* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, December 27, 2009

ဘဒ္ဒါကုဏ္ဍလကေသာထေရီ အပိုင်း-၂


ကောက်ရိုးဖြင့် ပြုလုပ်သော ပန်းသည် အဘယ်မျှပင် ဖွယ်ရာဆန်းကြယ်စွာ ခြယ်မှုန်းပြုပြင် ထားစေကာမူ အဆင်းသာ ဆန်း၍ ရနံ့ကန်းချေသည်။ ပေါက်ပွင့် ပေါက်ပန်းများသည်လည်း မည်မျှပင် လှပသော်လည်း ပန်း၏ ဂုဏ်ဖြစ်သော ရနံ့မရှိသောကြောင့် တန်ဖိုးမဲ့ပေသည်။ ပညာရှိတို့သည် အရေပြားပေါ်တွင် ထင်သော အလှထက် နှလုံးသားနှင့် ဦးနှောက်တွင် တည်သော အလှကို ဂုဏ်ပြုလိုသောကြောင့် သတ္ထုက ကဲ့သို့သော လူများကို ‘အဆင်းလှဆန်း လူ့ ပေါက်ပန်း’ ဟု ရှုတ်ချ ရေးသားဖွဲ့ဆိုကြ၏။

သို့ရာတွင် အမှန်ကို အမှန်၊ အမှားကို အမှားဟူ၍သာ လူတိုင်းသိရှိ လိုက်နာနေကြလျှင် အကျဉ်းထောင်နှင့် ငရဲပြည်တို့ ပျက်သုဉ်း၍ နတ်ပြည်ခြောက်ထပ်တွင် နေရာမဆံ့ရှိချေမည်။ နိဂဏ္ဍနာဋပုတ္ထ စသော ပုဂ္ဂိုလ် တို့မှာလည်း လာဘ်လာဘ ခေါင်းပါး၍ ပျက်စီးရတော့မည်။

အမှန်မူ ဤသို့ ဖြစ်မလာခဲ့သဖြင့် တိတ္ထိဆရာတို့ထံတွင် လည်းကောင်း၊ အကျဉ်းထောင်နှင့် ငရဲကြီး ရှစ်ထပ်တို့တွင် လည်းကောင်း လူများ ပြည့်နှက် နေကြခြင်းဖြစ်၏။ အပူကို အအေး၊ အမည်းကို အဖြူဟု မြင်သူများထဲတွင် သူဌေးသမီး ဘဒ္ဒါလည်း တစ်ယောက် အပါအဝင် ဖြစ်သည်။

ဖခင်သူဌေးကြီးသည် လူသတ်သမားတို့အား အသပြာတစ်ထောင် ပေး၍ သတ္ထုကအား ရွေးယူခဲ့၏။ လူမသိ သူမသိ ရထားဖြင့် တင်လာကာ နံ့သာရေမိုး ချိုးပေးပြီး ဝတ်ကောင်းစားလှ ဆင်ပေး၏။ မချစ်သော်လည်း အောင့်ကာနမ်း ရဘိသို့ သမီးနှင့် စပ်လျဉ်းလာသောကြောင့် သင့်လျော်ရာ ရတနာတန်ဆာများကိုလည်း ဆင်ယင်ပေးကာ သမီးစံရာ ပြာသာဒ်ပေါ်သို့ တင်ပေးလိုက်ရတော့၏။

မိဘတို့မှာ သမီးကလေး အသက်မသေလျှင် ပြီးရောဟု သဘောထားကာ အသက်ရှင်ရာ ရှင်ကြောင်းကို ဆောင်ရွက်ကြရစေကာမူ စိတ်ချမ်းသာမှု မရှိလှချေ။ သို့တစေ ဘဒ္ဒါမှာမူ ချစ်သောသူနှင့် ပေါင်းသင်းရသောကြောင့် ပျော်ခြင်းကြီးမက ပျော်နေ၏။ ခက်ခဲ ပင်ပန်းစွာ ရယူပေါင်းသင်းရသဖြင့် ရွှင်လန်း၏။ ထို့ပြင် မြတ်နိုးခြင်း သဒ္ဓါခြင်းတို့လည်း ပိုကဲ ဆင့်ပိုးနေပေသေး၏။

သို့ဖြစ်၍ ဘဒ္ဒါသည် အဖ ဆင်မြန်း ပေးလိုက်သော ရတနာ တန်ဆာတို့ထက် နှစ်ဆပိုသော ပစ္စည်းများဖြင့် သတ္ထုကအား ဆင်မြန်းပေး၏။ ကောင်းမွန်သော အိပ်ရာနေရာ၊ ကောင်းမွန်သော အစားအစာများဖြင့် အနည်းငယ်မျှ မချို့တဲ့အောင် ပြုစု ယုယ ထားလေသည်။ သတ္ထုကကို မှန်ကြည့်သလို ကြည့်ကာ ချစ်ခင်ကြင်နာမှုကို ပြသနေပေသည်။

သို့သော် ရေတွင် အရုပ်ရေး၍ မထင်သကဲ့သို့ ဘဒ္ဒါ၏ မေတ္တာ စေတနာသည်လည်း သတ္ထုက၏ နှလုံးသား၌ မထင်ဟပ်ပေ။ ငါ့အသက်ကို ကယ်ပါကလား ဟူ၍ ကျေးဇူးတင်ရကောင်းမှန်း မသိဘဲ တစ်စုံတစ်ရာ မကောင်းမှု ပြုရန်သာ ကြံစည်စိတ်ကူးနေသည်။ လေးငါးရက် ကြာလာခဲ့၏။ သတ္ထုကလည်း သူ၏ အကြံကို အကောင်အထည် ဖော်ရန် စိတ်ကူး ပြင်ဆင် ပြီးသွားလေပြီ။

“ချစ်နှမဘဒ္ဒါ၊ ငါ့တွင် နတ်တို့အား ပူဇော်ရန် ကတိကြွေး တင်နေပေသည်။ ဤအကြွေးကို ဆပ်ရန် ကူညီ စေချင်သည်”

သတ္ထုက စေလျှင် မြင်းမိုရ်တောင်ကိုပင် ရွှေ့ပေးမည့် ဘဒ္ဒါသည် လှုပ်လှုပ်ရှားရှားဖြင့် အနားသို့ တိုးကပ်လာ၏။

“ဘယ်လိုကြွေးများလဲ မောင်ကြီးရယ်၊ နှမလေး အသက်နဲ့လဲပြီး ဖြည့်စွမ်းဖို့ အသင့်ပါပဲ”

“ဒီလိုပါ နှမရယ်၊ မောင်ကြီးကို အာဏာသားတွေ ကြိုးတုပ်ပြီး ဖမ်းဆီးသွားတော့ မောင်ကြီးဟာ ခိုးသူတို့ကို ပစ်ချတဲ့ ‘ခိုးသူပစ်တောင်’ က တောင်စောင့်နတ်တွေကို တိုင်တည်ခဲ့တယ်”

“ဘယ်လိုများ တိုင်တည်ပါသလဲ မောင်ကြီး”

“အို တောင်စောင့်နတ်တို့၊ ကျွန်ုပ်အား အသက်မသေအောင် ကယ်ဆယ်ကြ စောင့်ရှောက်ကြပါလော့၊ ကျွန်ုပ် အသက် ရှင်နေခဲ့လျှင် နတ်မင်းတို့အား ပူဇော်ပသပါမယ်လို့ ကတိထားခဲ့မိတယ်”

“ဒါလေးများ မောင်ကြီးရယ်၊ ဘာများခက်တာမှတိလို့၊ ညနေ နေအေးရင် အဆင်သင့် ဖြစ်စေမယ် ဟုတ်ပြီလား”

ဘဒ္ဒါသည် သတ္ထုက၏ ပခုံးစွန်းကို ပါးကလေးဖြင့် ပွတ်သပ်ရင်း သွက်လက်စွာ ပြောလိုက်ရာ သတ္ထုကမှာ ကျေနပ်သွားလေသည်။

ထိုနေ့ညနေတွင် သူဌေးကြီး၏ ဝင်းရိပ်သာအတွင်း၌ ခိုးသူပစ်တောင်သို့ သွားရမည့် ရထားသည် အသင့်ဖြစ်နေ၏။ နတ်တို့အား ပူဇော်ရန် ငှက်ပျောပွဲ အုန်းပွဲများနှင့်အတူ လိုက်ပါမည့် အစေအပါးများလည်း အသင့်ဖြစ်နေကြသည်။ မကြာမီ ရွှေဟင်္သာမောင်နှံ ပျံဝဲသည့်နှယ် တင့်တယ် လိုက်ဖက်သော ဇနီးမောင်နှံ တို့သည် အဖိုးထိုက် အဖိုးတန် ရတနာ ပစ္စည်းများ ဝတ်ဆင်လျက် လက်ချင်းတွဲ လည်ချင်းယှက်ကာ ပြာသာဒ်ပေါ်မှ ဆင်းလာကြသည်။

မြင်သူ ကြည်နူးရွှင်မြူးစရာ ကောင်းသော ထိုမောင်နှံတို့ ရထားပေါ် တက်မိလျှင် ရထားကြီးသည် ညင်သာစွာ ထွက်သွား၏။ အစေအပါးများလည်း အသီးသီး တာဝန်ယူကြသော ပစ္စည်းများကို ထမ်းသူထမ်း ပိုးသူပိုးကာ ရထားနောက်မှ လိုက်သွားသည်။

ရထားပေါ်တွင် ပါလာသူများမှာ သတ္ထုကနှင့် ဘဒ္ဒါတို့ ဖြစ်လေသည်။ သတ္ထုကမှာ အကြံအောင်တော့မည်ဟု ဝမ်းသာနေ၏။ ဘဒ္ဒါကား ချစ်လင်နှင့် တူယှဉ်နွဲ၍ အပျော်ခရီး ထွက်သည့်သဘောဖြင့် သွားလာရသည့်အတွက် ရွှင်မြူးတက်ကြွ နေပေ၏။ ခိုးသူပစ်တောင်ကြီးသည် တဖြည်းဖြည်း နီးကပ်၍ လာခဲ့သည့်နည်းတူ လူနေ အိမ်ခြေများလည်း ဝေး၍ ဝေး၍ ကျန်ခဲ့လေ၏။

ခိုးသူပစ်တောင်ကြီးသည် မြင့်မောက် မတ်စောက် လွန်းလှသည်။ ရာဇဂြိုဟ်မြို့ဘက်မှ အတက်လမ်းသည် ပြေပြစ်သလောက် အခြားတစ်ဖက်တွင်ကား မြင့်မား မတ်စောက်သော ချောက် ကမ်းပါးပြတ်များသာ ဝန်းရံနေ၏။ ထို ကမ်းပါးပြတ်မှ ပစ်ချခံရသော ရာဇဝတ်သားမှာ တစ်ကြိမ်မျှ အသက်ရှင်လျက် ပြန်လာသည်ကို မကြားရဖူးချေ။

ထိုတောင်ခြေတွင် ရထားဆိုက်သောအခါ သတ္ထုကသည် အလျင်ဆင်းပြီး တောင်ပေါ်သို့ တက်ရန် ပြင်နေသော အစေအပါးများကို ဟန့်တားလိုက်၏။

“မင်းတို့ဟာ ငါ့အတွက် သွေးသား မတော်စပ်လို့ မင်းတို့ပါရင် နတ်ကြိုက်မှာ မဟုတ်ဘူး၊ ဒါကြောင့် ဒီကပဲ စောင့်ခဲ့ကြပေတော့။ ကဲ အချစ်ရေ မောတယ် ပန်းတယ် သဘောမထားနဲ့နော်၊ မောင်တစ်ထမ်း မယ်တစ်ရွက် ထမ်းပိုးပြီး နှစ်ယောက်တည်း သွားကြစို့လား”

(ဘဒ္ဒါကုဏ္ဍလကေသာထေရီ အပိုင်း-၂ အဆက်အား ဆက်တင်ပါမည်)

☺ပြီးပါပြီရှင်...။.



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP