ထူးထူးခြားခြားဆရာတော်များ

ယာဝ တံနပ္ပဟီယတိ၊ တာဝ ဒေ၀မနုဿာ အဝေရတာဒီနိ ပတ္တယန္တာပိ ဝေရာဒီ နပရိမုစ္စ န္တိယေ၀ ( ထိုတရားကို မပယ်နိုင်သေးသမျှ ကာလ ပတ်လုံး နတ်လူတို့သည် ဘေးရန်ကင်းမှု စသည်ကို တောင့်တကြသော်လည်း ဘေးရန် စသည်တို့မှ လွတ် မြောက်နိုင်ကြမည် မဟုတ် သည်သာ)ဟု ဒီ-ဋ္ဌ-၂-၃၁၁) အဋ္ဌကထာဆရာတော်များ မှတ်ချက်ပြုတော်မူခဲ့ကြသည်။
မှတ်ချက်ပါ ´ ထိုတရား´ ဆိုသည်ကား အခြားမဟုတ်။ ဣဿာ မစ္ဆရိယ ဆို သော တရားဆိုးနှစ်မျိုးပင် ဖြစ်သည်။ ထိုတရားဆိုး နှစ်မျိုးကို မပယ်စွန့်နိုင်သေးလျှင် ဘေးရန်ကင်းကွာ ချမ်းသာစွာနေရဖို့ ဆိုသည်ကို တောင့်တနေ ပေမဲ့ တောင့်တသည့် အတိုင်း ချမ်းချမ်းသာသာ နေကြရလိမ့်မည် မဟုတ်ပါတဲ့။
ဣဿာ မစ္ဆရိယ တို့၏ သဘောသွားကို အားလုံး နားလည်ကြပြီး ဖြစ်ပါလိမ့်မည်။ ဣဿာ- ဆိုသည်က ကိုယ့်ထက်သာ မနာလို တတ်သော သဘောဖြစ်ပြီး၊ မစ္ဆရိယ ဆိုသည်ကမူ ကိုယ့်ပစ္စည်းစသည်ကို နှမြောတွန့်တို တတ်သော သဘောပင် ဖြစ်သည်။ သတ္တ၀ါတွေ သန္တာန်မှာ အဖြစ်များပြီး ပယ်စွန့်ဖို့ရာလည်း လွန်စွာခက်သော တရားနှစ်မျိုး ပါပေ။
သတ္တ၀ါများသည် လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာန စသည်တို့ကို အတော် အတန်ထိန်းသိမ်း ဟန်တားနိုင်ကြ သော်လည်း ဣဿာ မစ္ဆရိယ(မနာလို ၀န်တိုမှု) တို့ကိုမူ အတော်များများ မဟန့်တားနိုင်ကြပေ။
မနာလိုမှု ၀န်တိုမှုဆိုသည်မှာ သတ္တ၀ါ များ၏ ဓလေ့ သဘာဝ တစ်ခုလို ဖြစ် နေသည်။ ဤတရား နှစ်မျိုး ဖြစ်လာ ရသည်မှာ ကိုယ်သာ ချမ်းသာချင်ပြီး သူများကိုမူ ကိုယ့်လို ချမ်းသာလာမှာကို မလိုလားသော ဓာတ်ခံကြောင့် ဖြစ်သည်။
ကိုယ်ချမ်းသာချင်၍ ဖြစ်လာရသော်လည်း တကယ်တန်းတွင်မူ ထိုတရားဆိုး နှစ်မျိုး ရှိနေသမျှ ချမ်းသာသုခကို ဘယ်လောက်ပဲ လိုချင် လိုချင် ရနိုင်မည် မဟုတ်ဟု အတိအလင်း မိန့်ဆိုထားသည်။
ဣဿာ မစ္ဆရိယ တရားဆိုး နှစ်မျိုးသည် အခြားသူများထက် မိမိတို့ မြန်မာနိုင်ငံ သားများတွင် ပို၍ အဖြစ်များသည်ကို တွေ့ရသည်။
မြန်မာတို့၏ မနာလိုစိတ်များပြားပုံမှာ နိုင်ငံခြားသား အတော်များများကပင် အသိ အမှတ်ပြုယူရသည် အထိ ဖြစ်၏။ နိုင်ငံခြားသားများက ချမ်းသာကြွယ်ဝ နိုင်သည့် နည်း လမ်းကောင်းတစ်ခု ရှာတွေ့ပြီဆိုလျှင် တခြားသူ များအား လက်ဆင့်ကမ်း ဖြန့်ဝေပေးဖို့ ၀န်မလေးတတ်ကြ။ တမင်သက်သက်ပင် လိုက်လံ ဖြန့်ဝေပေးလိုက် သေး၏။
မြန်မာများကမူ သည်လိုနည်းလမ်းကောင်းများ ရလာလျှင် သူများတွေ သိသွားမှာ စိုး၍ အတတ်နိုင်ဆုံး လျှို့ဝှက်ထားတတ်ကြ၏။ သူများတွေ ကိုယ့်လို ချမ်းသာလာကြမှာ ကို မလိုလားသည့် စိတ်ပေတည်း။
မြန်မာပြည်မှာ နေကြသူအချင်းချင်း နိုင်ငံခြားရောက် မြန်မာအချင်းချင်းအပြင် နိုင်ငံခြားသားများ အပေါ်မှာပါ မနာလိုစိတ် ထားလိုက်တ်ကြသေး၏။
ထိုစိတ်ဓာတ်သည် လူဝတ်ကြောင် များထံမှ သာသနာ့ဝန်ထမ်း ရှင် ရဟန်းများ ထံသို့ပါ ကူးစက်၍ အရှိန်ဟပ် သည်ကိုလည်း အံ့သြဘွယ်တွေ့ကြရသည်။
လူဝန်ကြောင် ဒကာ ဒကာမများအား တရားပြ၍ ဆုံးမသွန်သင်ပေးရမည့် ရှင် ရဟန်းများကိုယ်တိုင် ( ကိုယ်နှင့် တန်းတူဖြစ်သွားမှာကို မလိုလားသည့် စိတ် အပါ အ၀င်) ကိုယ့်ထက်သာ မနာလိုစိတ်များနှင့်( ကိုယ့် ဒကာ ဒကာမ တခြားရဟန်းတော် များကို ကြည်ညိုသွားမှာ စိုးရိမ်သည့် စိတ် အပါအ၀င်) နှမြောတွန့်တို စိတ်များ ဖြစ်နေ သည့်အခါ လွန်စွာ စိတ်ပျက်စရာ ကောင်းလှတော့သည်။
ထိုစိတ်ဓာတ်မျိုးသည် ဖုံးဖိ၍ မရလောက်အောင် သိသာ ပေါ်လွင်နေတတ်သည့် အတွက် အကြောင်းသိ နိုင်ငံခြားသားများက ´ မနာလိုစိတ် များသည့် လူမျိုး´ဟု သာ မက ´ ဒီ စိတ်ထားမျိုးတွေကြောင့် သူတို့တိုင်းပြည် ဆင်းရဲနေရတာ´ဟု ပါ မှတ်ချက်ချ ခဲ့ကြပေသည်။
ဤမျှလောက် မနာလို ၀န်တိုစိတ်များပြား ကြသူများထဲတွင် ကန်ဦး ဇေတ၀န် ဆရာတော်ဘုရားကာ ထူးထူး ခြားခြား မနာလို ၀န်တိုစိတ် နည်းပါးအောင် ထိန်းသိမ်းနိုင် စွမ်း ရှိတော်မူပေသည်။
မိမိတို့နှင့် ရင်းရင်းနှီးနှီး ပေါင်းသင်းလာခဲ့သည်မှာ နှစ်ပေါင်းကြာလှပေပြီ၊ ဤမျှ ကြာမြင့်သည့် နှစ်များအတွင်း ဆရာတော်ဘုရားထံ၌ သူတစ်ပါး ကြီးပွား ချမ်းသာတာကို မနာလိုသည့်စိတ်၊ နှမြော တွန့်တိုသည့်စိတ်မျိုးကို အရိပ်အယောင်မျှပင် မတွေ့ခဲ့ကြရ။
ရှင် ရဟန်း အချင်းချင်းအပေါ်မှာရော လူဝတ်ကြောင်ပုဂ္ဂိုလ်များအပေါ်မှာပါ မနာလို ၀န်တို စိတ် အထူးကင်း ရှင်းတော် မူသည်။
ကြည်ညို လေးစားဖွယ် ကောင်းလှပါဘိ။ မြန်မာနိုင်ငံသူ နိုင်ငံသားတိုင်း မနာလို ၀န်တိုစိတ်များကို ပယ်ရှား နိုင်ကြလျှင် ဘယ်လောက် ကောင်းမလဲ၊ ဒီလိုဆိုရင် တို့တိုင်း ပြည်ကြီးဟာ မကြာခင် ချမ်းသာကြွယ်ဝလာမှာပဲ´ ဟု အကြိမ်ကြိမ် အခါခါ တွေးမိခဲ့မိ ပါသည်။
ဒီလို စိတ်ဆိုး စိတ်ယုတ်များကို အမြန်ဆုံး ပယ်ရှားနိုင်ကြပါစေ ဟုလည်း အကြိမ် ကြိမ် အခါခါပင် ဆုတောင်း ပတ္ထနာ ပြုခဲ့မိပါသည်။
ယခုလည်း ထပ်မံ၍ ဆုတောင်းရပါဦးမည်း။ "နိုင်ငံသူ နိုင်ငံသားအားလုံး အတုယူသင့်သည် ပုဂ္ဂိုလ်များကို အတူယူကာ ( ကိုယ်ထက်သာလျှင် မုဒိတာဝင် ၊ မ၀င် ဣဿာ ယိုင်တတ်တယ်၊ ယိုင်မည့်အစား မုဒိတာပွား စိတ်ထားပြုပြင်ပြောင်းပါ့မယ် ဟူသော တရားသဘောအတိုင်း) မနာလိုခြင်း ၀န်တိုခြင်း ဆိုသော စိတ်ဆိုး စိတ်ယုတ်များနေရာ၌ သူတစ်ပါး ကြီးပွားချမ်းသာတာကို ၀မ်းသာသော မုဒိတာစိတ်များဖြင့် အစားထိုး ပြောင်းလဲကာ ဣဿာ မစ္ဆရိယ တရားဆိုးများကို ပယ်ရှားနိုင်ကြပါစေ၊ ပယ်ရှားနိုင်ကြသဖြင့် မိမိတို့ လိုလားသည့် ချမ်းသာ သုခများကို အပြည့်အ၀ ရရှိနိုင်ကြ ပါစေ၊ ရှေ့ဆောင် လမ်းပြဖြစ်တော်မူသည့် ဆရာတော် ဘုရာများလည်း သက်ရှည် ကျန်းမာ ချမ်းသာစွာဖြင့် သာသနာပြုတော်မူနိုင်ပါစေသတည်း။
ရွှေရတုတိပိဋကဓရ မော်ကျွန်းဆရာတော် ဘဒ္ဒ န္တသီလက္ခန္ဓာဘိဝံသ
ကျေးဇူးကြီးမား သော ကန်ဦးဆရာတော်ဘုရားအား ဂုဏ်ပြုပူဇော်သောအားဖြင့် ကန်ဦးဇေ၀တန် ရွှေရတုမှ ပြန်လည်တင်ပြအပ်ပါသည်။

0 comments:
Post a Comment