစ်ဖက်ရှိပါတယ်။ ဒါနဆိုတာ “သံသရာကို ကျယ်စေ၊ ဝဋ်ကိုလည်စေပါတယ်ကွာ” လို ဒါနကို ပယ်ရင်လည်း အသိဥာဏ်ကင်းတာမို့
အစွန်းဘက်ကိုရောက်ပါတယ်။ အဲဒီလိုမဟုတ်ဘဲ “ဒါနမပါရင် သံသရာမှာ မျက်နှာငယ်တယ်၊ တမလွန်ရိက္ခာအဖြစ် သယ်ကိုသယ်ရမယ် ” လို့ ဒါနကို ဖက်တွယ်ပြန်ရင်လည်း မိမိကိုယ်ကျိုးအတွက် ငွေတိုးပေးထားတဲ့သဘောမျိုးဖြစ်တာမို့ အစွန်းဘက်ကို ရောက်တာပါ။
ယခုလို သူတော်ကောင်း တရားထွန်းကားတဲ့ကာလမှာ အဲဒီ အစွန်း(၂) ပါးကို ပယ်ပြီး အလယ်၊ အလတ်လမ်းက“ဝိဝဋနိဿိတ၊ ပါရမီ ဒါနမျိုး” ဖြစ်အောင် ပြုနိုင်ပါမှ နည်းမှန်လမ်းမှန် အထက်တန်းကျ အောင်မြင်ဖွံ့ဖြိုး သာသနာတွင်း ကုသိုလ်ဒါနမျိုးဖြစ်နိုင်မှာပါ။
အလှူဒါနတစ်ခုမှာ အပေါ်ယံ အပြင်ပန်းအသွင်သဏ္ဌာန်နဲ့ အတွင်းအနှစ်သာရလို့ အပိုင်း(၂)ပိုင်း၊ ကဏ္ဍ(၂)ခုရှိပါတယ်။ ဆွမ်း၊ သင်္ကန်းစတဲ့လှူဖွယ်ဝတ္ထု၊ ရဟန်းသံဃာတော်စတဲ့ အလှူခံပုဂ္ဂိုလ်၊ လှူဒါန်းတဲ့ပုဂ္ဂိုလ်ရဲ့ ကိုယ်နှုတ်အမှုအရာစတာတွေဟာ အလှူဒါနတစ်ခုရဲ့ အပြင်ပန်းသဏ္ဌာန်တွေပါ။ ဒီလှူဖွယ်ဝတ္ထုတွေကို လှူဒါန်းနေတဲ့အခါ အလှူရှင်ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ ဖြစ်ပေါ်နေတဲ့ အလှူနဲ့စပ်တဲ့စိတ်စေတရာတွေကမှ အလှူဒါနရဲ့ အတွင်းအနှစ်သာရတွေဖြစ်ပါတယ်။
ဘဝသံသရာမှာ အလှူဒါနတစ်ခု အကျိုးပေးတဲ့အခါမှာ အပြင်ပန်းအသွင်သဏ္ဌာန်တွေက အကျိုးပေးတာမဟုတ်ပါဘူး။ အတွင်းအနှစ်သာရဖြစ်တဲ့ စိတ်စေတနာတွေက အကျိုးပေးတာပါ။ အပေါ်ယံအသွင်သဏ္ဌာန်ကိုသာ လောကပကာသနနောက်လိုက်ပြီး ဟန်ဆောင်လုပ်လို့ရပေမယ့် အတွင်းအနှစ်သာရ ကုသိုလ်အကျိုးပေးကတော့ ဟန်ဆောင်လုပ်ယူလို့မရနိုင်ပါဘူး။ ဒါကြောင့် အလှူဒါနတစ်ခုပြုလုပ်တဲ့အခါ အပေါ်ယံအပြင်ပန်း လူမြင်ကောင်းဖို့ အများကျေနပ်ဖို့ထက် အတွင်းအနှစ်သာရ စိတ်စေတနာကောင်းဖို့ ကိုယ်တိုင်ကျေနပ်က ပိုပြီးအရေးကြီးပါတယ်။
အပေါ်ယံ အသွင်သဏ္ဌာန်သာကြီးကျယ်ပြီး အတွင်းအနှစ်သာရမဲ့တဲ့ အလှူတွေဟာ အိုးကုန်သည်၊ပုတ်ကုန်သည်တွေနဲ့တူပါတယ်။ အိုးကုန်သည်၊ ပုတ်ကုန်သည်တွေဟာ လှည်းတစ်စီးတိုက်၊ ကားတစ်စီးတိုက် အိုးတွေ ပုတ်တွေလာရောင်းတဲ့အခါ အမြင်သာကြီးကျယ်ပေမယ့် တန်ဖိုးငွေကြေးကျတော့ အရနည်းပါတယ်။
အပေါ်ယံအသွင်သဏ္ဌာန် မကြီးကျယ်ပေမယ့် အထဲမှာအနှစ်သာရတွေအပြည့်အဝပါဝင်တဲ့ အလှူတွေကတော့ ရွှေကုန်သည်၊ စိန်ကုန်သည်တွေနဲ့ ဥပမာတူပါတယ်။ ရွှေကုန်သည် စိန်ကုန်သည်တွေဟာ လာရောင်းတဲ့ပစ္စည်းက လူမမြင် သူမမြင် တစ်ခုတလေဖြစ်ပေမယ့် ရောင်းကြေးက တနင့်တပိုး သိန်းသန်းချီပြီးရတယ်။
ဒီအကြောင်းနဲ့စပ်ပြီးတော့ ကလေးဘဝတုန်းက နားထောင်းခဲ့ဖူးတဲ့ ပုံပြင်လေးတစ်ပုဒ်ကို သတိရမိပါတယ်။
တစ်ခါတုန်းက ဗာရာဏသီပြည်မှာ( ငယ်ငယ်တုန်းကလေ ပုံပြင်ပြောလို့၊ ပြောရင်းနဲ့ မင်းနာမည်တို့၊ တိုင်းပြည်နာမည်တို့မေ့သွားရင်လေ၊ မင်းမသိရင် ဗြဟ္မဒတ်၊ တိုင်းပြည်မသိရင် ဗာရာဏသီ၊) အင်မတန်ချမ်းသာကြွယ်ဝတဲ့ သူဌေးနှစ်ဦးရှိဖူးတယ်။ အဲဒီသူဌေးနှစ်ဦးဟာ ငယ်သူငယ်ချင်းတွေဖြစ်တာမို့ တစ်ဦးနဲ့တစ်ဦး အင်မတန်ချစ်ခင်ကြသတဲ့။
ဒါပေမယ့် သူငယ်ချင်းသူဌေးနှစ်ဦးဟာ တစ်ယောက်နဲ့တစ်ယောက် စရိုက်ချင်းမတူကြဘူး။ သူဌေးတစ်ယောက်က ဂုဏ်ပကာသနတွေကိုခင်မင်ပြီး အလွန်ကြွားဝါချင်တယ်။ စေတနာ သဒ္ဓါမပါဘဲ နာမည်ကောင်းရအောင်ဆိုပြီး အလွန်အကျွံ အလှူအတန်းလုပ်ပါတယ်။ ကျန်သူဌေးတစ်ယောက်ကတော့ လှူသင့်သလောက်လှူ၊ စားသင့်သလောက်စားပြီး ရိုးရိုးအေးအေးပဲ နေထိုင်ပါတယ်။
အဲဒီလိုနဲ့ နှစ်အနည်းငယ်ကြာလာတဲ့အခါမှာ ဂုဏ်လိုချင်လို့ အလှူအတန်းအများကြီးလုပ်တဲ့ သူဌေးဟာ တဖြည်းဖြည်း ပစ္စည်းဥစ္စာတွေဆုံးပါးပြီး ဆင်းရဲ့သွားသတဲ့။ ဒါနဲ့ ဆင်းရဲ့သွားတဲ့ သူဌေးဟာ သူ့မှာ ဘာမျှ ရောင်းချသုံးစွဲစရာ ပစ္စည်းမရှိတော့လို့ သူပြုလုပ်ထားတဲ့ ကုသိုလ်ကောင်းမှုတွေကိုပဲ သူငယ်ချင်းထံရောင်းချတော့မယ်ဆို့တဲ့ စိတ်ကူးနဲ့ ဇနီးဖြစ်သူကိုပါ အတူခေါ်ပြီးတော့ သူငယ်ချင်းသူဌေးထံကို ထွက်လာခဲ့တယ်။
အဲဒီလို ခရီးထွက်လာရင်း လမ်းခုလတ် ဇရပ်တစ်ခုမှာ အမောအပန်းဖြေကာ ပါလာတဲ့ထမင်းထုပ်ကို စားမယ်ဆိုပြီး ဖြေလိုက်တယ်။ ထမင်းထုပ်ကလည်း ငယ်ငယ်လေးမို့ နှစ်ယောက်မျှဝေပြီးစားရတယ်။ အဲဒီ အခိုက်မှာ ခွေးပိန်းကလေးတစကောင်ဟာ ယိုင်တိယိုင်ထိုးနဲ့ ဇရပ်နားကပ်လာသတဲ့။ အဲဒီအခါ ထမင်းစားနေတဲ့ သူဌေးဆင်းရဲ့က “ရှင်မရယ် ကြည့်စမ်းပါဦး၊ ခွေးပိန်းကလေးဟာ အစာမစားရတာကြာလို့ လမ်းကောင်းကောင်းမလျှောက်နိုင်တာနဲ့တူပါတယ်။ သနားစရာလေးသွာ၊ အခုတို့စားနေတဲ့ ထမင်းထုပ်ကို ခွေးကလေးကို ကျွေးလိုက်ရအောင်” လို့ဇနီးဖြစ်သူကို ပြောလိုက်တယ်။
ဇနီးဖြစ်သူကလည်း သဘောတူကြည့်ဖြူစွာ သူတို့စားမယ့် ထမင်းထုပ်ကို “ခွေးပိန်ကလေး ဝအောင်းစားပါစေ” ဆိုတဲ့ စေတနာနဲ့ အကုန်လှူချလိုက်ပါတယ်။ သူတို့နှစ်ယောက်ကတော့ ဇရပ်နဘေးက ရေအိုးစင်မှာ ရေအဝသောက်ပြီးခရီးဆက်ခဲ့ကြသတဲ့။
ဒီလိုနဲ့ သူငယ်ချင်းသူဌေးထံ သူတို့ဇနီးမောင်နှံ ရောက်သွားတဲ့အခါ သူငယ်ချင်းသူဌေးကို ဆင်းရဲ့သွားတဲ့သူဌေးက “ ငါတို့ပြုထားတဲ့ ကုသိုလ်ကောင်းမှုတွေကို ရောင်းချဖို့သူငယ်ချင်းထံလာခဲ့တာပဲ၊ သဘောတူဝယ်ယူမယ်ဆိုရင် တစ်ဘဝလုံးပြုထားခဲ့တဲ့ ကုသိုလ်အကုန်ရောင်းခဲ့မှာ” လို့ပြောပြသတဲ့။
အဲဒီအခါ သူငယ်ချင်းသူဌေးကလည်း ဝမ်းသာအားရနဲ့“ရောင်းသမျှကုသိုလ်ကောင်းမှုကို ဝယ်ယူပါ့မယ်ဗျ” လို့ဆိုလိုက်ကာ ကုသိုလ်ကောင်းမှုများကို ချိန်ခွင်ထဲမှာထည့်ပြီး ချိန်ခိုင်းပါတယ်။ အဲဒီအခါ စေတနာ အရင်းမခံဘဲ ဂုဏ်ပကာဿနကို လိုချင်တာနဲ့ ပြုလုပ်ခဲ့တဲ့ကုသိုလ်တွေဖြစ်တာမို့ လေးတယ်လို့ကိုမရှိဘဲ ငွေဘက်ကပဲ အမြဲအလေးသာနေသတဲ့၊ ကျောင်းကုသိုလ်၊ ဇရပ်ကုသိုလ်၊ ရေကန်ကုသိုလ် ဘာကုသိုလ်ပဲထည့်ထည့် ကုသိုလ်ဘက်က အလေးမသာဘဲ ငွေဘက်ပဲ အလေးသာနေတယ်။
ဒီလိုနဲ့ တစ်ဘဝလုံးပြုခဲ့တဲ့ ကုသိုလ်ကောင်းမှုတွေချပြီး ချိန်ကြည့်လိုက်တာ ကုသိုလ်ကောင်းမှုတွေသာကုန်သွားတယ်။ အလေးချိန်တွေကတော့ တက်မလာဘူးတဲ့။ ချိန်ခွင်ထဲမှာ ထည့်ထားတဲ့ငွေကလည်းမဖြစ်စလောက်(၁) ပိဿာပဲရှိသတဲ့၊ ဒါတောင် ကုသိုလ်က မနိုင်ဘူးဖြစ်နေတယ်။ အဲဒီအခါ ကုသိုလ်ဝယ်မယ့် သူဌေးက “ဟင်းသူငယ်ချင်း၊ မင်းကုသိုလ်တွေက ဒါအကုန်ပဲလား၊ ကျန်ရှိနေရင် စဉ်းစားပါဦး” လို့ပြောတယ်။ ဆင်းရဲ့သွားတဲ့သူဌေးလည်း ခေါင်းကုတ်ပြီးစဉ်းစားလိုက်တာ နောက်ဆုံး၊ လမ်းခရီးမှာ ခွေးပိန်ကလေးတစ်ကောင်ကို ထမင်းတစ်နပ် အငတ်ခံပြီးကျွေးခဲ့တဲ့ကုသိုလ်က ပေါ်လာတယ်။ အဲဒါနဲ့ သူဌေးဆင်းရဲ့လည်း “ဟာသူငယ်ချင်း၊ တို့လင်မယား အခုမင်းဆီလာတုန်းက လမ်းမှာ လွေးပိန်ကလေးကို ထမင်းကျွေးခဲ့တဲ့ကုသိုလ် ကျန်သေးတယ်။ အဲဒီ ကုသိုလ်ကိုလည်း ထည့်ချိန်လိုက်ပါ” လို့ ဝမ်းသာအားရပြောပြတယ်။
အဲဒီအခါ ငတ်သေလုဆဲဆဲ ခွေးပိန်ကလေးကို စေတနာရှိရှိနဲ့ ထမင်းကျွေးခဲ့တဲ့ကုသိုလ်ဟာ အနှစ်သာရ အပြည့်အဝပါတာမို့ ကုသိုလ်ဘက် အလေးသာလာတယ်။ ကုသိုလ်ဝယ်တဲ့ သူဌေးကလည်း သူပိုင်ငွေတွေသာမက ရွှေသားတွေပါ ထပ်ဖြည့်ပေမယ့် ကုသိုလ်ဘက်က အလေးသာနေတယ်။ နောက်ဆုံးတော့ သူပိုင်ဆိုင်သမျှ ဥစ္စာဓနတွေ အကုန်လုံးပုံထည့်ပေးတာတောင်မှ ခွေးပိန်ကလေးကို ထမင်းကျွေးခဲ့တဲ့ ကုသိုလ်ဘက်က အလေးသာနေတော့ ကုသိုလ်ဝယ်တဲ့ သူဌေးက“ ကဲ၊သူငယ်ချင်း ငါ့စည်းစိမ်တွေတော့ကုန်ပြီ၊ ငါ့အတွက် ပစ္စည်းတစ်ဝက်ချန်ထားပြီး မင်းကုသိုလ်တစ်ဝက်အတွက် ငါ့ပစ္စည်း တစ်ဝက်ကိုသာ ယူသွားပါတော့” လို့ဆိုပြီး ကုသိုလ်တစ်ဝက်ဖိုးအဖြစ် သူ့ဥစ္စာဓနတစ်ဝက်ကို ဆင်းရဲ့သွားတဲ့ သူဌေးအား ခွဲဝေပေးလိုက်ပါတယ်။
ပြီးတော့ “သူငယ်ချင်း၊ နောက်ဆိုရင် သဘောပေါက်၊ စေတနာရှိမှ လှူပါကွာ၊ ဂုဏ်ပကာဿနတွေကို မမက်ပါနဲ့၊ ပျော်ရုံသက်သက်ပြုလုပ်ထားတဲ့ အရေခြုံကုသိုလ်ဆိုတာ ငွေကုန်တာကလွဲလို ဘာအကျိုးမျှ မဖြစ်ထွန်းပါဘူး။ အသိဥာဏ်နဲ့ယှဉ်ပြီး ကုသိုလ်ပြုတတ်ရင် ငွေကုန်နည်းပေမယ့် တသ်လုံးတစ်ခဲတည်း အကျိုးပေးပါတယ်” လို့ သတိပေးစကားလည်း ပြောကြားလိုက်ပါသေးသတဲ့။
ဒီပုံပြင်ကလေးကတော့ နည်းနည်း ဒဏ္ဍာရီဆန်ပေမယ့် တကယ်ဘဝက လူသားတွေကိုတော့ ထင်ဟပေါ်လွင်စေပါတယ်။ ဒါနကောင်းမှု ပြုတဲ့အခါ စေတနာဒါန၊ ဝတ္ထုဒါန(၂) မျိုးမှာ စေတနာဝတ္ထုက ပိုပြီးပဓာနကျပါတယ်။ ဒါကြောင့်မို့ တစ်ခါတစ်ရံ ညောင်စေ့ကလေးလောက်လှူပြီး ညောင်ပင်ကြီးလောက် အကျိုးရတာရှိတာတွေရှိသလို ညောင်ပင်လောက်လှူပြီးညောင်စေ့လောက်ကလေးလောက်ပဲ အကျိုးရတာတွေလည်း ရှိတတ်ပါတယ်။ ကံအကျိုးပေးရာမှာတော့ စေတနာဟာ အဓိကဇာတ်ကောင်ပဲ ဖြစ်ပါတယ်။
စေတနာကောင်းရင် ကံ(အကျိုးပေး) လည်းကောင်းတတ်တာမို့ ကံကောင်းလိုတဲ့ သူတွေ စေတနာကောင်းမွန်အောင်ဂရုစိုက်ကြရမှာပါ။ များသေားအားဖြင့် စေတနာဆိုတာကလည်း သူ့အလိုလို ကောင်းမွန်ခဲ့တာမို့ ကိုယ့်ဘက်က သဒ္ဓါ၊ မေတ္တာ၊ပညာအားတွေ များများစိုက်ထုတ်ပြီး ပြုပြင်ယူကြရမှာပါ။
သဒ္ဓါတရားဆိုတာ ကံ-ကံရဲ့ အကျိုးပေးနဲ့ ရတနာသုံးပါးရဲ့ စွမ်းရည်သတ္တိ ဂုဏ်ကျေးဇူးတွေကို သိမြင် ယုံကြည်လက်ခံနိုင်တဲ့ သဘောပါ။ သူက “ရှေးကကောင်းလို့ အခုကောင်းတယ်၊ အခုကောင်း နောင်ကောင်းပါလိမ့်မယ်” ဆိုတဲ့ အကြောင်းအကျိုးကွင်းဆက်ကို လက်ညှိုးထိုးညွန်ပြပေးပါလိမ့်မယ်။
မေတ္တာတရားဆိုတာ ကောင်းကျိုးလိုလားတဲ့ ချစ်ခင်ကြင်နာမှုပါ။ သူကတော့ မုန်းငြိုးပစ်မှား ဒေါသအာဃာတတရားတွေကို ဖယ်ရှားပြီး အလှူခံပုဂ္ဂိုလ်တွေအပေါ်မှာ ချစ်ခင်ကြာနာမှုတွေနဲ့အတူ နူးညံ့သိမ်မွေ့ စိတ်အားပြည့်စေပါလိမ့်မယ်။
ပညာဆိုတာ အမှောင်ပယ်ခွင်းစိတ်ဓာတ်ကို အခင်းရစေခြင်းပါပဲ။ သူက ဒါနကုသိုလ်ရဲ့ ဆန့်ကျင်ဘက်အညစ်အကြေးတွေဖြစ်တဲ့ အရာရာတပ်မက်တွယ်တာလိုမှု လောဘနဲ့ ကပ်စေးနှဲ နှမြောတွန့်တိုမှု မစ္ဆရိယတရားဆိုးတွေကို ပယ်ဖျက်ချိုးနှိမ်ပေးတတ်ပါတယ်။
ဒါကြောင့် အလှူဒါနတစ်ခုပြုလုပ်တဲ့အခါမှာ နာမည်ကောင်းရရေး၊ ကြွားဝါရရေးထက် သဒ္ဓါ၊ မေတ္တာ၊ ပညာ ပြည့်ဝရေးကိုသာ အထူးဂရုပြုကြရမှာပါ။ ဘဝသံသရာမှာ ကျင်လည်ကြရပြီးဆိုရင် လောကပကာဿန နောက်လိုက်ပြီး ဟန်ဆောင် ပန်ဆောင်ပြုလုပ်ထားတဲ့ ဆေးဆိုးပန်းရိုက် စိတ်စေတနာတွေထက် သဒ္ဓါ၊ မေတ္တာ၊ ပညာတရားတွေပြည့်ဝတဲ့ သဘယအလှ စိစေတနာတွေကသာ တကယ့်အားကိုးစရာဖြစ်ပါတယ်။
www.http://thitsarparami.org အတွက် အရှင်ဓမ္မသာရ မှ ဓမ္မဒါန ရေးသားပူဇော်ပါသည်။
သတ္တဝါခပ်သိမ်း၊တရားကိန်း၊အေးငြိမ်းချမ်းသာရှိပါစေ။
၂၆.၁၂.၂၀၀၉

0 comments:
Post a Comment